BREAKING
January 15, 2025

သရက်ချောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်

August 25, 2023

သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က ညနေပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ် ဝင်းကဖော်အနောက်ကမ်းမှ ပြန်ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဝင်းဝရွာဘက်မှ မင်းဒပ်၊ ကမြိုင်၊ ရငဲရွာဘက်ကို ခြေလျှင်ခရီးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။

ညနေ ၃ နာရီခန့်တွင် ကမြိုင်ရွာနှင့် ရငဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မိုင်းဆွဲခံရပြီးတဲ့နောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်၊ ပစ်ခတ်မှုဖြစ်တာ ၁ နာရီလောက်ကြာတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၂ ရက်မှစပြီး ရငဲရွာမြွေတောင်တွင် နှစ်လကျော်ကြာတပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၀ ရက်နေ့တွင် စခန်းကိုစွန့်ခွာကာ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ရွာ အနောက်ကမ်းအထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၁ ရက်တွင် ရငဲရွာမြွေတောင်ပေါ်မှ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံတို့က ပြောသည်။

မနေ့ညနေပိုင်းက ရငဲရွာမြွေတောင်ကို ပြန်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က မြွေတောင်စခန်းတွင် ထောင်ထားသည့် မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု၊ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ဆယ်ဂဏန်းခန့် ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချိုု့က ပြောသော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ဝင်လာသဖြင့် ကမြိုင်၊ ဝဲရစ်၊ ကျွဲမင်းကုန်းရွာမှ ဒေသခံများ ပြန်လည်ထွက်ပြေးနေရပြီး ရငဲရွာက ဒေသခံများမှာမူ ဇွန်လ ၈ ရက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်ကတည်းက ရွာတွင်မနေတော့ပေ။