မြိတ်မြို့တွင် ဇွန်လ ၂၃ရက် ညက ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရကြောင်း ဖုန်းဆိုင်ရှင်အမျိုးသားက ပြောသည်။
မြိတ်မြို့ တိုးချဲ့ဈေးအနီး စေတနာလမ်းတွင်ရှိသည့် ဖိုးကြီးဖုန်းဆိုင် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တစ်ပတ်ရစ် ဖုန်းအလုံး ၃၀၊ Power Bank ခုနစ်လုံးခန့်အပါဝင် Hard Disk အပြင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူခံရပြီး တန်ဖိုးကျပ်သိန်း ၃၀ ထက်မနည်း ရှိကြောင်း ဆိုင်ပိုင်ရှင်အမျိုးသားက ပြောဆိုသည်။
“သော့က နှစ်လုံးခတ်ထားတယ်။ တစ်လုံးက သော့တုနဲ့ ဖွင့်ထားပုံရတယ်။ နောက်သော့တစ်လုံးက ရိုက်ဖွင့်ထားတယ်။ ဆာဗစ် အပ်ထားတဲ့ဖုန်းတွေပါ အခုထိ အစနမရသေးဘူး” ဟု ၎င်းက ပြောသည်။
မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊ အလစ်သုတ်မှုများ အဖြစ်များနေကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် မြိုတ်မြို့၊ မြို့သစ်ရပ်၊ မြရည်နန္ဒလမ်းတွင် လက်ကိုင်အိတ် အလစ်သုတ်ခံရကြောင်း ကာယကံရှင်အမျိုးသမီးက ပြောဆိုသည်။
ဆိုင်ကယ် လက်ကိုင်အောက်တွင်ရှိသည့် ခွက်ထဲ လက်ကိုင်အိတ်ကို ထည့်ထားပြီး ဆိုင်ကယ်ရပ်ထားခဲ့မိစဉ် အလစ်သုတ်ခံရခြင်းဖြစ်ကာ ဘဏ်ကတ်နှင့် ယာဉ်မောင်းလိုင်စင် ပါသွားကြောင်း ၎င်းက ဆိုသည်။
“ဒါက ကျွန်မပေါ့လို့ ဖြစ်သွားတာပါ။ သတိရလို့ ပြန်လာကြည့်တဲ့အချိန် မရှိတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
မြိတ်မြို့တွင် လူစည်ကားရာ ဈေးနှင့် ကားကွင်း စသည့်နေရာများတွင် အလစ်သူများရှိတတ်ကြောင်း မြို့ခံများထံမှ သိရသည်။
အလားတူ ယမန်နေ့ညက မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းအနီးရှိ မုန့်ဆိုင်တွင် မုန့်ဝယ်နေစဉ် ဆိုင်ကယ် လက်ကိုင်အောက်ရှိ ခွက်ထဲထည့်ထားသည့် ဖုန်းကို ခိုးယူနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
ပြီးခဲ့သည့် မတ်လကစပြီး လက်ရှိအချိန်အထိ Dawei Watch ၏ စုံစမ်းချက်အရ မြိတ်မြို့တွင် ဖောက်ထွင်းမှု၊ လုယက်မှု၊ အလစ်သုတ်မှု၊ ခိုးယူမှု စုစုပေါင်း ၈ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။