BREAKING
April 23, 2025

မြိတ်တွင် အုတ်ဈေး နှစ်ဆတက်

September 25, 2023

မြိတ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသုံးပြုကြသည့် အုတ်ဈေး နှစ်ဆမြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အုတ်အချပ်တစ်ထောင်လျှင် တစ်သိန်းကျပ် ဈေးရှိရာမှ ယခုနှစ်တွင် နှစ်သိန်းကျပ်ဖြစ်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လအတွင်းက အုတ်အချပ်ရေတစ်ထောင်လျှင် ရှစ်သောင်းငါး‌ထောင်ကျပ်မှ နှစ်ကုန်ပိုင်းတွင် တစ်သိန်းအထိဖြစ်လာခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယင်းနောက် ယခုနှစ်အစမှစပြီး အုတ်အချပ်ရေ တစ်ထောင်လျှင် တစ်သိန်းရှစ်သောင်းကျပ်မှ ဩဂုတ်လမှစပြီး နှစ်သိန်းကျပ်အထိ မြင့်တက်လာကြောင်း ၎င်းက ပြောဆိုသည်။

ပန်းရန်ဆရာတစ်ဦးကလည်း “‌အုတ်ဈေးတွေက တဖြေးဖြေးနဲ့တက်လာတဲ့ အနေအထားပါ” ဟု ပြောသည်။

မြေတူးခ အပါအဝင် လောင်စာထင်းစရိတ်များ ကြီးမြင့်လာသည့်အတွက် အုတ်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုသည်။

“အုတ်လုပ်ငန်းမှာ အဓိက ဈေးတက်နေတာက ထင်းဈေးပဲ။ ထင်းဈေးတွေ အရင်ထက် ပိုပေးဝယ်နေလို့ အုတ်ပြန် ရောင်းတော့ ဈေးတင်ပြီးပြန်ရောင်းရတာပေါ့” ဟု အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အုတ်ဖုတ်သည့် သုံးတန်ပါထင်း တစ်ကားလျှင် ပြီးခဲ့သည့်နှစ်က တစ်သိန်းနှစ်သောင်းကျော် ဈေးရှိရာမှ ယခုနှစ်တွင် တစ်သိန်းခုနှစ်သောင်းမှ နှစ်သိန်းနီးပါးအထိ ပေးဝယ်နေရကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူက ပြောပြသည်။

အုတ်ဖုတ်လုပ်ငန်းအတွက် ရော်ဘာအပင် အိုဟောင်းတို့အား အများဆုံးအသုံးပြုကြပြီး ဒီရေတောထင်းအချို့ကိုလည်း အသုံးပြုကြောင်း အုတ်ဖုတ်လုပ်ငန်းအချို့ထံမှ သိရသည်။

အဆိုပါ အုတ်ဈေးနှုန်းတို့သည် အိမ်တိုင်ရာရောက်ပို့ဆောင်သည့် ဈေးနှုန်းများ ဖြစ်သည်။

မြိတ်မြို့အနီးတစ်ဝိုက် ကျေးရွာအချို့တို့တွင် အုတ်ဖုတ်လုပ်ငန်းများ လုပ်ကိုင်လေ့ရှိကြသည်။

အုတ်ဈေးတက်သော်လည်း တိုက်အိမ်ဆောက်လုပ်မှု လျော့ကျသွားခြင်းမရှိဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အုတ်ဈေးတွေ တက်လာပေမယ့် တိုက်ဆောက်တဲ့သူတွေက လျော့မသွားပါဘူး။ ဆောက်ကြလွန်းလို့ အလုပ်ပြတ်တဲ့ အချိန်တောင် မရှိဘူး” ဟု ၎င်းက ဆိုသည်။

အုတ်ဈေးအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲ၊ ကျောက်၊ ဘိ‌လပ်မြေ၊ သံ‌ချောင်းစသည့် ဈေးနှုန်းတို့သည်လည်း ဈေးထက်ဝက်ခန့် မြင့်တက်နေကြာင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။