မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိကျွန်းရှိ ပုလဲကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းအများစုမှာ လနှင့်ချီကာ လုပ်ခလစာ မရရှိကြသေးကြောင်း အဆိုပါ ဝန်ထမ်းများထံမှ သိရသည်။
အကွာဂိုးလ် (Aqua Gold Co.Ltd ) ပုလဲမွေးမြူရေးကုမ္ပဏီတွင် လက်ရှိလုပ် ကိုင်နေကြသည့် ဝန်ထမ်း နှစ်ဆယ်ဦးခန့်ရှိပြီး အားလုံးနီးပါးသည် လွန်ခဲ့သည့် ငါးလခန့်မှစ၍ လက်ရှိ အချိန်အထိ လုပ်ခလစာ မရရှိသေးခြင်း ဖြစ်သည်။
“တစ်လလာလည်း ပေးမယ်ပေးမယ်နဲ့ ခုချိန်အထိ မရှင်းပေးသေးဘူး” ဟု ယင်းကုမ္ပဏီတွင် လှေမောင်းစက် ဆရာ လုပ်ခဲ့သည့် ကိုစိုးမင်းသူက ပြောသည်။
၎င်း၏လစာမှာ တစ်လကျပ် တစ်သိန်းကိုးသောင်းခွဲဖြစ်ပြီး ကုမ္ပဏီထံမှရရန်မှာ အနည်းဆုံး ကျပ်ဆယ်သိန်း ဝန်းကျင်ရှိသည်ဟု ဆိုသည်။
ကိုစိုးမင်းသူသည် လုပ်ခလစာမရသည့်အတွက် သြဂုတ်လ ၁၂ ရက်နေ့ တွင် အလုပ်မှ နုတ်ထွက်စာတင်ကာ ရွာတွင်ပြန်လည်နေထိုင်နေပြီး လက်ရှိအချိန်တွင် အလုပ်မရှိဟု ၎င်းကဆိုသည်။
“ရွာကမိသားစုမှာ အကြွေးတွေ အများကြီး တင်နေတယ်” ဟု ၎င်းက ပြောသည်။
အလားတူပင် ယင်းကုမ္ပဏီတွင် လက်ရှိ ရေငုပ်လုပ်သားအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးသည်လည်း လစာ ငါးလခန့်စာ မရရှိသေးဟု ဆိုသည်။ ၎င်းအနေဖြင့် တစ်လလျှင် လစာကျပ်နှစ်သိန်းကျော်ရရှိပြီး ယခင်လများမှ လစာများလည်း ပြန်လိုချင်သလို လာမည့်လများတွင်လည်း လစဉ်ပုံမှန် လစာရှင်းပေးစေချင်သည်ဟု ဆိုသည်။
“လုပ်သာလုပ်နေရတယ် ပင်ပန်းပြီး လစာကမမြင်ရဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယင်းကုမ္ပဏီမှ မန်နေဂျာ ဦးမျိုးသန့်ကမူ လက်ရှိအချိန်သည် ကိုဗစ်ရောဂါဖြစ်ပွား နေသောကြောင့် ထွက်ရှိသည့် ပုလဲများအား မရောင်းချနိုင်သည့်အတွက် ဝန်ထမ်းများအား လစာမရှင်းနိုင်သေးကြောင်း ပြောပြသည်။
“လစာကမပေးဘူး မဟုတ်ဘူး။ ပေးမှာပါ။ ပေးဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းဝန်ထမ်းလစာများနှင့် ပတ်သက်ပြီး ယခုလကုန်တွင် ရှင်းပေးရန် ကုမ္ပဏီရုံးချုပ်သို့ တင်ပြထားပြီး ရှင်းပေးရန်လည်း ရုံးချုပ်မှသဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
စုံစမ်းမေးမြန်းချက်အရ ကုမ္ပဏီမှ ထွက်သွားပြီးသူတချို့လည်း လစာမရကြဟု သိရသည်။
“ထွက်သွားပြီးတဲ့သူတွေ ရစရာရှိ တဲ့ဟာကိုလည်း သပ်သပ်ပေးသွားမယ်”ဟု ၎င်းက ဆိုသည်။
“ဒီလကုန်ပေါ့”
ကိုဗစ်မဖြစ်မီက အကွာဂိုးလ် ပုလဲမွေးမြူရေးကုမ္ပဏီတွင် ဝန်ထမ်း ရှစ်ဆယ်ခန့်ရှိခဲ့ပြီး ယခုအခါ နှစ်ဆယ်ခန့်သာ ကျန်တော့ကြောင်း ဝန်ထမ်းများထံမှသိ ရသည်။
ကိုဆန်း