BREAKING
September 7, 2024

အဓမ္မစစ်မှုထမ်းခိုင်းရန် ခရီးသွားများကို ပစ်မှတ်ထားလာသည့် စစ်ကောင်စီ

July 25, 2024

ပုံစာ - နေပြည်တော် ဥတ္တရသီရိရှိ အမှတ် ၂ တန်းမြင့်သင်တန်းကျောင်းသို့ ရောက်လာသည့် စစ်မှုထမ်းဆင့်ခေါ်ခံရသူများကို ဧပြီလခန့်က တွေ့ရစဉ်။

စစ်မှုမထမ်းမနေရဟုဆိုကာ အဓမ္မဥပဒေပြဋ္ဌာန်းပြီး စစ်သားစုဆောင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက် သင်တန်းသားရရှိရေ အခက်အခဲများရှိလာနေသဖြင့် သတ်မှတ်အရေအတွက် ပြည့်မီရန် နည်းလမ်းပေါင်းစုံ အသုံးပြုလာနေသည်။

လတ်တလော Dawei Watch က စုံစမ်းသိရှိရသည့် အချက်အလက်များအရ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသော အခြားဒေသမှ ခရီးသွားများကို ဖမ်းဆီးကာ စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်လာခြင်းပင်ဖြစ်သည်။

အဓမ္မ စစ်မှုထမ်းရန် စေခိုင်းမှု၊ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေကြပြီး တနင်္သာရီတိုင်းကိုဖြတ်၍လည်း ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုအများအပြား ရှိနေသည်။

ယင်းအခြေအနေကို အသုံးချကာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းရန် လုပ်ဆောင်လာခြင်းဟု မျက်မြင်ကြုံရသည့် ကားသမားများက ဆိုသည်။

ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းကိုလာသည့် လူငယ်ခရီးသည်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိနေပြီး အဓမ္မစစ်မှုထမ်းခိုင်းရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်-ထားဝယ် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် ခရီးသည်များ ကလိန်အောင် ထမင်းဆိုင်တွင် ထမင်းစားနေစဉ် စစ်တပ်၊ ရဲနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ဝင်များက အမျိုးသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ အသက် ၃၈၊ ၄၀၊ ၄၂ နှစ်အရွယ် အမျိုးသား ၃ ဦးကို ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ပြီး ကျန်ခရီးသည် ၃ ဦးကိုမူ ယနေ့အထိ ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။

“သူတို့ကို ထားဝယ်မြို့ပေါ်က စစ်သားစုဆောင်းရေး ဘုတ်အဖွဲ့ဆီပို့မယ်တဲ့။ ဘုတ်အဖွဲ့က မင်းတို့တပ်မတော်ထဲဝင်ချင်လား တပ်မတော်ထဲဝင်ရင် လစာဘယ်လောက်ရမယ်။ အကျိုးခံစားခွင့် ဘာတွေဘာတွေရမယ်။ သူတို့မဝင်ချင်ရင် ပြန်လွှတ်မယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ဒီနေ့အထိ ပြန်မလွှတ်သေးဘူး” ဟု အထက်ပါ ကားသမားက ပြောသည်။

ဖမ်းဆီးခံရသူ ၃ ဦးတွင် အသက် ၃၀ နှစ်ခန့်အရွယ် ကိုဖြိုးလင်းပိုင်ဆိုသူလည်း ပါဝင်ခဲ့ပြီး Dawei Watch က ၎င်း၏မိသားစုဝင်များကို ဆက်သွယ်နိုင်ခဲ့သည်။

ကိုဖြိုးလင်းပိုင်မှာ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ ဆူးဂဏန်းရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူ ဦးရွှေတိုးကို Dawei Watch က ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့သည်။

“အဖမ်းခံရတယ်ဆိုတာပဲ ကြားတယ်။ အဲဒီနေ့တည်းက အဆက်အသွယ်မရတာ အခုထိပဲ။ ကျွန်တော် တို့လည်း အဆက်အသွယ်ရဖို့ ကြိုုးစားနေတာပဲ။ ထိုင်းက သူ့ညီအစ်ကိုတွေက လှမ်းခေါ်လို့ ထိုင်းသွားဖို့ ညီအစ်ကိုနှစ်ယောက် သွားတာ။ သူက လမ်းမှာ ဖမ်းမိနေတယ်။ သူ့ညီကတော့ အဖမ်းမခံရဘူး။ မိန်းမလည်းရှိတယ်။ ကလေးတစ်ယောက်ရှိတယ်။ သူ့မိန်းမက ဘာလုပ်မလဲ ဆက်သွယ်လို့လည်းမရတော့ ငိုပဲငိုနေတာပေါ့” ဟု ဦးရွှေတိုးက ပြောသည်။

