BREAKING
September 16, 2024

တော်လှန်ရေး၊ စစ်အာဏာရှင်နှင့် အခွန်ဝိရောဓိ

August 25, 2024

အာဏာသိမ်းချိန်မှစကာ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အခက်တွေ့အောင် လုပ်ဆောင်နေသည့် စစ်အာဏာရှင်ကို လက်မခံသည့် လူထုလူတန်းစား အများအပြားက တော်လှန်ရေးအောင်မြင်ရန် နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးနေကြသည်။

အောင်မြင်မှုများ ရရှိနေသည့် စစ်အာဏာရှင် တော်လှန်ရေးခရီးတွင် ကျေးလက်နေပြည်သူများနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ ပံ့ပိုးအားမှာ အထူးအရေးပါလှကြောင်း တော်လှန်ရေးခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက အသိအမှတ်ပြုပြောဆိုရသည်အထိပင်။

တနင်္သာရီတိုင်းက ထောက်ပို့အဖွဲ့များကလည်း ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ ပံ့ပိုးမှုဖြင့် ထောက်ပံ့ရေး လုပ်ငန်းအများအပြားကို လုပ်ဆောင်နေရဟုဆိုသည်။

သို့သော် ယခုရက်ပိုင်းတွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးအတွက် နည်းမျိုးစုံ အသုံးပြုလာရာတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ အခွန်ကောက်ခံရေးကလည်း တစ်ခုအပါအဝင်ဖြစ်သည်။

စစ်ကောင်စီက ရွှေ့ပြောင်းလုပ်သားများထံမှ အခွန်တိုးမြှင့်ရရှိရေး လုပ်ဆောင်လာမှုအပေါ် တော်လှန်ရေး အင်အားစုအချို့ကလည်း စိတ်ပူပန်မှုများရှိနေပြီး စစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေ စီးဆင်းမှု ဟန့်တားနိုင်ရန် အခွန်မဆောင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာကြသည်။

သို့သော် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် မြန်မာနိုင်ငံသားများမှာ အထောက်အထားရရှိရေးအတွက် စစ်ကောင်စီကို ဖယ်ခွာမရသည့် အခြေအနေတွင် ရှိနေသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးအောင်မြင်ရန် စိတ်အား၊လူအား၊ငွေအားဖြင့် ပံ့ပိုးနေကြသည့် ရွှေ့ပြောင်းလုပ်သားများမှာ စစ်အာဏာရှင်ကို အခွန်မဆောင်၍ မရသည့် အခြေအနေတွင် ကျရောက်နေရသည်။

မြေပြင်တွင် ကြုံနေရသည့်အခက်အခဲများကို မသိဘဲ အခွန်ဆောင်သူဆိုပါက အဆင့်နိမ့်နိုင်ငံသားအဖြစ် သတ်မှတ်ရမည် ဆိုသော အယူအဆအပေါ် စိတ်မကောင်းဖြစ်ကြရသူများလည်း ရှိနေသည်။

ယင်းကြောင့် အခွန်ဆောင်ခြင်း၊ မဆောင်ခြင်း ဝိရောဓိကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် အကူအညီပေးနေသည့် အဖွဲ့များကို တွေ့ဆုံမေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်တွင် ဖော်ပြလိုက်ပါသည်။

“ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေက ကြားထဲမှာ နေနေရတာ ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်း ကြောက်ရ”

ထိုင်းတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသူတစ်ဦး

DW ။ စစ်ကောင်စီက ရွှေ့ပြောင်းအလုပ်သမားတွေမှာ အခွန်ကောက်နေတာရှိတယ်ပေါ့နော်။ ဒီတော့ အကိုအနေနဲ့ အခွန်ဆောင်ခဲ့ရတာရှိလား။

ဖြေ ။ အဲလို ကိုယ်တိုင် အခွန်သွားဆောင်ခဲ့တာမျိုးတော့ မရှိဘူး။ ပွဲစားနဲ့ သက်တမ်းသွားတိုးထားတုန်းကတော့ အခွန်ဆောင်ပြီးကြောင်း စာရွက်လေး နှစ်ရွက်တော့ ပြန်ပေးခဲ့တယ်ပေါ့နော်။

DW ။ ဘယ်အချိန်တုန်းက အခွန်ဆောင်ခဲ့ရလဲ။ ဘယ်လောက် ဆောင်ခဲ့ရလဲ။

ဖြေ ။ ကျွန်တော်၇ လပိုင်းတုန်းက နယ်စပ်ကိုသွားပြီး သက်တမ်းပြန်တိုးခဲ့ရတယ် (U-Turn လုပ်ငန်းစဉ်) ။ အဲတုန်းက ကျွန်တော်တို့က ပွဲစားကို တစ်ခါတည်း အပ်လိုက်တယ်ဆိုတော့ အခွန်ဆောင်ခဲ့လား မဆောင်ခဲ့လားတောင် သေချာမသိပါဘူး။ ပြန်တဲ့အချိန်ကျွန်မှ အခွန်ပြေစာလေးတွေ ပြန်ပေးလိုက်တယ်။ နှစ်ရွက်။ ပထမအရွက်မှာက အခွန် ၆ လစာ အောက်တိုဘာကနေ မတ်လအထိ တစ်လ ၁၅၀ နှုန်းနဲ့ ၉၀၀ ဘတ်ပေါ့နော်။ နောက်တစ်ရွက်မှာက ဧပြီလနဲ့ မေလ နှစ်လစာ ၃၀၀ ဘတ်လို့တော့ ရေးထားတာတွေ့တယ်ဆိုတော့ အခွန် ၈ လစာ ဆောင်ခဲ့ရတာပေါ့။

DW ။ အခွန်မဆောင်ရင် ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ ။ ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် အခွန်သာမဆောင်ခဲ့ဘူးဆိုရင် နည်းနည်းတော့ ပြဿနာရှာမယ်လို့ ထင်တယ်။ သက်တမ်းပြန်တိုးတာဆိုတော့ ထိုင်းကို ပြန်မသွားခိုင်းဘူးတို့ သက်တိုးမတိုးပေးတော့ဘူးတို့ လာမလားပေါ့။ ပြောရမယ်ဆိုရင် ကျွန်တော်တို့က MoU ဆိုတော့ တရားဝင်အလုပ်သမားဖြစ်နေတော့ သူတို့ ချည်ပြီး တုပ်ပြီးပေါ့ဗျာ။ သူတို့မလုပ်ပေးရင် ဘာမှမလုပ်နိုင်ဘူး။ ပြန်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ်လည်း မဝင်နိုင်ဘူး။ စက်ရုံဘက်ကလည်း လက်မခံဘူး။ အဲလို သဘောတွေတော့ ရှိတယ်။

