BREAKING
January 15, 2025

မြိတ်တွင် စိတ်ကြွရူးသွပ်ဆေး ‌ကျပ်သိန်း ၁၂၀၀ကျော်ဖိုးဖမ်းမိ

August 25, 2024

ဓာတ်ပုံ - CCDAC MYANMAR

မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၂၆၀ဖိုး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ၏ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန် သည်။

မြိတ်မြို့နယ် ဆင်ဝင်းကျေးရွာအနီး ဩဂုတ်လ ၂၂ ရက် ညနေ ၄နာရီခန့်တွင် သတင်းအရ အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်ကို မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင် ဖမ်းမိကြောင်း ဖော်ပြသည်။

ဆိုင်ကယ်ကို ဦးသက်နိုင်ဦး (ခေါ်) ဦးတင့်နိုင်ဦး မောင်းနှင်လာကာ ဦးကြည်လွင် (ခေါ်) ဦးငွေဆန်းလိုက်ပါလာပြီး ၎င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ ယင်းနေ့ ညနေ ၅နာရီခွဲတွင်လည်း နောက်ထပ်အမျိုးသားနှစ်ဦးကို မူးယစ်ဆေးများဖြင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆိုင်ကယ်စီးလာသည့် ဦးသက်ဝေနှင့် ဦးထွန်းဝင်း (ခေါ်) ဦးကြောင်ကြီးတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်း ထပ်မံဖမ်းမိကြောင်း ဆိုသည်။

အထက်ပါ အမျိုးသားလေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကိုလည်းဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီလကစပြီး ထားဝယ်နှင့် ကော့သောင်းခရိုင်တို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု လေးမှုအထိရှိသည်ကို Dawei Watch ၏ သတင်းမှတ်တမ်းများအရသိရသည်။