BREAKING
January 15, 2025

တယ်လီဂရမ်တည်ထောင်သူ ပြင်သစ်တွင် ဖမ်းဆီးခံရ

August 25, 2024

မြန်မာနိုင်ငံတွင် လူသုံးများသော ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ် (Telegram) တည်ထောင်သူ Pavel Durov ကို ပြင်သစ်လေဆိပ်တွင် စနေနေ့ ညပိုင်းတွင် ဖမ်းဝရမ်းထုတ်ဖမ်းဆီးလိုက်သည်။

ဘီလီယံနာသူဌေးကြီးဖြစ်သည့် တယ်လီဂရမ်အက်ပလီကေးရှင်းတည်ထောင်သူ Pavel Durov သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နိုင်ငံခြားခရီးသွားနေစဉ် ပြင်သစ်မြို့တော် ပဲရစ်မြို့အပြင်ဘက်ရှိ Bourget လေဆိပ်တွင် ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြင်သစ်မီဒီယာများဖြစ်သော TF1 နှင့် BFM တို့၏ အဆိုအရ တယ်ရီဂရမ်မှ တစ်ဆင့် ရာဇဝတ်မှု ကျူးလွန်ခြင်း တို့အပေါ် ထိန်းချုပ်ခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့က ထိုသို့ ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ လော်ဘီများသည် လူထုကို ခြိမ်းခြောက်ခြင်း၊ ဗုံးကြဲရန် လှုံ့ဆော်ခြင်းတို့ကို တယ်လီဂရမ်ချန်နယ်မှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုသို့ လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် တယ်လီဂရမ်ကို တိုင်ကြား အရေးဆိုမှုများရှိသော်လည်း ပြန်လည် တုံ့ပြန်ခြင်း မရှိသဖြင့် များစွာ ဝေဖန်ခံနေရသည်။

ပြင်သစ်နှင့် UAE နှစ်နိုင်ငံသား ခံယူထားသော Pavel Durov သည် အဇာဘိုင်ဂျန်နိုင်ငံမှ လာရောက်စဉ် ဒေသစံတော်ချိန် ည ၈ နာရီအချိန်ခန့်က ဖမ်းဆီးခံရခြင်းဖြစ်သည်။

သူသည် ရုရှားနိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး UAE နိုင်ငံ ဒူဘိုင်းတွင် နေထိုင်သည်။

Pavel Durov အဖမ်းခံရသည့်ဖြစ်စဉ်နှင့် ပက်သက်၍ တယ်လီဂရမ်ဘက်က မည်သည့်မှတ်ချက်မျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တယ်လီဂရမ်ချန်နယ်ကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သုံးစွဲသူပေါင်း သန်း ၉၀၀ ခန့် ရှိသည်။

Ref: The Guardian