DW ။ တော်လှန်ရေးဘက်က အခွန်မဆောင်ဖို့ တိုက်တွန်းနေတာမျိုး ရှိတယ်ဆိုတော့ နောက်ပိုင်းအခွန်ဆောင်ရဖို့ ရှိလာရင် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ကျွန်တော်တို့ကတော့ အများသဘောအရ လုပ်ရမှာပဲပေါ့နော်။ ကျွန်တော်တို့က ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ ဘဝမျိုးဖြစ်နေတယ်။ ဘယ်သူ့မှတော့ စစ်ကောင်စီကို မကြိုက်ကြဘူးလေနော်။ ကြိုက်တဲ့သူလည်းရှိမယ်။ လက်တစ်ဆုပ်စာပေါ့။ အဲအချိန် ကိုယ်တွေမပေးဘူးဆိုရင်လည်း ဘယ်လို အနှောက်အယှက်မျိုး ကြုံလာမလဲပေါ့။ ဒီမှာဆက်နေလို့မရလို့ မြန်မာပြည်ပြန်ရင်လည်း ရှေ့ဆက်ကောင်းကောင်း နေလို့မရ။ တော်လှန်ရေးအဖွဲ့ထဲ ဝင်တာမျိုးတော့ ငယ်ရွယ်တဲ့ ကလေးတွေ ဝင်ချင်လည်း ဝင်မှာပေါ့။ နည်းနည်း အသက်ကြီးပိုင်းတွေကျတော့ ကြောက်ကြတာမျိုးတွေရှိတယ်လေ။ ကျွန်တော်တို့ စက်ရုံမှာ တစ်ချို့အလုပ်သမားတွေကျတော့ မပေးချင်ကြဘူး။ တစ်ချို့ကျတော့လည်း နိုင်ငံရေးကို မိသားစုအရေးလောက် စိတ်မဝင်စားတဲ့သူတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိနေတယ်။ ကျွန်တော်တို့စက်ရုံထဲမှာ လူ ၄၀၀ လောက်ရှိတာ လူ ၃၀၀ လောက်က ဒီနိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ ဒါပေမယ့် စိတ်မဝင်စားလို့ စစ်ကောင်စီကို ထောက်ခံလားဆိုတော့ မဟုတ်နေဘူးနော်။ အဲဒီထဲ ထောက်ခံတဲ့သူ အနည်းအကျဉ်းတော့ ရှိမှာပေါ့။ မကြိုက်တာက မကြိုက်တာပဲ။ ဒါပေမယ့် တော်လှန်ရေးအတွက် စစ်ဘေးရှောင်တွေအတွက် နေအိမ်မီးရှို့ခံရသူတွေအတွက် အလှူငွေတွေကောက်ခံရင် တစ်ခါ နှစ်ခါ သုံးခါလောက်ဆိုရင် မျက်နှာတွေက သိပ်မကြည်ချင်ကြတော့ဘူးဗျ (ဟဲဟဲ)။

DW ။ စစ်ကောင်စီကို အခွန်ဆောင်ရင် အဆင့်နိမ့်ပြည်သူလို့ သတ်မှတ်မယ်ဆိုပြီး ပြောဆိုထားတာတွေရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ အဲဒါက ကျွန်တော်အမြင်အရ ပြောရရင် သူတို့ကိုယ်တိုင်ကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ဥပမာပေါ့ဗျာ ကျွန်တော်တို့အနေနဲ့ အခွန်သာမဆောင်ခဲ့လို့ရှိရင် ဖြစ်လာမယ့် ပြဿနာတွေကို သူတို့ ဘယ်လို တာဝန်ယူပေးနိုင်ဆိုတဲ့ ဖြေရှင်းချက်မျိုး မပြောပဲနဲ့ ဒီလိုပြောတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေက ကြားထဲမှာ နေနေရတာ ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်း ကြောက်ရ အဲလိုပုံစံမျိုးလေးတွေဆိုတော့ ကျွန်တော်အမြင်ရဆိုရင် အဆင့်နိမ့်လို့ မသုံးနှုန်းသင့်တဲ့စကားလို့တော့ ထင်တယ်ပေါ့နော်။

DW ။ အခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား။

ဖြေ ။ မရှိတော့ပါဘူးဗျာ။ ကိုယ်တွေက မကြိုက်တာက မကြိုက်တာပဲ။ နိုင်ငံရေးအကြောင်းကို တိတိကျကျ ထဲထဲဝင်ဝင်လည်း မသိပါဘူး။ လူဆိုတာကတော့ ဓမ္မနဲ့ အဓမ္မကိုတော့ သိတယ်လေ။ ဟုတ်တယ်မဟုတ်လား။ ထမင်းစားတဲ့ ကလေးတွေတောင်သိတယ်။

“ကျွန်မတို့က တော်လှန်ရေးမှာ နီးတဲ့နေရာ ရောက်တဲ့နေရာကနေ ပါဝင်နေတာပဲ။ ရပ်တည်နေရတာက ထိုင်းနိုင်ငံမှာကွယ်”

CI စာအုပ်ကိုင်ဆောင်ပြီး အလုပ်လုပ်နေသော ထိုင်းရောက် CDM ဆရာမတစ်ဦး

DW ။ စစ်ကောင်စီက ရွှေ့ပြောင်းအလုပ်သမားတွေမှာ အခွန်ကောက်နေတာရှိတယ်ပေါ့နော်။ ဒီတော့ အစ်မအနေနဲ့ အခွန်ဆောင်ခဲ့ရတာရှိလား။ ရှိရင်ဘယ်အချိန်မှာ အခွန်ဆောင်ခဲ့ရလဲ။ ဘယ်လောက် ဆောင်ခဲ့ရလဲ။

