ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့နှင့် ခရိုင်အတွင်း မြို့ရွာအချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု တို့ကြောင့် ဇူလိုင်လ ၂၅ ရက်တွင် မိုးကြီးရေလျှံခြင်း သစ်ပင်ကျိုးခြင်းတို့ ဖြစ်ပွားနေကြောင်း မြို့ခံများနှင့် ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်၊ ဆေးရုံလမ်းနှင့် ကျောက်မော်ရပ်၊ မြိတ်လမ်းတို့တွင် လမ်းမပေါ်ရေကျော်နေပြီး နှစ်စဉ် ရေလျှံလေ့ရှိသည့် မြို့သစ်ရပ်ကွက်တွင်လည်း အချို့နေရာများတွင် ရေဝင်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်များအတွင်း နေထိုင်သူများက ပြောသည်။
“ဆေးရုံလမ်းက ပေါင်ရင်းလောက်အထိ ရေတက်နေပြီ။ ရေထဲဖြတ်မောင်းထဲ ကားနှစ်စီးတောင် စက်ရပ်သွားလို့ ရပ်ထားရတယ်” ဟု ဆေးရုံလမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဆေးရုံတံတားလမ်းမှ လောကမာရဇိန်ဘုရားကြီးအရှေ့က ဘုရားကြီးတိုက်ကျောင်းဝင်းအထိ ရေဝင်နေသဖြင့် သံဃာများ အတွက် ကယ်ဆယ်ရေးလှေတစ်စင်း ပေးထားရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ဆိုသည်။
သရက်ချောင်းမြို့နယ်ဘက်မှ ထားဝယ်မြို့ဘက်သို့လာသည့် မြိတ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ လယ်ကွင်းများ တွင်လည်း ရေလျှံနေကြောင်း ညောင်ဇင်ရွာသားတစ်ဦးက ပြောဆိုသည်။
“မနက်က ထားဝယ်တက်လာတုန်းက လမ်းဘေး ဝဲယာ လယ်ကွင်းတွေ အကုန်ဖြူနေပြီ။ စပါးတွေ မတွေ့ရဘူး ရေဝင် နေတယ်။ မြို့အဝင်မှာတော့ ရေက ဒူးကျော်နေပြီ။ တချို့ကတော့ ဖြတ်လာကြတယ်။ အများစုက ကျန်းမာရေးလမ်းဘက် က ပတ်သွားကြတယ်” ဟု ၎င်းက ပြောသည်။
မေတ္တာမြို့နယ် ပကာရီရွာတွင်လည်း ဇူလိုင်လ ၂၄ ရက် ညနေပိုင်းကတည်းက တောင်ကျချောင်းရေ တက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။
“ပကာရီရဲကင်းစခန်းလမ်းမမှာတော့ ရေက ပေါင်လုံးကျော်နေပြီ။ ကားအသွားအလာတွေ မရှိတော့ဘူး။ အဲဒီနေရာက ရွာလယ်ကျတယ်။ အဲဒီနားတဝိုက်ကနေ အိမ်တွေထဲ ရေဝင်နေတာရှိတယ်။ အခုအတိုင်းပဲဆက်ပြီး မိုးသည်းနေဦးမယ်ဆိုရင် အဲဒီနားက အိမ်တွေပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်” ဟု ပကာရီကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လောင်းလုံးမြို့နယ် ပန္ဒလဲရွာဘက်တွင်လည်း မြောင်းရေလျှံ၍ လမ်းမပေါ်ရေကျော်နေကြောင်း လောင်းလုံးဒေသခံတစ်ဦးကပြောသည်။
ယင်းအပြင် ဇူလိုင် ၂၄ ရက်ညက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် အကိုင်းကျိုးကျမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ဆံတော်ရှင်ဘုရားတောင်တက်လမ်းရှိ မြေနိမ့်ပိုင်းတွင်လည်း လမ်းမ ရေကျော်သွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။















“မြို့ပေါ်ရပ်ကွက် ၃ခုမှာတော့ ရေဝပ်နေတုန်းပဲ။ လမ်းမပေါ် ရေမရောက်သေးဘူး။ ဇင်းဘာချောင်းဖျားဘက်လည်း ရေမဝင်သေးဘူး။ အခုက မိုးကြီးလို့ ရေတက်တာလောက်ပဲ ရှိသေးတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
အလားတူ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာတွင်လည်း လမ်းပိုင်းရေကျော်နေပြီး နေအိမ်များအတွင်းအထိ ရေဝင်နေပြီဖြစ်ကြောင်း ရွာသားများကဆိုသည်။
ထားဝယ်မြို့ပေါ်ရှိ ဆန်းချီ၊ ပိန္နဲတော၊ ဗျောတောဝ၊ ညောင်ရမ်းတောင်၊ ဝဲကျွန်း စသည့် ရပ်ကွက်ငါးခုတွင် ဇူလိုင်လ ၂၄ ရက်ညက လေပြင်းတိုက်ခတ်၍ သစ်ပင်ကြီးများ ကျိုးကျကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“သစ်ပင်ကျိုးကျတာတွေကို ရှင်းလင်းပြီးပါပြီ။ လူထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ဝဲကျွန်းဝန်ထမ်းအိမ်ရာမှာ ပိနေတဲ့ သစ်ကိုင်းတစ်ကိုင်းကိုတော့ ကရိန်းနဲ့ဆွဲဖို့လုပ်နေပါတယ်။ ရေကြီးရေလျှံတာကတော့ လောလောဆယ် အရေးပေါ်ရွှေ့ပြောင်းရတဲ့ အခြေအနေ မဟုတ်သေးပါဘူး” ဟု ခရိုင်မီးသတ်ဦးစီးမှူးကပြောသည်။
သစ်ပင်ကျိုးကျသည်များကို ရှင်းလင်းနေသဖြင့် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားလည်း ဖြတ်တောက်နေကြောင်း မြို့ခံများထံမှသိရသည်။
လာမည့် ၂၄ နာရီအတွင်း တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် နေရာအနှံ့အပြား မိုးဆက်ကြီးမည်ဖြစ်ပြီး ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ဒေသတို့တွင် ယခုနှစ်ရက်အတွင်း မိုးပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။