ကိုဗစ်ကပ်ဘေးက ထားဝယ်ဒေသရဲ့ အသုဘဓလေ့တွေကို ပြောင်းလဲပစ်လိုက်တယ်လို့ ဆိုရမှာပါ။ ကိုဗစ်ရောဂါနဲ့ သေဆုံးကြပေမယ့် ကျန်ရစ်သူမိသားစုတွေမှာတော့ အသုဘနဲ့စပ်ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို ဘာတစ်ခုမှ လုပ်ခွင့်မရကြတော့ပါဘူး။
အရင်ကဆိုရင် လူတစ်ယောက်ဆုံးပါးပြီဆိုတာနဲ့ အလောင်းကိုရေချိုးပေးပြီး ဒေသက သိစင်လို့ ခေါ်တဲ့ ကုတင်တွေ ခြင်ထောင်တွေပြင်ဆင်။ ပြီးရင် အလောင်းကိုတင်ပြီး ရေခဲအုံ အစသဖြင့် လုပ်ရတာတွေက အများကြီး။
နောက်တော့ အလောင်းထည့်တဲ့ အအေးပုံးတွေ ပေါ်လာပြီး ရေခဲတင်စရာမလိုတော့ဘူးပေါ့။
နောက်ပြီး ဧည့်သည်များများ နားခိုလို့ရအောင် အိမ်ရှေ့မှာ တာလပတ်အမိုးဆောက်သူဆောက်ပေါ့။
ထားဝယ်ဒေသမှာက လူတစ်ယောက်သေဆုံးရင် အလောင်းကိုနေအိမ်မှာ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်လောက်အထိ ထားပြီး ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေက အသုဘရှုလေ့ရှိတာကိုး။
အချို့ကလည်း သေဆုံးသူရဲ့ အဝေးရောက်သားသမီးတွေကို စောင့်ပြီးမှ သင်္ဂြိုဟ်လိုတဲ့အတွက် အဲဒီအချိန်ထက်လည်း ပိုထားလေ့ရှိတယ်။
အများစုကတော့ အသုဘအလောင်းကို ၃ ရက် ထားလေ့ရှိပါတယ်။
ရုပ်အလောင်းကိုထားပြီး ဧည့်ခံသည့်အချိန်ဆိုလည်း သေဆုံးသူကောင်းရာဘုံဘဝရောက်ဖို့ရည်စူးပြီး ရဟန်းသံဃာတွေကို အသက်ပျောက်ဆွမ်း၊ သပိတ်တစ်လုံးဆွမ်း အစသဖြင့် ကပ်လှူပြီး ကုသိုလ်ကောင်းမှုတွေ လုပ်လေ့ရှိတာပါ။
အဲလိုအချိန်ဆို အိမ်နီးချင်းတွေ၊ ဆွေမျိုးသားချင်းတွေက အသုဘရှုလာကြရင်း ဟိုမေး ဒီမေးနဲ့ စည်ကားလို့ပေါ့။
အခုတော့ အရင်ခေတ်က အသုဘအခင်းအကျင်းနဲ့ လုံးလုံးမှမတူတော့ဘဲ ဘာမှမဖြစ်သလို တိတ်ဆိတ်ခြောက်ကပ်လို့။
ထားဝယ်မှာ ဆိုရင် လူတစ်ယောက် ကိုဗစ်နဲ့သေဆုံးပြီဆိုတာနဲ့ သက်ဆိုင်ရာ ရပ်ကွက်နာရေး ဒါမှဟုတ် ဇမ္ဗူသီရိအဖွဲ့ကို အကြောင်းကြားလိုက်တာနဲ့ PPE ဝတ်စုံဝတ် နာရေးအဖွဲ့သားတွေ ရောက်လာတော့တာပါပဲ။
အဲဒီနောက်မှာတော့ နိဗ္ဗာန်ယာဉ်ထဲက အလောင်းထမ်းစင်တစ်ခုနဲ့ အလောင်းထည့်တဲ့ မိုးကာစနဲ့ ချုပ်ထားတဲ့ အိတ်တစ်လုံးယူပြီး အိမ်ပေါ်တက်သွားကြကာ အလောင်းကိုဆေးဖျန်းပြီးတာနဲ့ မိုးကာအိတ်ထဲထည့် ကားပေါ်တင်သွားကြတာပါ။
အဲဒီနောက်မှာတော့ အလောင်းကို ဆေးရုံမှာရှိတဲ့ သေတိုက်လို့ ဒေသအခေါ် ရင်ခွဲရုံထဲထည့်ပြီး နာရေးအဖွဲ့သားတွေ ပြန်သွားကြပါတယ်။