ဖြေ ။ အခွန်ဆောင်တာမျိုးတွေ ကျွန်မတော့ နားမလည်ဘူးရှင်။ ကျွန်မတို့က ပွဲစားနဲ့ သွားလုပ်ထားတယ်ဆိုတော့ ပွဲစားက မြန်မာပြည်ကိုလည်း အခွန်ဆောင်ရမယ်လို့ ပြောတယ်။ ကျွန်မတို့လုပ်တုန်းက ပွဲစားကို တစ်ခါတည်း ၈၀၀၀ ပေးခဲ့ရတယ် (CI) စာအုပ်လုပ်တုန်းက။ အခွန်ဆောင်ရလား မဆောင်ခဲ့ရလား မသိဘူးရှင်။ ကျွန်မတို့ စလုပ်တာကတော့ မတ်လတုန်းကလုပ်ခဲ့တာ။ ပွဲစားပေးတဲ့ စာရွက်မှာတော့ အောက်တိုဘာကနေ ဖေဖော်ဝါရီလအထိ ၅ လစာ ဘတ် ၇၅၀ အခွန်ဆောင်ထားတဲ့ ပြေစာလေးတော့ ပါတယ်။

DW ။ အခွန်မဆောင်ရင် ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ ။ ကျွန်မထင်တာကတော့ ကျွန်မတို့ နေထိုင်ခွင့်တွေ ဆက်မလုပ်ပေးတော့ဘူးပေါ့။ ထိုင်းနဲ့ မြန်မာနဲ့ ဘယ်လိုစဉ်းစားပြီး လုပ်နေကြလဲတော့ ကျွန်မမသိဘူး။ မြန်မာအလုပ်သမားတွေအနေနဲ့ ဒီမှာ အလုပ်တစ်ခုရဖို့ အဓိကကျတယ်လေနော်။ ဒီမှာ အလုပ်လုပ်ဖို့ဆို CI စာအုပ်ရှိဖို့လိုတယ်။ အသွားအလာ အဖမ်းအဆီးမရှိဖို့အတွက်။ တကယ်လို့ အခွန်သွားမဆောင်ဘူးဆိုရင် ကျွန်မတို့ကို (ဘာအထောက်အထားစာအုပ်မှ) မလုပ်ပေးတော့ဘူးလို့ ကြုံလာခဲ့လို့ရှိရင် ကျွန်မတို့အတွက် အဆင်မပြေဘူး။ အဓိက ဒီမှာရှိနေတဲ့ အန္တရာယ်ကို အရင်ကြောက်နေရတာ။ ဒါတွေမလုပ်ပေးတော့ဘူးဆိုရင် ဒီမှာနေဖို့အတွက် ပိုပင်ပန်းလာမယ်လို့ ထင်ပါတယ်။ အခွန်မဆောင်လို့ ပင်ပန်းတာမျိုးတော့မဟုတ်ဘူး။ စာအုပ်တွေ မလုပ်ပေးရင် ပင်ပန်းမယ်လို့ပြောတာ။ အထောက်အထားမပြည့်စုံတော့ဘူးလေနော်။

DW ။ တော်လှန်ရေးဘက်က အခွန်မဆောင်ဖို့ တိုက်တွန်းနေတာမျိုးရှိတယ်ဆိုတော့ နောက်ပိုင်းအခွန်ဆောင်ရဖို့ ရှိလာရင် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ကျွန်မတို့က တော်လှန်ရေးမှာ နီးတဲ့နေရာ ရောက်တဲ့နေရာကနေ ပါဝင်နေတာပဲ။ ရပ်တည်နေရတာက ထိုင်းနိုင်ငံမှာကွယ်။ အခု မဟာချိုင်ဘက်က သတင်းတစ်ခုကြားတယ်။ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ နေထိုင်ခွင့်ပေးဖို့ ဆန္ဒပြတာကို ထိုင်းက လက်မခံတော့ဘဲ ပန်းရောင်ကတ်နဲ့ work permit သက်တမ်းတိုးဖို့ဆိုရင် နယ်စပ်ပြန်သွားပြီး တိုးရမယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားရနေတယ်။ ကျွန်မတို့ပါ ပါတယ်ဆိုတာမျိုး။ အဲလိုဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။ အခုလည်း ကျွန်မတို့ အခွန်မဆောင်နိုင်ပါဘူးလို့ ဆန္ဒပြလိုက်ရင် ကျွန်မတို့ စာအုပ်သက်တမ်းတွေလည်း မတိုးပေးတော့ဘူးဆိုတာမျိုးဖြစ်လာခဲ့ရင် ဘယ်လိုဆက်လုပ်ရမလဲ။ အဆုံးခံရမယ့်အတူတူ ကျွန်မတို့က ဒီထိုင်းမှာနေနေရတာ မြန်မာပြည်လည်း ပြန်လို့မရ။ ဟိုဘက်လှည့်မရ ဒီဘက် နေလို့မရတွေ ဖြစ်ကြမှာပေါ့။ တော်လှန်ရေးသမားတွေတောင် ဒီဘက်မှာ နေနေကြရတာမျိုးတွေ ရှိနေတယ်ဆိုတော့ ဒီကိစ္စကို အတင်းအဓမ္မတိုက်တွန်းလို့ မရဘူးလို့ မြင်တယ်။

DW ။ စစ်ကောင်စီကို အခွန်ဆောင်ရင် အဆင့်နိမ့်ပြည်သူလို့ သတ်မှတ်မယ်ဆိုပြီး ပြောဆိုထားတာတွေရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ဘာပြောချင်လဲဆိုတော့ အဲလိုစာထုတ်တဲ့သူတွေက သူတို့ အဆင်ပြေနေတယ်ဆိုတာထက်ပေါ့နော် သူတို့က နေရာတစ်ခုမှာ နေနေရတာ။ ဒီဘက် (ထိုင်းဘက်) ပြေးလာတဲ့သူတွေက အသက်ရှင်ဖို့အတွက် ရပ်တည်နေရတာ တစ်ခုတည်းအတွက်ပဲရှိတယ်။ ကိုယ်အသက်ရှင်နေထိုင်ဖို့ အလုပ်တစ်ခုလုပ်နေရဖို့ဆိုရင် အထူးသဖြင့် အထောက်အထားမပြည့်စုံရင် ဘယ်သူမှ အလုပ်မခန့်ချင်ကြဘူးလေ။ ကိုယ့်စားဝတ်နေရေး ကိုယ့်အသက်ရှင်ဖို့ အလုပ်က လုပ်မှကို ရတာ။ အလုပ်လုပ်ဖို့အတွက်ဆိုရင် အခွန်ဆောင်သင့်ရင် ဆောင်ရမှာပဲ။ ဒါကို အဆင့်နိမ့်ပြည်သူအနေနဲ့ သတ်မှတ်မယ်ဆိုတာကတော့ လက်မခံနိုင်ဘူး။ အဆင်မပြေဘူးလေနော်။ သူတို့ဟာကြီးက မမိုက်သေးပါဘူး။

