BREAKING
March 20, 2025

မောင်းမကန်ရွာတွင် လာရောက်တိမ်းရှောင်နေသည့်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

July 25, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၅) နံနက် ၁၁ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်လေ့ရှိသည့် အသက် ၄၂နှစ်အရွယ် ဦးမင်းထိုက် ဆိုသူဖြစ်ပြီး မောင်းမကန်ကျေးရွာ ၇ ရပ်ကွက်တွင် လာရောက်တိမ်းရှောင်နေသည်မှာ ခုနစ်လခန့် ရှိပြီဖြစ်ကြောင်း မောင်းမကန်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြောသံကြားတာကတော့ သူ့အိမ်ကို ပြန်လာတဲ့အချိန် ဆိုင်ကယ်နဲ့လူနှစ်ယောက်က အနောက်က လိုက်လာပြီး လာပစ်သွားတာလို့ ပြောတယ်။ သေနတ်သံ ၃ ချက်လောက်ကြားတယ်” ဟု ၎င်းက ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာနှစ်ချက် ရရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒဏ်ရာက လည်ပင်းနဲ့ ဘယ်ဘက်ပခုံးမှာ တွေ့ရတယ်။ လူနာက စကားလည်းပြောနိုင်သေးတယ်” ဟု ပစ်ခတ်ခံရပြီးအချိန်က အခြေအနေကို ၎င်းက ပြောပြသည်။

၎င်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့များနှင့် သွားသွားလာလာရှိပြီး ဒလန်ဟု ပြောဆိုမှုများလည်း ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပစ်ခတ်ခံရသူသည် နယ်မြေခံရဲ၊ စခန်းမှူး၊ စစ်ကောင်စီတို့နှင့် ပူးပေါင်းကာ သတင်းပေး ဒလန်လုပ်နေသည်ဟု အများက သတ်မှတ်ထားသဖြင့် မောင်းမကန်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း Dawei Guerrilla Revolutionary Force – DGRF က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Launglone People Defense Force -LLPDF နှင့် Dawei Guerrilla Revolutionary Force အပါဝင် T -PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သုံးဖွဲ့ပေါင်း၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ နောက်ခံအားကိုးဖြင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကား နေရုံသာမက နေအိမ်၌ပင် ပေါ်ပေါ် ထင်ထင်လောင်းကစားပြုလုပ်ပြီး စစ်ကောင်စီအား ဘဏ္ဍငွေရှာဖွေပေးနေသူတစ်ဦးဖြစ်သောကြောင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း အဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ယင်းအမျိုးသားကို အရေးပေါ်ကားဖြင့် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဆေးရုံကြီးသို့ တင်ဆောင်သွားသည်ကို တွေ့ရပြီး သေဆုံးခြင်း ရှိမရှိကို မသိရသေးကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။