BREAKING
January 11, 2025

မောင်တောတွင် သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံရမှု WFP အပြင်းအထန်ရှုတ်ချ

June 25, 2024

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သိုလှောင်ရုံသည် ဇွန်လ ၂၂ရက်က ဖောက်ထွင်းလုယက်မီးရှို့ခံခဲ့ရပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း WFP က ယနေ့ ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယက်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောင်အအုံများကို ဖျက်ဆီးခြင်း သည် WFP ၏ ကူညီထောင်ပံ့ရေး ကြိုးပမ်းမှုကို ထိခိုက်ပျက်ယွင်းစေသဖြင့် ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့် ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သည့်အဖွဲ့များ အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန်လည်း WFP က တောင်းဆိုထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ပြီး အကူအညီ အရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။

ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မောင်တောမြို့ရှိ သိုလှောင်ရုံသို့ မေလနှောင်းပိုင်းမှစ၍ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း WFP ထံမှ သိရသည်။

ယင်းသိုလှောင်ရုံတွင် လူဦးရေ ၆၄၀၀၀ အတွက် တစ်လစာ ဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေး ရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့ကြောင်း ဆိုသည်။

သို့သော် ထုတ်ပြန်ချက်တွင် မည်သူတို့က လုယက်မီးရှို့ဖျက်ဆီးသည်ကို ဖော်ပြထားခြင်း မရှိသေးဘဲ အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုဆောင်းလျက်ရှိကြောင်းသာ ဖော်ပြသည်။

WFP က ယခုသတင်းထုတ်ပြန်ချက်ကို မထုတ်ပြန်မီ တစ်နာရီခန့် အလိုက ရက္ခိုင့်တပ်တော် AA က WFP သိုလှောင်ရုံနှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်များသည် မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီး သိုလှောင်ရုံရှိ ဘိလပ်မြေဟု ယူဆရသော အထုပ်များကို ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြောင်း AA က ဆိုသည်။

အဆိုပါ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် လုယက်မီးရှို့သူများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ရှင်းလင်းစွာ မမြင်ရပေ။

မောင်တောမြို့နယ်တွင် ရှိသည့် စစ်ကောင်စီတပ်စခန်များကို သိမ်းယူထားပြီးဖြစ်သဖြင့် မြို့နှင့် ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း AA က ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း ဘူးသီးတောင်မြို့တွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ရုံးနှင် ဆေးသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။