DW ။ အခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား။

ဖြေ ။ သူတို့က အဆင့်နိမ့်ပြည်သူလို့သာပြောတာ။ ဒီဘက်ရောက်လာတဲ့သူတွေ ကြိုးစားထားတာ စွန့်လွှတ်ထားတာလည်း တစ်ချက်ကြည့်ကြည့်ပါအုံး။ လူကတော့ ကိုယ့်ထက်စွန့်လွှတ်ထားတဲ့သူတွေ အများကြီးရှိတယ်လို့တော့ ပြောတာပဲ။ ကိုယ့်အတွက်ဆိုရင် ဒီလောက်စွန့်လွှတ်ထားရတာ များနေပြီလေ။ ဘွဲ့တစ်ခုရဖို့ ရင်းနှီးထားရတာ မနည်းဘူး။ ဒါကိုစွန့်လွှတ်ပြီး ဒီဘက်ထွက်ပြေးလာတာ ဒီထက်စွန့်လွှတ်ဖို့ဆို အသက်တစ်ခုပဲရှိပြီ။ အသက်ရှင်ဖို့အတွက် နေထိုင်တာတစ်ခုပဲ ရှိတာကို အဆင့်နိမ့်ပြည်သူလို့ သတ်မှတ်မယ်ဆိုတော့ အဆင်မပြေဘူးလေနော်။ ကျွန်မတို့က နာနာကျင်ကျင်တော့ သူများကို မပြောတတ်ဘူးရှင်။

“အခုတောင် မြန်မာပြည်သွားတဲ့အလုပ်သမားတွေ အိမ်ကို ၂၅ ရာခိုင်နှုန်း ငွေပြန်မလွှဲလို့ဆိုပြီး ပြန်မတက်လာရတဲ့သူတွေ များလာတာမျိုး တွေ့ရတယ်”

အလုပ်သမားအရေး ဆောင်ရွက်နေသော အမည်မဖော်လိုသူတစ်ဦး

DW ။ ထိုင်းရောက်အလုပ်သမားတွေက စစ်ကောင်စီကို ဘယ်အချိန်တွေမှာ အခွန်ဆောင်ရလေ့ရှိလဲ။ အဲဒီအခွန်တွေကို မဆောင်ဘဲ နေလို့ရနိုင်လား။

ဖြေ ။ သူတို့ အခွန်စတောင်းတာက ပြီးခဲ့တဲ့ အောက်တိုဘာလကနေ စတောင်းတာ။ အောက်တိုဘာလကနေ တစ်လကို ဘတ် ၁၅၀ ကောက်မယ်လို့ သူတို့ ထုတ်ပြန်ထားတယ်။ သူတို့တောင်းတဲ့အခွန်ကို ဆောင်သင့် မဆောင်သင့်အနေနဲ့ ပြောလို့တော့ မရဘူး။ သံရုံးနဲ့ပတ်သက်တဲ့ အလုပ်မှန်သမျှကို ဒီအခွန်မဆောင်ဘူးဆိုရင် သူတို့ဘက်က ဘာစာရွက်စာတမ်းမှ မထုတ်ပေးဘူး။ ဥပမာ ထောက်ခံစာ သွားလုပ်မယ်ဆိုပါစို့။ ထောက်ခံစာ သွားလုပ်ရင် အခွန်ဆောင်တဲ့သူကိုမှ လုပ်ပေးတာ အခွန်မဆောင်တဲ့သူကို မလုပ်ပေးဘူး။ နောက် ပတ်စ်ပို့စ်စာအုပ် လျှောက်တဲ့သူတွေကိုလည်း အခွန်ဆောင်တဲ့သူတွေကိုပဲ သူတို့က လုပ်ပေးတော့တယ်။ အခွန်မဆောင်ဘူးဆိုရင် သူတို့လုပ်ငန်းစဉ်ထဲ အကျုံးမဝင်တော့ဘူး။

DW ။ အခွန်မဆောင်ရင် အလုပ်သမားတွေ အနေနဲ့ ဘယ်လို နောက်ဆက်တွဲအခက်အခဲတွေ ကြုံတွေ့နိုင်လဲ။

ဖြေ ။ အခွန်ကိစ္စနဲ့ ပြောရဆိုရရင် ဆင်ဆင်ခြင်ခြင် တော်တော်ပြောယူရတယ်နော်။ ဆောင်စေချင်တဲ့ ဆန္ဒတော့ ကျွန်တော်တို့ မရှိဘူး။ သို့သော်လည်း ထိုင်းမှာရှိတဲ့ အလုပ်သမားထုသည် လက်ရှိသံရုံးနဲ့က လိုအပ်တဲ့စာရွက်စာတမ်းတွေ ဥပမာ ပတ်စ်ပိုစ့်ပျောက်တာကအစ နာမည်လွဲတာ အိမ်ထောင်စုနဲ့ ပတ်စ်ပိုစ့်နဲ့လွဲတာတွေကို သံရုံးထောက်ခံစာကိုပဲ ထိုင်းအစိုးရက လက်ခံတယ်ဆိုတော့ သံရုံးထောက်ခံစာ မဖြစ်မနေလိုတဲ့သူဆိုရင်တော့ အခွန်ဆောင်ရတာပဲ။ တကယ်လို့ ကျွန်တော်တို့က သံရုံးနဲ့ပတ်သက်မှုမရှိဘူးဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်လွတ်ကျွတ်ကျွတ်နေလို့ရတာပေါ့။

DW ။ အလုပ်သမားတွေက ထိုင်းမှာနေထိုင်နေရတာ အခက်အခဲတွေများနေတဲ့အချိန် တော်လှန်ရေးဘက်က လူအချို့က အခွန်မဆောင်ဖို့ ပြောလာတော့ အလုပ်သမားတွေ အခွန်ဆောင်သင့်လား မသင့်ဘူးလား။ ဘယ်လိုထင်လဲ။