ကိုဖြိုးလင်းပိုင်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ရွာတွင် အဆင်မပြေသဖြင့် ထိုင်းနိုင်ငံကိုသွားရန် ရန်ကုန်-ထားဝယ်ကားဖြင့် လိုက်ပါလာသည့် ခရီးသည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်သားစုဆောင်းရေးအတွက် တနင်္သာရီတိုင်းက လူငယ် ၅၀ ပေးရမည်ဖြစ်ပြီး ထိုင်း၊ မလေးရှား နိုင်ငံများသို့ တရားမဝင်သွားမည့် (ဘောလုံး) လူငယ်အမျိုးသားများကိုသာ သီးသန့်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ကားသမားအချို့က ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့က အခု လူတွေကို ဆွဲစိနေတဲ့သတင်းကို အပြင်ကိုမပေါက်ကြားစေချင်လို့ ဖုံးထားတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ ဆိုင်ရာပိုင်ရာကတစ်ဆင့် သတင်းစုံစမ်းကြည့်တာ နယ်လုံဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ လူငါးဆယ်ပေးရမယ်လို့ကြားတယ်” ဟု ထားဝယ်မြို့က ကားသမားတစ်ဦးက ပြောသည်။

ယင်းပြောဆိုချက်နှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူထံDawei Watch က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ယခင်စစ်မှုထမ်းပထမအသုတ် ဆင့်ခေါ်ချိန်က ယင်းဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာတွင် အကြိမ်ကြိမ် လက်ခံဖြေဆိုခြင်းများ ရှိခဲ့သော်လည်း ယခုစစ်မှုထမ်း တတိယအသုတ် ဆင့်ခေါ်ချိန်မှစ၍ ဆက်သွယ်မေးမြန်း၍ မရတော့ပေ။

စစ်မှုထမ်းဒုတိယအသုတ်မှ စတင်ကာ သင်တန်းသား စုဆောင်းရ ခက်လာမှုကြောင့် စစ်ကောင်စီက ၎င်းတို့ပြဋ္ဌာန်းထားသော ဥပဒေကို ကျော်လွန်ကာ သင်တန်းသားစုဆောင်းမှုများ လုပ်ဆောင်လာခဲ့သည်။

ထားဝယ်ခရိုင်၌ စစ်မှုထမ်း တတိယအပတ်စဉ်အတွက် ဆင့်ခေါ်စာပို့ခံရသူများတွင် တက္ကသိုလ်တက်နေဆဲ ကျောင်းသားများ ပါဝင်နေပြီး မေလ ၂၄ ရက် ရက်စွဲဖြင့် ထားဝယ်မြို့ စုပေါင်းရုံးသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာနှင့်အတူ အမည်၊ အဘအမည် ၊ မှတ်ပုံတင်နံပါတ်များ အတိအကျပါဝင်သည့် ဆင့်ခေါ်စာကို မေလ နောက်ဆုံးအပတ်လက်ခံရရှိခဲ့ကြောင်း ကာယကံရှင်များက Dawei Watch သို့ပြောဆိုသည်။

စစ်မှုထမ်းဥပဒေတွင် ကျောင်းသားများကို ယာယီဆိုင်းငံ့ခွင့် ပြုထားသော်လည်း စစ်မှုထမ်းဒုတိယအပတ်စဉ်တွင် တိုင်းနှင့် ပြည်နယ်အချို့၌ ကျောင်းတက်နေဆဲ ကျောင်းသားများပါ သဘောဆန္ဒမပါဘဲ ခေါ်ဆောင်စုဆောင်းခံခဲ့ရကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

ယင်းဖြစ်စဉ်ကိုလည်း တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူထံ Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံခြင်းမရှိပေ။

