BREAKING
September 19, 2024

ဖူးခက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် ၁၃ ဦး သေဆုံး

August 25, 2024

ထိုင်းတောင်ပိုင်း၊ ဖူးခက်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော ဖူးခက်နေ ထားဝယ်ဒေသခံများထံမှ သိရသည်။

ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတရပ်ကွက်ရှိ တောင်ကုန်း မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး၊ ရုရှားနိုင်ငံသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သေဆုံးသူများ၏ အလောင်းများကို ဆေးရုံမှ ထုတ်ယူရန် စောင့်ဆိုင်းနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။

“အလောင်းတွေကို ထုတ်ယူပြီးရင် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေမှာ ထားဖို့ စီစဉ်ပြီးပြီ။ ကမြောကင်းက မိန်းကလေးအလောင်းကိုတော့ ရနောင်းပြန်သယ်ပြီး တရုတ်ဘုံကျောင်းမှာ ထားမယ်” ဟု ၎င်းကဆိုသည်။

ထားဝယ်ဒေသခံများ၏ အလောင်းများကို ထုတ်ယူပြီးပါက ကတဘုန်းကြီးကျောင်း၊ ချလောင်ဘုန်းကြီးကျောင်း၊ ကော့စီရေးဘုန်းကြီးကျောင်းများတွင် ထားရှိရန် စီစဉ်ထားပြီး ရနောင်းမြို့သို့ တစ်လောင်းပြန်သယ်ပြီး သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

မြေပြိုမှုကြောင့် သေဆုံးသူများ၏ နစ်နာကြေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောကြားလာခြင်းမရှိသေးကြောင်း Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။

Andaman Friendship Association AFA ၏ အချက်အလက်များအရ သေဆုံးသူ ထားဝယ်ဒေသခံများမှာ မမျိုးမြတ်မြတ်အေး၊ မအိအိဖြိုးလှိုင်၊ ကိုရာဇာထက်၊ မအိအိစန်း၊ ကိုအောင်ပိုင်ဖြိုး၊ မလဲ့လဲ့စန်း၊ မချိုယဉ်သန်းနှင့် ကိုကျော်လွင်တို့ဖြစ်ကြသည်။

သေဆုံးသူများသည် လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း ဇာတိဒေသခံများဖြစ်ကြသည်။

သေဆုံးခဲ့သော ကိုရာဇာထက်နှင့် မချိုယဉ်သန်းတို့နှစ်ဦးသည် မြေစာပုံအောက်တွင် ဖုန်းနှင့် ဓါတ်မီးများ ကိုင်၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“သူ့အားကိုးနဲ့ ပူကစ် (ဖူးခက်) မှာ နေနေရတာဗျာ။ အခုတော့ ဒီမှာ အားကိုးမရှိဘဲ ထားခဲ့ပြီ” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ဖူးခက်မြို့တွင် ဩဂုတ်လ ၂၂ ရက်နေ့ ညဘက်မှ မနက်ပိုင်းအထိ မိုးကြီးခဲ့ပြီး မိုးရေချိန် ၂၀၀ မီလီမီတာအထိရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ထိုမိုးရေချိန်ကြောင့် မြေပြိုမှုဖြစ်လာပြီး လူသေဆုံးမှုအထိ ဖြစ်ရကာ နေအိမ် ၂၅၀ ခန့်အထိ ပျက်စီးခဲ့ကြောင်း ဖူးခက်ခရိုင်က ထုတ်ပြန်ထားသည်။