ဖြေ ။ ခုနတုန်းက ပြောသလိုပါပဲ။ ကျွန်တော်တို့က အခွန်ဆောင်လိုက်ရင် စစ်ကောင်စီဘက်ကို ပေးသလိုဖြစ်နေတယ်။ သို့သော်လည်း မဆောင်ခဲ့ရင် ဒီဘက်မှာ နောက်ထပ် စာရွက်စာတမ်းသက်တမ်းတိုးတာတွေ ဥပမာ MoU ပြန်သက်တမ်းတိုးမယ်ဆိုရင် အခွန်မဆောင်ဘူးဆိုရင် လုံးဝ ပြန်လုပ်ခွင့်မပေးတော့ဘူး ဆိုတဲ့အခါကျတော့ ဒီအလုပ်သမားတွေအတွက် ခက်ခဲလာတာပေါ့။

DW ။ စစ်ကောင်စီကို အခွန်ဆောင်ရင် အဆင့်နိမ့်ပြည်သူလို့ သတ်မှတ်မယ်ဆိုပြီး ပြောဆိုထားတာတွေရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ဒီသတ်မှတ်ချက်ကတော့ ကျွန်တော့်ရုံးနဲ့တော့မဆိုင်ဘူး ကျွန်တော့်တစ်ဦးတည်း အမြင်အရပြောရမယ်ဆိုရင် ဒီစကားကတော့ မပြောသင့်တဲ့စကားပေါ့နော်။ ကျွန်တော်တို့ ထိုင်းမှာနေတဲ့ အလုပ်သမားတွေကိုကျတော့ NUG ဘက်က ဘာတစ်ခုမှ အကာအကွယ်ပေးထားတာလည်း မရှိသေးဘူးလေ။ NUG ကိုယ်တိုင်ကလည်း ဘာစာရွက်စာတမ်းမှ ထုတ်ပေးလို့ မနိုင်သေးဘူးဆိုတဲ့ နေရာမှာ ဒီဘက်မှာက ကျွန်တော်တို့ဖြစ်သလို ဖြတ်သန်းနေကြရတယ်ဗျ။ တကယ်လို့ မဖြတ်သန်းဘူးဆိုရင် ထိုင်းမှာ နေလို့ မရဘူးလေနော်။ နေလို့မရဘူးဆိုတော့ ကျွန်တော်တို့က ဒီကိစ္စတွေကို ဖြေရှင်းနေရတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုးစကားပြောဆိုလာတဲ့အသံက သိပ်အဆင်မပြေဘူးလို့ပဲ မြင်မိတယ်။ ဘာလို့လဲဆို အလုပ်သမားတွေ ဖြတ်သန်းနေရတာ အလုပ်သမားတွေ အသိဆုံးပဲလေ။ ထိုင်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ မြန်မာပြည်အတွက် ပူးပေါင်းပါဝင်ပေးမှုက ဘယ်လောက်ထိရှိသလဲဆိုတာကို သူတို့မသိလို့ ပြောတဲ့သူကိုယ်တိုင်က ပြန်လေ့လာသင့်တာပေါ့နော်။

DW ။ စစ်ကောင်စီကို အခွန်မဆောင်ဘဲ ထိုင်းမှာနေထိုင်လုပ်ကိုင်လို့ရတဲ့နည်းလမ်းရှိလား။ ဘယ်လိုနည်းလမ်းတွေလဲ။ လက်တွေ့မှာရော အဲလိုနည်းလမ်းတွေ အလုပ်သမားတွေ အဆင်ပြေနိုင်လား။

ဖြေ ။ သူတို့နဲ့ မပတ်သက်ချင်ဘူးဆိုရင် လိုချင်တဲ့ အချက်ကကျတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားထုအကုန်လုံးကို ပန်းရောင်ဘတ်တစ်ချပ်တည်းနဲ နေထိုင်ခွင့်ဆိုတဲ့ဟာကို လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ ပေါ့နော်။ ဒါဆို လုံးဝ သူတို့နဲ့ပတ်သက်စရာ မလိုတော့ဘူး။ တကယ်လို့ မဟုတ်ဘူး ပတ်စ်ပိုစ့်တွေ MoU စနစ်တွေ ဆက်တိုက်ရှိနေဦးမယ်ဆိုရင် ပတ်ကို ပတ်သက်ရမယ်။ မပတ်သက်လို့လည်း မရဘူး။ အခုတောင် မြန်မာပြည်သွားတဲ့အလုပ်သမားတွေ အိမ်ကို ၂၅ ရာခိုင်နှုန်း ငွေပြန်မလွှဲလို့ဆိုပြီး ပြန်မတက်လာရတဲ့သူတွေ များလာတာမျိုး တွေ့ရတယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား။

ဖြေ ။ မရှိတော့ပါဘူး။

“NUG အစိုးရသည် ဒီလိုအခွန်မဆောင်ရအောင် ထိုင်းအစိုးရကို သော်လည်းကောင်း၊ ထိုင်းရဲ့အာဏာပိုင်နဲ့သော်လည်းကောင်း ထိပ်တိုက်ဆွေးနွေးစေချင်တယ်”

ကို DBR (တည်ထောင်သူတစ်ဦး (Founder)၊ အဝေးရောက်သွေးချင်းများကွန်ရက်)

(ထိုင်းနိုင်ငံရှိ ထောက်ပို့အဖွဲ့ ၃၃ ဖွဲ့နှင့် မလေးရှားနိုင်ငံရှိ ထောက်ပို့အဖွဲ့ ၁ ဖွဲ့ဖြင့် စုဖွဲ့ထားသည်)

DW ။ အစ်ကိုလုပ်နေတဲ့ ထောက်ပို့အဖွဲ့မှာဆိုရင် မြန်မာလုပ်သားတွေရဲ့ တော်လှန်ရေးအပေါ် လှူဒါန်းထောက်ပံ့မှုက လူဦးရေနဲ့ လှူဒါန်းငွေက ဘယ်လောက်ပမာဏရှိနိုင်မလဲ။