ယခုတွင်လည်း စစ်ကောင်စီက တနင်္သာရီတိုင်းသို့လာသည့် ခရီးသွားများကို စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်နေကြောင်း အထောက်အထားများ ရရှိသဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။

သို့သော် ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် ကားသမားများကို ဆက်သွယ်မေးမြန်းနိုင်ခဲ့သည်။

မျက်မြင်ကြုံတွေ့ရသည့် ကားသမားတစ်ဦးကလည်း “အဲဒီနေ့က ခေါ်သွားတာ ညနေမိုးချုပ်နေပြီ။ သူတို့ဂိတ်ကိုဖြတ်လို့ ဆွဲတာလည်း မဟုတ်ဘူး။ သူတို့ဂိတ်နဲ့ တစ်မိုင်လောက်ဝေးတဲ့ ထမင်းဆိုင်မှာ ကလေးတွေကိုထားထားတယ်။ ငါတို့ လူခြောက်ယောက်လောက်လိုတယ်တဲ့၊ ခြောက်ယောက်လောက် ခဏပေးပါဆိုပြောပြီး ဝင်လာတယ်။ မေးမြန်းပြီးတော့ ပြန်လွှတ်မယ်ဆိုပြောတော့ အားလုံးပေါင်း ခြောက်ယောက်ပေးလိုက်တယ်။ သူတို့စခန်းကိုခေါ်သွားတယ်။ စခန်းရောက်ပြီး မေးမြန်းပြီး ပြန်လွှတ်ပေးမယ်ဆိုပြောပြီး အခုထိပြန်မလွှတ်သေးဘူး”ဟု ဆိုသည်။

ယင်းသို့ဖမ်းဆီးမှုမှာ တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ ပုံမှန်လိုလုပ်ဆောင်လာနေကြောင်း ကားသမားများကဆိုသည်။

ဖမ်းဆီးစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက်သည်များလည်း ရှိသည်ဟု ၎င်းတို့ထံမှသိရသည်။

“တခြားကားတွေကိုဖမ်းတာလည်း ကြားတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေက သူတို့နဲ့ ဆိုင်ရာပိုင်ရာတွေနဲ့ ပြန်ပြန်ဆွဲထုတ်လိုက်ကြတယ်။ ရွှေ……..ကားက တစ်ယောက်ကိုလည်း ဖမ်းပြီးမှ အသက် ၄၀ လောက်ဆိုတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟုမျက်မြင်တွေ့ခဲ့သည့် ကားသမားတစ်ဦးက ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူငယ်လေးထောင်နီးပါးကို စုဆောင်းခဲ့ပြီး ယင်းအနက် လူငယ် ကိုးရာကျော်မှာ အတင်းအကျပ်ဖမ်းဆီးစုဆောင်းခံရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က မေလ ၂၉ရက်က ထုတ်ပြန်သည်။

စာရင်းတွင်ပါသူများ ထွက်ပြေးမှုများသဖြင့် ဒုတိယအသုတ်တွင် အတင်းအကျပ်ဖမ်းဆီးစုဆောင်းမှု ပိုမိုဆိုးဝါးလာပြီး လက်ဖက်ရည်ဆိုင်များ၊ စစ်ဆေးရေးဂိတ်များ၊ အပြင်တွင်တွေ့သည့် လမ်းသွားလမ်းလာများကိုပါ ဖမ်းဆီးစုဆောင်းမှု အများအပြား ဖြစ်လာခဲ့ကြောင်း BACS က ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်း တတိယအသုတ်အတွက် လူရရှိရေး နည်းလမ်းစုံအသုံးပြုနေသဖြင့် ပြည်သူများမှာ စိုးရိမ်နေကြပြီး ဖမ်းဆီးခံရပါကလည်း ဆက်သွယ်မေးမြန်းရန်ပင် မဖြစ်နိုင်သည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။

တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် ခရီးသည်ကားများမှာလည်း စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာနေသဖြင့် စိုးရိမ်နေကြကြောင်း ယာဉ်မောင်းတစ်ဦးက ယခုကဲ့သို့ပြောဆိုသည်။

“လမ်းမှာအခုလို ဖမ်းဆီးခံရတော့ ကျွန်တော်တို့အတွက်လည်း မကောင်းဘူး။ အဖမ်းခံရတဲ့ ကလေးတွေအတွက်လည်း မကောင်းဘူး”