ဆေးရုံထဲ ရင်ခွဲရုံက အလောင်းတွေကို ညနေ ၃ နာရီလောက်မှာ သုဿန်ကိုသယ်ပြီး မီးသင်္ဂြိုဟ်ကြပါတယ်။
အလောင်းမီးသင်္ဂြိုဟ်တာကို လိုက်ကြည့်မယ်ဆို မိသားစုဝင်အိမ်သားတွေပဲ လိုက်ကြဖို့ ရပ်ကွက်နာရေးအချို့က မေတ္တာရပ်ခံကြပါတယ်။
ကိုဗစ်က သေဆုံးခြင်း အသုဘအခမ်းအနားတွေမှာ ယုံကြည်မှုဘာသာတရားအရ ကောင်းမှုကုသိုလ်လုပ်တဲ့ အစဉ်အလာတွေကိုလည်း ပြောင်းလဲပစ်လိုက်တယ်လို့ ဆိုရမှာပါ။
အရင်ကဆိုရင် အသုဘရုပ်အလောင်းသင်္ဂြိုဟ်တဲ့ရက်မှာ ဓလေ့ထုံးတမ်းတွေအရ သံဃာတွေပင့်ဖိတ်ပြီး သရဏဂုံတင်၊ ဆွမ်းကျွေးအမျှတမ်းဝေတာတွေ လုပ်ဆောင်ကြပေမယ့် အခုတော့ PPE ဝတ်၊ ပိုးသတ်ဆေးဖျန်းတာတွေနဲ့ ပြောင်းလဲကုန်တယ်။
သေဆုံးပြီး ၇ ရက်မြောက်နေ့ဆိုလည်း ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီးး ရက်လည်ဆွမ်းကျွေးသလို အသိမိတ်ဆွေတွေကိုလည်း မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး အစသဖြင့် ကျန်ရစ်သူမိသားစု စိတ်တိုင်းကျ ကျွေးမွေးအလှူပေးလေ့ရှိတာပါ။
အခုတော့ ဘုန်းကြီးကျောင်းကိုသွားပြီး ဆိုင်ကဝယ်လာတဲ့ ဆွမ်းနဲ့ ဟင်းတွေကိုကပ်လှူ၊ အမျှေ၀ ရေစက်ချပေါ့။
ဒါပေမယ့် ကိုဗစ်ကြောင့် အသုဘဓလေ့မှာ ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုတော့ ရှိတယ်လို့ ဆိုရမှာပါ။
အသုဘအိမ်အဖြစ် ၇ ရက်သတ်မှတ်ထားတဲ့အချိန်မှာ ဒေသဓလေ့အရ လောင်းကစားဆန်တဲ့ ဖဲဝိုင်းတွေ၊ လေးပြားဝိုင်းတွေ မရှိတော့တာပါပဲ။
အရင်ကဆိုရင် အသုဘအိမ်ဖြစ်တာကို အကြောင်းပြုပြီး ဖဲဝိုင်းမှာ ကလေးလူကြီးမရွေး ငွေကြေးပမာဏ ရာဂဏန်းကနေ သိန်းချီတဲ့အထိ အနိုင်အရှုံးဖြစ်ကြတာက ရိုးရာတစ်ခုလိုဖြစ်နေတာပါ။
ဆိုးရွားပြင်းထန်လှတဲ့ ကိုဗစ်ကပ်ဘေးက ရှေးအစဉ်အဆက် လုပ်ဆောင်လာခဲ့တဲ့ သင်္ဂြိုဟ်တဲ့ ဓလေ့ထုံးတမ်းတွေလည်း ပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။
သုဿန်မှာ မီးသင်္ဂြိုဟ်တဲ့အချိန်ဆို အရင်ကဓလေ့တစ်ခုလို လုပ်ဆောင်ခဲ့တဲ့ သင်္ဂြိုဟ်ခါနီး သရဏဂုံတင်တာ၊ အရိုးကောက်တာ၊ အလောင်းကို ခေါင်းတလားနဲ့ထည့်ပြီး သင်္ဂြိုဟ်တာ စတဲ့ အချက် ၄ ချက်ကို ပြောင်းလဲကန့်သတ်လိုက်ရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ နာရေးကူညီမှု(ထားဝယ်)က အတွင်းရေးမှူးက ရှင်းပြပါတယ်။
