BREAKING
September 16, 2024

အမ်ဘတ်ပေကို ကမ္ဘာ့လုပ်ခလစာ အများဆုံးပမာဏဖြင့် ဆော်ဒီကလပ်ကမ်းလှမ်း

July 25, 2023

Photo – 1Football၊ ESPN

ထိပ်တန်ကစားသမားများကို ခေါ်ယူနိုင်ရန် ကြိုးစားနေသော ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို တစ်နှစ်လုပ်ခ ယူရိုသန်း ၇၀၀ အထိ ပေးချေကာ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

အယ်လ်ဟီလယ်လ်က အမ်ဘတ်ပေကို ပေးချေမည့် တစ်နှစ်လုပ်ခလစာသည် အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်ခဲ့မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာသစ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့စံချိန်တင် လုပ်ခလစာရရှိသော ဘောလုံးသမားအဖြစ် ရပ်တည်နေသူမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအတွက် ကစားပေးနေသော စီရော်နယ်ဒို ဖြစ်သည်။

အမ်ဘတ်ပေနှင့် ပီအက်စ်ဂျီအသင်းတို့အကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် ဘောလုံးရာသီ တစ်ရာသီစာအတွက်သာ ကျန်ရှိတော့ပြီး ကစားသမားဖြစ်သူဘက်က စာချုပ်သစ်ချုပ်ရန် လက်မခံဘဲဖြစ်နေသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေကို ရောင်းထုတ်ရန် စီစဉ်နေပြီလည်းဖြစ်သည်။

ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ပီအက်စ်ဂျီအသင်း၏ရာသီကြိုခြေစမ်းခရီးစဉ်တွင် အမ်ဘတ်ပေ ပါဝင်မလာသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေ ထွက်ခွာကာ အသင်းပြောင်းလိမ့်မည်ဟူသော ယူဆချက်များ ပိုမိုထွက်ပေါ်လာခဲ့ပြီး အမ်ဘတ်ပေကို ခေါ်ယူရန်အတွက် ရေပန်းအစားဆုံးဖြစ်နေသည်မှာ ရီးရဲလ်မက်ဒရစ်ဖြစ်သည်။

အယ်လ်ဟီလယ်လ်အသင်းသည် အမ်ဘတ်ပေအတွက် ကစားသမားပြောင်းရွှေ့ကြေးသီးသန့် ယူရိုသန်း ၂၀၀ ပေးချေရန် စီစဉ်ထားကြောင်း အရှေ့အလယ်ပိုင်းသတင်းဌာနများက ရေးသားဖော်ပြနေပြီး လက်ရှိတွင် အယ်လ်ဟီလယ်လ်က အမ်ဘတ်ပေကို တစ်နှစ်လုပ်ခအဖြစ် ယူရိုသန်း ၇၀၀ ပေးအပ်ရန် အစီအစဉ်ရှိနေကြောင်း နောက်ဆက်တွဲသတင်း ဆက်လက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တစ်နှစ်လုပ်ခ ယူရိုသန်း ၇၀၀ ဟူသော ပမာဏသည် တစ်လအတွက် ယူရို ၅၃ ဒသမ ၃၃ သန်း၊ တစ်ပတ်အတွက် ယူရို ၁၃ ဒသမ ၄၆ သန်း၊ တစ်နေ့အတွက် ယူရို ၁ ဒသမ ၉၂ သန်း၊ တစ်နာရီအတွက် ၈၀,၁၂၈ ယူရို၊ တစ်မိနစ်အတွက် ၁,၃၃၅ ယူရို၊ တစ်စက္ကန့်အတွက် ၂၂ ဒသမ ၂၅ ယူရို လုပ်ခလစာပေးချေခြင်းနှင့် အချိုးညီကြောင်း ပညာရှင်များက တွက်ချက်ဖော်ပြထားကြသည်။