ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်တွင် ညဘက် အပြင်မုန့်ထွက်ဝယ်သော မြန်မာနိုင်ငံသားနှစ်ဦး ကားတိုက်ခံရသဖြင့် သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၂၃ရက် ည ၉နာရီခန့်က စူဖန်ဘူရီမြို့ ဘန်းဖိုဒေသတွင် မြန်မာနှစ်ဦးလမ်းဖြတ်ကူးစဉ် ပစ်ကပ်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများသည် အသက် ၁၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုထားသည်။
ပစ်ကပ်ကားမောင်းသမားက အလုပ်ပြီး၍ အိမ်သို့ ပြန်လာစဉ် လူနှစ်ဦး ရုတ်တရက် လမ်းဖြတ်ကူးလာပြီးနောက် ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်ဟုဝန်ခံထားကြောင်း သတင်းများတွင် ဖော်ပြသည်။
လမ်းတစ်လျှောက်သည် မှောင်လွန်းနေသဖြင့် လမ်းဖြတ်ကူးလာသူများကို မမြင်လိုက်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
ကားတိုက်ခံရပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး အသက်ကယ်နည်း CPR ပြုလုပ်ကုသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားနှစ်ဦးသည် လမ်းတစ်ဖက်ရှိ ဆိုင်တွင် မုန့်ဝယ်ရန် အခန်းမှ ထွက်လာကြကြောင်း မိသားစုဝင်များက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။
သေဆုံးသူတစ်ဦး နခွန်ပထုံခရိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆန်စက်တွင် လုပ်ကိုင်နေသော မိခင်နှင့် အဖွားဖြစ်သူတို့ထံ အလည်လာသောအချိန် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
ကားတိုက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့များက ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ကားသမားကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: matichon online, Daily News