ဖြေ ။ အဝေးရောက်သွေးချင်းများကွန်ရက်မှာ လူဦးရေကတော့ ဝင်လိုက်ထွက်လိုက်ရှိတယ်။ပျမ်းမျှကတော့ လစဉ်ရရှိငွေသည် (ဘတ်)တစ်သိန်းနှစ်သောင်းနဲ့ တစ်သိန်းသုံးသောင်းခွဲကြားမှာရှိတယ်ခင်ဗျား။ ပြီးရင် စစ်ဘေးရှောင်(ကူညီရေး)ကဏ္ဍမှာဆိုရင် တစ်သောင်းကနေ သုံးသောင်းကြားမှာရှိတယ်ပေါ့။ လူဦးရေက စာရင်းအရဆိုရင် ၁၀၅၀ ဦးလောက်ရှိတယ်။ ဒီထဲမှာ ရပ်နားသွားတဲ့လူလည်းရှိတယ်။ ဆုံးပါးသွားတဲ့သူတွေလည်း ရှိတယ်။ မထည့်နိုင်ဘဲဖြစ်နေတဲ့အုပ်စုလည်းရှိတယ်ပေါ့။

DW ။ တစ်ဖက်မှာကလည်း ထိုင်းရောက်မြန်မာလုပ်သားတွေက လုပ်ခလစာရတာနည်းတာနဲ့ ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်စားသောက်စရိတ်ကလည်း ကြီးတယ်ဆိုတော့ သူတို့အနေနဲ့ ဘယ်လိုမျိုး ထောက်ပို့လှူဒါန်းနေကြလဲ။

ဖြေ ။ ထိုင်းနိုင်ငံရောက် ထောက်ပို့တွေသည် သူတို့မှာရတဲ့လစာတွေကို ခြစ်ခြစ်ခြုတ်ခြုတ်သုံးပြီးတော့ ဆင်းဆင်းရဲရဲတောင့်ခံပြီးတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ လူတန်းစားတစ်ရပ်ကို တွေ့ရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို ထိုင်းမှာကလည်း သိတဲ့အတိုင်းပဲ ဘတ်(နေထိုင်လုပ်ကိုင်ခွင့်)တင်ဖို့ကိစ္စတွေနဲ့ သူဌေးမကောင်းလို့ ဖြစ်တဲ့ကိစ္စတွေ ပြီးတော့ ကျန်းမာရေးဖြစ်တဲ့ကိစ္စတွေမှာ အာမခံချက်မရှိဘဲနဲ့ ဖြစ်နေတဲ့ကိစ္စတွေမှာဆိုရင် တော်တော်လေးကို အခက်အခဲတွေရှိနေတယ်ပေါ့နော်။ အခက်အခဲများစွာထဲကနေ ဒီတော်လှန်ရေးမှာ အားတက်သရောပါပြီးတော့ လစဉ်မပျက်ကွက်ဘဲနဲ့ ကိုယ့်ဟာကို ဆင်းရဲဒုက္ခခံပြီးတော့ ထည့်နေတဲ့သူတွေရှိတယ်။ နောက်တစ်ခုက တော်လှန်ရေးဆိုတဲ့ဟာပဲသိတယ်။သူတို့မှာ ဘာမျှော်လင့်ချက်တွေ ရလိုမှုတွေမရှိဘဲနဲ့ လုပ်နေတဲ့ အပိုင်းတွေရှိတယ်။

DW ။ မြန်မာလုပ်သားတွေ ထောက်ပို့နေတဲ့ဟာက တော်လှန်ရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ။

ဖြေ ။ သက်ရောက်မှုရှိတယ်ဆိုတဲ့အပိုင်းမှာ ကဏ္ဍကို ၂ ခုခွဲပြီးတော့ ပြောချင်တယ်ခင်ဗျား။

ပထမကဏ္ဍအနေနဲ့ကျတော့ လှုူဒါန်းလိုက်တဲ့ထောက်ပို့ငွေတွေသည် မြေပြင်မှာထိုက်သင့်သလောက် လက်နက်ကိုင် စွဲလို့ရနေတဲ့ အနေအထားတွေရနေပြီပေါ့နော်။ပြောရမယ်ဆိုရင် အဝေးရောက်သွေးချင်းများ ကွန်ရက်စတည် ကတည်းက အခုချိန်ဆိုရင် ဘတ်သိန်း ၃၀ နဲ့ ၄၀ ကြားမှာရှိတယ်ခင်ဗျား။ ကျွန်တော်တို့ ထောက်ပို့ထားတဲ့ဟာပေါ့နော်။ ဆိုတော့ ထိုက်သင့်သလောက်တော့ ရလာတဲ့အပိုင်းမှာရှိတယ်။ ပညာရေးကဏ္ဍမှာဆိုရင်လည်း အပြည့်အဝမဟုတ် တောင်မှ ထိုက်သင့်သလောက်ဖြည့်ပေးလို့နိုင်တယ်။ စစ်ဘေးရှောင်ကဏ္ဍမှာဆိုရင်လည်း ကူညီကယ်ဆယ်မှု (ထောက်ပံ့)တွေ အများကြီးလုပ်နိုင်တယ်ပေါ့နော်။

ဒုတိယအပိုင်းအနေနဲ့ဆိုရင် ပြောင်းလဲလာတဲ့အနေအထားကတော့ ခြေကုန်လက်ပန်းကျလာတဲ့ အနေအထားကတော့ ရှိတယ်။ အဝေးရောက်သွေးချင်းများကွန်ရက်သည် အခုလာမယ့် ၁၁ လပိုင်းဆိုရင် ၃ နှစ်ပြည့်မယ်ပေါ့နော်။ ၃နှစ်အထိ မပျက်မကွက်ဘဲနဲ့ ငြိုငြင်မှုမရှိဘဲနဲ့ထည့်လာတဲ့လူတွေသည် တော်တော်လေး စိတ်ပန်းကိုယ်ပန်းဖြစ်နေကြပြီ။ အခက်အခဲပေါင်းများစွာနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို အဓိကပြောချင်တာပေါ့ခင်ဗျား။

DW ။ အခုဆိုရင် ရွှေ့ပြောင်းလုပ်သားတွေက စစ်ကောင်စီကို အခွန်ဆောင်ရင် အဆင့်နိမ့်ပြည်သူလို့ သတ်မှတ်မယ်ဆိုပြီး ပြောကြဆိုကြ ပွက်လောရိုက်နေတာ ရှိတယ်ပေါ့နော်။ ဆိုတော့ ကိုယ်တိုင်ကလည်း ထိုင်းကိုရောက်နေသလို ထိုင်းက ထောက်ပို့အဖွဲ့တွေနဲ့လည်း အများကြီးထိတွေ့ပြောဆိုနေတယ်ဆိုတော့ ဒီလိုပြောဆိုချက်အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။