အရင်ကဆိုရင် နေအိမ်မှာ သရဏဂုံတင်သူတွေရှိသလို သုဿန်ရောက်မှ တင်သူတွေလည်း ရှိကြပါတယ်။
ကိုဗစ်ကပ်ဘေးအစက သုဿန်မှာ သရဏဂုံတင်လိုသူတွေအတွက် အလောင်းကိုနိဗ္ဗာန်ယာဉ်ပေါ်မှာပင် တင်ထားပြီး ဘုန်းကြီးတွေနဲ့ သရဏဂုံတင်တာမျိုး လက်ခံခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကိုဗစ်ကပ်ဘေး ကူးစက်မှုပြင်းထန်လာတဲ့အချိန်မှာတော့ ကိုဗစ်နဲ့ သေဆုံးတဲ့အလောင်းများလာချိန်မှာတော့ ဒီဟာကိုလည်း ကန့်သတ်လိုက်ရတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် မီးသင်္ဂြိုဟ်ရာမှာလည်း အရင်က မီးသင်္ဂြိုဟ်စက်တစ်လုံးမှာ အရင်က ၂ လောင်းလောက်ပဲ တပြိုင်တည်း ထည့်ပြီးသင်္ဂြိုဟ်ရာကနေ အခုချိန်မှာတော့ ကိုဗစ်ကြောင့် ၆ လောင်းအထိ ထည့်သွင်းသင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခေါင်းထဲထည့်ပြီး သင်္ဂြိုဟ်တာတွေ၊ အရိုးကောက်တာတွေကို ကန့်သတ်လိုက်ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့်မဟုတ်ဘဲ ၉၆ ပါးရောဂါနဲ့ သေဆုံးရသူတွေလည်း နေ့ချင်းပြီး သင်္ဂြိုဟ်တဲ့ အခင်းအကျင်းဖြစ်လာပါတယ်။
၉၆ ပါးရောဂါနဲ့ သေဆုံးသူတွေအတွက်ကတော့ အသုဘပို့တဲ့လူအရေအတွက်ကို တတ်နိုင်သမျှလျော့ချဖို့ ရပ်ကွက်နာရေး အဖွဲ့တွေနဲ့ ညှိနှိုင်းထားတယ်လို့ ထားဝယ်နာရေး အတွင်းရေးမှူးက ဆိုပါတယ်။
“ပြောင်းလဲလာတဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့ ရောဂါကင်းအောင် ရောဂါလျော့ကျလာအောင် အချို့ဓလေ့တွေကို မေတ္တာရပ်ခံပြောပြပြီး ဖယ်ပြီးတော့ ပြောင်းလဲမှုတွေ ရှိတာပေါ့ဗျား” ဟု ထားဝယ်နာရေးကူညီမှုရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
ဒါကြောင့်မို့ လူတစ်ယောက်သင်္ဂြိုဟ်ရင် အသုဘပို့တဲ့ကားငယ် ၃ စီးထက်မပိုတဲ့ အခင်းအကျင်းတွေ ဖြစ်လာတယ်လို့ ဆိုရမှာပါ။
လက်ရှိအသုဘအခင်းအကျင်းတွေက ကိုဗစ်ကပ်ဘေးကြောင့် အသုဘအိမ်ဆိုတဲ့အငွေ့အသက်ကို ပြောင်းလဲကုန်တယ်လို့ပဲ ဆိုရမှာပါ။
အဲဒီလို ပြောင်းလဲတာကလည်း ကိုဗစ်ကပ်ဘေး ပထမလှိုင်းကနေ တတိယလှိုင်းအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဘယ်အချိန်ထိ ဆက်ရှိနေမယ်ဆိုတာကတော့ ကိုဗစ်ကပ်ဘေးအပေါ်မှာပဲ မူတည်တယ်လို့ ပြောရမှာပါ ဖြစ်ကြောင်းပါ။
ဟိန်းနောင် | Dawei Watch