ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု ၊ မျောက်ချောရွာဝန်းကျင်တွင် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်အချို့ ဇွန်လ ၂၄ ရက်က လာရာလမ်းများအတိုင်း ပြန်ဆုတ်သွားကြောင်း မဟာမိတ်တော်လှန်ရေး အင်အားစုများထံကသိရသည်။
မလွှဲတောင်ဘက်သို့ ဇွန်လဆန်းကတည်းက ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှာမူ မျောက်ချောရွာတွင် ဆက်ရှိနေဆဲဖြစ်ပြီး ဇွန်လ ၁၉ ရက်နောက်ပိုင်း အင်အားဖြည့်တင်းထားသည့် တပ်အချို့သာ ပြန်ဆုတ်သွားခြင်းဖြစ်သည်။
“ရာဖူးဘက်လာတဲ့တပ်တွေက ရာဖူးဘက်ကို ပြန်ဆုတ်တယ် ။ ရေး၊ ကိုးမိုင်ဘက်ကလာတဲ့တပ်တွေက ကိုးမိုင်ဘက်ကို ပြန်ဆုတ်သွားတယ် ။တပ်တွေ အပြီးအပိုင်ရုတ်သိမ်းတာတော့ မဟုတ်သေးဘူး ။ ကလိန်အောင်က စထွက်ကတည်းကနေ ရေးဘက်အထိ ကုန်းမြင့်တိုင်းမှာ ဘန်ကာလေးတွေ သူတို့(စစ်ကောင်စီ) ပြင်ထားတာတွေ့ရတယ်” ဟု မဟာမိတ်အင်အားစုဝင် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နိုင်နဂါးက ပြောသည်။
ယင်းသို့တပ်အပြောင်းအလဲ လုပ်ရသည့် အကြောင်းအရင်းကို မသိရသော်လည်း ယခုလအတွင်း စစ်ကောင်စီက နယ်မြေစိုးမိုးမှု ရရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ဇွန်လအတွင်း စစ်ကောင်စီသည် မလွှဲတောင်အနီးနှင့်ရေနက်ဆိပ်ကမ်းဒေသကို စစ်ကြောင်းထိုးခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် ကျေးရွာများတွင်လည်း စစ်အင်အားချထားမှုများ လုပ်ဆောင်လာသည်ဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။
ဇွန်လလယ်ခန့်က ရာဖူးကျေးရွာအုပ်စု ၊ မျောက်ချောရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် မဟာမိတ်အင်အားစုများအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က မျောက်ချောရွာတွင် နေရာယူထားပြီး ယနေ့ (ဇွန် ၂၅)အထိ ဆက်ရှိနေဆဲဖြစ်သည် ။
ဇွန်လ ၁၈ ရက်မှ ဇွန်လ ၂၄ ရက်အထိ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သေးသည်။
ယင်းသို့ ရေဖြူမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ပြည်ထောင်စုလမ်းမအပိုင်းကို တစ်ပြိုင်တည်း စစ်ကြောင်းထိုးခြင်းသည် စစ်ရေးပိုင်းထက် ထားဝယ်ရေနက်ဆိပ်ကမ်း ပြန်လည်စတင်ရန် နယ်မြေစိုးမိုးလိုခြင်းကြောင့် ပိုဖြစ်နိုင်သည်ဟု ရဲဘော်နိုင်နဂါးက သုံးသပ်သည်။