BREAKING
September 7, 2024

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် လူငယ်ခြောက်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

July 25, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင် ၂၃ရက် နံနက် ၉နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ကျောက်တန်းလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားချိန် ကျောက်တန်းလေးကျေးရွာဘက်ကို သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျဉ်းကတိုးကုန်းရွာက အသက် ၁၈ နှစ်အရွယ်တစ်ဦးအပါအဝင် အသက် ၂၀နှင့် ၃၀ ကြား လူငယ်ပိုင်း ခြောက်ဦး သေဆုံးပြီး အမျိုးသမီး ငါးဦးအပါအဝင် ၁၂ ဦး ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဘာတိုက်ပွဲမှ မရှိလည်း လက်နက်ကြီးနဲ့ ပစ်နေတာပဲ။ အခုလည်း တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို လှမ်းပစ်တာ။ လက်နက်ကြီးတွေက ရွာနဲ့ ရွာပတ်ဝန်းကျင်မှာပဲ ကျသွားတယ်။ လူထိ အိမ်တွေဘာတွေထိတယ်။ အခုက နေ့တိုင်းပဲ လက်နက်ကြီးနဲ့ ထုနေတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူအချို့ကို ကျိုက်ထို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက်ကတွင် သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ရာ အမြောက်တပ် ၃၁၀ တပ်ရင်းဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်။

ဇူလိုင်လ ၁၆ ရက် ညကလည်း အဆိုပါတပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သိမ်ဇရပ်မြို့၊ ရွာလေးပိုင်းရပ်ကွက်ရှိ သစ်စက်ရုံတစ်ခုက အလုပ်သမား နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမားနေသည့်အခြေအနေရှိနေသည်။

လဂွန်အိမ်စာစဉ်က ထုတ်ပြန်သည့်အချက်အလက်များအရ ဇွန်လအတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်အပါအဝင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။