မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် မိုင်းဆွဲခံရပြီးနောက် လမ်းသွားလမ်းလာ ခရီးသည်များအား အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားအနီး ပြည်ထောင်စုလမ်းပေါ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းနောက် စက်တင်ဘာလ ၂၄ ရက်တွင်လည်း မြိတ်မြို့နယ်၊ တုံးဗျောလသာကျေးရွာအနီး ပြည်ထောင်စုလမ်း ပေါ်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“တုံးဗျောမှာဖြစ်ပြီး မနေ့ကရော ဒီနေ့ထိ ကြေးနန်းတိုင်တံတားမှာ လူတွေကို တအားစစ်ဆေးနေတယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်စီးလာသည့် အမျိုးသားများအား အဓိက စစ်ဆေးနေခြင်းဖြစ်ပြီး ခရီးသည်ကားများကိုမူ အစစ်အဆေး နည်းကြောင်း ခရီးသည်ယာဉ်မောင်းအချို့က ပြောဆိုသည်။
“အဓိကကတော့ ဆိုင်ကယ်တွေမှာ ဟိုရှာဒီရှာ လုပ်တယ်။ ဘယ်ရွာမှာနေတယ်၊ ဘယ်သွားမယ် အဲဒီလိုတွေ မေးတယ်။ အရင်ကအဲဒီလို တင်းတင်းကျပ်ကျပ် စစ်တာမတွေ့ရဘူး” ဟု ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြည်ထောင်စုလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်နှင့် ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။
စက်တင်ဘာလ ၂၄ရက်က မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က မော်တုန်းကျေးရွာဖက်သို့ လက်နက်ကြီး အချက်ရေ တစ်ဆယ်ကျော် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် စက်တင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီကလည်း တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့်လည်း မိနစ် ၃၀ ကြာတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ ၊တပ်ခွဲ (၁) နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။