ဖြေ ။ ကျွန်တော်တို့ထောက်ပို့တွေထဲမှာ ထားဝယ်သူ ထားဝယ်သားတွေထဲမှာပေါ့နော် ။ ကိုယ့်ရဲ့အမိမြန်မာနိုင်ငံထဲကို မပြန်ဘဲနဲ့ နှစ် ၂၀ ဝန်းကျင်လောက်အထိ ရှိတဲ့လူတွေ ရှိတယ်ပေါ့။ အားတက်သရောထောက်ပို့ နေကြတဲ့သူတွေထဲမှာ။ သူတို့ကို မေးကြည့်ချိန်မှာ ထွက်လာကတည်းက မြန်မာနိုင်ငံကို နှစ် ၂၀ လောက်ကြာတဲ့အထိ ပြန်မရောက်ဘူး။ ဘာဖြစ်လို့ အားတက်သရော ထောက်ပို့နေလဲမေးတော့ သူတို့က ကိုယ့်နိုင်ငံကို ကောင်းစားစေချင်တယ်။ ကိုယ့်နိုင်ငံကို တိုးတက်စေချင်တယ်ဆိုတဲ့ စိတ်နဲ့ပဲလုပ်တယ်ပေါ့။ သူတို့မှာ မျှော်လင့်ချက်တွေ မရှိဘူး။

မြန်မာနိုင်ငံသားတွေသည် ကမ္ဘာမှာဘယ်နေရာပဲရောက်ရောက် တစ်ဆင့်နိမ့်နိုင်ငံသားအဖြစ် ဆက်ဆံခံရတာပေါ့ဗျား။ ဒါတွေသည်လည်း အမျိုးမျိုးသော ခေတ်အဆက်ဆက်သော အာဏာရှင်တွေရဲ့အပေါ်မှာ သုံးသပ်ပြီးတော့ နိုင်ငံတကာက ဆက်ဆံတဲ့ အပိုင်း။ ကျွန်တော်တို့သည် မြန်မာနိုင်ငံထဲမှာ အဆင်မပြေလို့ သူများနိုင်ငံမှာ လာနေရတယ်ဆိုသော်မှ ကိုယ့်နိုင်ငံသားအချင်းချင်းသည် အဆင့်မြင့်တဲ့ တွေးခေါ်ဉာဏ်တွေထားကြရမယ်လို့ ထင်တယ်။ ကိုယ့်ကိုကိုယ် အဆင့်မြင့်မြင့်မထားနိုင်လို့ သူများနိုင်ငံကလည်း ကိုယ့်ကို နှိမ့်ချနေသေးတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ မွေးမြူမယ်ဆိုရင် တစ်ဆင့်နိမ့်နိုင်ငံသားမို့ စိတ်ဓာတ်တွေမမြင့်မားဘဲ ဘယ်သောအခါမှလည်း ကျွန်တော်တို့နိုင်ငံက တိုးတက်လာမှာမဟုတ်ဘူးလို့ ထင်တယ်။

အခုဖြစ်နေတဲ့ကိစ္စတွေက ကိုယ့်မြန်မာနိုင်ငံသားတစ်ယောက်ကနေပြီးတော့ အဆင့်နိမ့်နိုင်ငံသားဆိုတဲ့ သုံးနှုန်းတဲ့ အပေါ်မှာတော့ ကိုယ့်ကိုကိုယ်ပြန်ပြီးတော့ သုံးသပ်ရမယ့်ဟာကတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ လူတိုင်း(ထောက်ပို့)သည် အမှန်တိုင်းသည် သူများခိုင်းတဲ့အတိုင်းလုပ်ရတယ်။ သူများကျွေးတဲ့ ထမင်းကိုစားရတယ်။ သူများထားသလို နေရတယ်ပေါ့ဗျား သူများနိုင်ငံမှာ။ ကိုယ့်ကိုကိုယ် အဆင့်မြင့်မြင့်သွားနိုင်ဖို့အတွက် တော်လှန်ရေးမှာ အားတက်သရော နိုင်ငံရေးလည်း ဘာမှမသိ။ ဘယ်အစိုးရအာဏာ(အုပ်ချုပ်)လည်း မသိဘဲနဲ့ ကိုယ့်နိုင်ငံတိုးတက်ဖို့ စိတ်တစ်ခုနဲ့ အဆင့်မြင့်မြင့်တွေးပြီး လုပ်နေတဲ့လူတွေကို ကျွန်တော်တို့က လေးစားရမယ်လို့မြင်တယ်။ လေးလေးစားစားလည်း ဆက်ဆံသင့်တယ်ပေါ့နော်။ ဘယ်အစိုးရပဲရောက်ရောက်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့အစိုးရတွေသည် ကိုယ့်ရဲ့ပြည်သူပြည်သားတွေကို အဆင့်မြင့်မြင့်ထားနိုင်ဖို့ သဘောထားကြီးကြီးနဲ့ ဆက်ဆံပြောဆိုမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရလိမ့်မယ်လို့ မြင်တယ်ပေါ့နော်။

ထောက်ပို့တွေသည် ပေးဆပ်နေတဲ့ ပြည်သူသက်သက်ပဲဖြစ်တယ်ပေါ့။ မျှော်လင့်ချက်တွေ မရှိဘူး။ နေရာယူချင်တဲ့စိတ်တွေ မရှိဘူး။ တစ်ချိန်လုံးပေးဆပ်နေကြတာဗျား။ ဒါပေမဲ့ တစ်ချိန်ကျရင် အခုနိုင်ငံရေး အသိုင်းအဝိုင်းမှာရော တော်လှန်ရေးအသိုင်းအဝိုင်းမှာ လုပ်နေတဲ့သူတွေသည် နေရာတစ်နေရာ ရကြမှာပေါ့။ သို့ပေမယ့် ထောက်ပို့တွေသည် ဘယ်နေရာကိုမှ ရနိုင်တဲ့အနေအထားတော့မရှိဘူး။ ကျွန်တော်တို့သည် အမေ့လျော့ခံလူတန်းစားတစ်ရပ်ဖြစ်သွားမှာပေါ့။

