BREAKING
January 16, 2025

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ မိုးကဖော့စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်

July 25, 2024

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ မိုးကဖော့စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားပြီဖြစ်ကြောင်း KNU တပ်မဟာ ၄ ထံက သိရသည်။

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၂၀ သည် ဇူလိုင်လဆန်းပိုင်းတွင် မိုးကဖော့ စခန်းကို စွန့်ခွာခဲ့ပြီး မောတောင်စခန်းနှင့် အင်အားပူးပေါင်းခဲ့ကြောင်း KNU တပ်မဟာ ၄ မှ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

“သူတို့က အရေးပါမှုအားနည်းတဲ့ စခန်းတွေကို စွန့်ပြီး အရေးကြီးတဲ့ မောတောင်ကို အင်အားပြန်စုတဲ့ သဘောပဲထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

စခန်းစွန့်ခွာမည့်သတင်းကို လွန်ခဲ့သည့် ၃ လခန့်ကတည်းက ကြိုတင်သတင်းရထားသဖြင့် ၎င်းတို့ထွက်နိုင်သည့် လမ်းကြောင်းက တော်လှန်ရေးတပ်များက စောင့်နေသော်လည်း ထိုင်းဘက်မှ ပတ်ပြီး မောတောင်စခန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီတပ်သားများ ထွက်ခွာသွားပြီးနောက် မိုးကဖော့စခန်းကို တော်လှန်ရေးတပ်များက ဇူလိုင်လ ၂၃ ရက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ ၄ ထံမှ သိရသည်။

မေလ ၈ ရက်တွင် သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်း၊ မေလ ၁၁ ရက်တွင် တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်ကြား အမှတ်(၈)ပြည်ထောင်စုကားလမ်းပေါ်က စစ်ကောင်စီ၏ 1020 တောင်စခန်းကို KNLA၊ KNDO၊ KTLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ဇွန်လ ၁၄ ရက်တွင် တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းထပ်မံသိမ်းပိုက်ခံရပြီးနောက် ဇွန်လ ၁၅ ရက်တွင် တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစခန်း၊ ဇွန်လ ၁၈ ရက်တွင် တနင်္သာရီမြို့နယ်ရှိ ပွိုင့် ၃၀၀၀ စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့သည်။

ကျောက်လုံးကြီးစခန်းကိုမူ ဇွန်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ဝင်ရောက်တပ်စွဲထားသည်။