လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာသားတစ်ဦးသည် ယနေ့ စက်တင်ဘာလ ၂၅ ရက် နေလယ်ပိုင်းက နေအိမ်တွင် ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။
ပစ်သတ်ခံထားရသူမှာ အသက် ၄၇ နှစ်အရွယ် ဦးနိုင်ဦးဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်ရှိ သစ်အရောင်းဆိုင်တွင် ပင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သေနတ်ဒဏ်ရာနဲ့ပါပဲ။ သစ်ဝယ်သူလာမှပဲ သေနေတယ်ဆိုတာသိရတယ်” ဟု ၎င်းက ပြောဆိုသည်။
ဦးနိုင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။
ဦးနိုင်ဦးတွင် ဇနီးဖြစ်သူနှင့် အသက် ၂၀ ကျော်အရွယ် သမီးနှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။
ဦးနိုင်ဦး၏ ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။