ကိုယ့်အတွက် မျှော်လင့်ချက်လုံးဝမရှိဘဲနဲ့ ကိုယ့်နိုင်ငံတိုးတက်စေချင်တဲ့အဆင့်မြင့်မြင့် အတွေးတွေနဲ့ မျှော်လင့်ချက်တွေနဲ့ သွားနေတဲ့ ထောက်ပို့တွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေအတွက် တာဝန်ရှိတဲ့သူတွေက ထောက်ပို့တွေကို အမေ့လျော့ခံလူတန်းစားအဖြစ် မသုံးဘဲနဲ့ အဆင့်မြင့်တဲ့ တစ်ကယ့်သူရဲကောင်းတွေအဖြစ်နဲ့ တစ်ချိန်ကျရင် အသိအမှတ်ပြုခြင်းတော့ခံချင်တာပေါ့ဗျား။

DW ။ သူတို့ပြောသလိုပဲ ထိုင်းရောက် မြန်မာတွေက စစ်ကောင်စီကို အခွန်မဆောင်ဘဲ နေလို့ရတဲ့ အခင်းအကျင်းရှိလား။

ဖြေ ။ မရှိဘူးခင်ဗျား။ ရှိလည်းရှိလာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံသားတွေသည် သူများထားတဲ့နေရာ မှာ နေရတယ်။သူများကျွေးတဲ့ထမင်းကို စားရတယ်။ ကျွန်တော်တို့ စကစ ကို အခွန်မဆောင်ဘူး နေမယ်ဆို ကျွန်တော်တို့နေလို့ရတယ်။ ကိုယ့်အိမ်ကနေ အပြင်ကိုထွက်လို့မရဘူး။ ကိုယ့်အိမ်မှာကိုပဲ ထိုင်းသူဌေးရဲ့ အိမ်မှာ မှီခိုပြီးနေရတဲ့ အလုပ်သမားဘဝအဖြစ်ရှိတယ်။ ဆိုတော့ ထိုင်းသူဌေးတစ်ယောက်သည်လည်းပဲ ဒီအလုပ်သမားတစ်ယောက်သည် အခွန်မဆောင်ဘဲနဲ့ ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့ကြိုးစားရမယ့်ဟာက အခွန်မဆောင်ဘဲနေလို့ရအောင်လုပ်တဲ့အလုပ်သည် ပြည်သူတွေရဲ့ အလုပ်ထက်အစိုးရတွေရဲ့ အလုပ်က ပိုပြီးများလိမ့်မယ်။ ကျွန်တော်တို့မျှော်လင့်ချက်ဖြစ်တဲ့ အခု NUG အစိုးရသည် ဒီလိုအခွန်မဆောင်ရအောင် ထိုင်းအစိုးရကိုသော်လည်းကောင်း၊ ထိုင်းရဲ့အာဏာပိုင်နဲ့သော်လည်းကောင်း ထိပ်တိုက်ဆွေးနွေးစေချင်တယ်။ ထိပ်တိုက်ဆွေးနွေးပြီးတော့ အဖြေရှာမှုတွေကိုလုပ်မှသာလျှင် နည်းမှန်လမ်းမှန် စကစ ကို တော်လှန်ခြင်းဖြစ်တယ်။ အခုက အဲလိုမဟုတ်ဘဲနဲ့ ပြည်သူကနေလုပ်ရမယ်ဆိုရင် သူများနိုင်ငံမှာနေတဲ့ ပြည်သူသည် သူများထားတဲ့နေရာမှာ နေရတယ်။ သူများကျွေးတဲ့ထမင်းကို စားရတယ်။ သူများက ထိုင်ဆိုထိုင် ထဆိုထရတဲ့ဘဝမှာ အခွန်မဆောင်ဘဲနဲ့တော့ လုံးဝနေလို့မရဘူး။ ကိုယ်က မချစ်သော်လည်း အောင့်ကာနမ်းပြီးတော့ ဆောင်ကိုဆောင်ရမှာပဲ။ မဆောင်ဘူးလို့ပြောတဲ့သူကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောချင်တယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ တော်လှန်ရေးကာလမှာပေါ့နော် တာဝန်ရှိတဲ့လူတွေသည် အချင်းချင်းပူးပေါင်းပြီးတော့ လုပ်ဆောင်ကြမှာပဲ အောင်မြင်နိုင်တဲ့နည်းလမ်းတစ်ခုလို့ တွေးမိတယ်ပေါ့နော်။ တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ထောက်ပို့တွေလည်း တော်တော်လေး ခြေကုန်လက်ပန်းကျလာပြီ။ နိုင်ငံရေးကို ကြည့်လိုက်တဲ့ အချိန်မှာလည်း မျှော်လင့်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခု မဖြစ်လာသေးဘူး။ တော်လှန်ရေးကို ပြန်ကြည့်လိုက်ပြန်တော့လည်း ကျွန်တော်တို့မျှော်လင့်သော တော်လှန်ရေးတစ်ခု လက်ရှိအနေအထားအထိ ၃ နှစ်ကျော်ကာလအထိ မဖြစ်လာသေးဘူးပေါ့နော်။ ဆိုတော့ကြိုးစားတဲ့အချိန်မှာတော့ အပြန်အလှန်ကြိုးစားရမယ် ဆိုတာ သိတယ်။ ကျွန်တော်တို့ကလည်း ထောက်ပို့တွေ စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြသလို ကျွန်တော်တို့အရှေ့မှာသွားပြီးတော့ မားမားမတ်မတ်ရပ်နေတဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေသည်လည်း စည်းစည်းလုံးလုံးနဲ့ လုပ်ရမယ်ဆိုတဲ့အပိုင်းကတော့ ကျွန်တော်တို့ပြောချင်တယ်။ဘာဖြစ်လို့လဲဆို ဒီလိုမှပဲ တော်လှန်ရေးသည် အချိန်တိုအတွင်းမှာ အောင်မြင်မယ်။မစည်းလုံးဘဲနဲ့ ဖြစ်နေမယ်ဆိုရင်တော့ တော်လှန်ရေးသည် ကျွန်တော်တို့မျှော်လင့်သော တော်လှန်ရေးထက်ပိုပြီးတော့ ကြန့်ကြာနိုင်မယ်ဆိုတာတော့ သုံးသပ်မိတယ်ပေါ့ခင်ဗျား။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။