BREAKING
January 11, 2025

မြန်မာပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်းကုလပြော

June 25, 2024

မြန်မာနိုင်ငံတွင် ပြည်သူ ၄၂သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရသည် သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် နီးစပ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး နိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် ပြည်သူ ၁၃ ဒသမ ၃ သန်းသည်လည်း စားနပ်ရိက္ခာ မလုံလောက်မှုဖြင့် ရင်ဆိုင်နေရကြောင်း UNDP က ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးကြောင်း ဆက်လက် ဖော်ပြသည်။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတစ်ဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်များသည်လည်း ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေကြောင်း UNDP က ဆိုသည်။

ယခုလအတွင်းပင် ထုတ်ပြန်ထားသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲနွမ်းပါးနေပြီး နောက်ထပ် သုံးပုံတစ်ပုံသည်လည်း ဆင်းရဲသည့် အခြေအနေသို့ ကျရောက်နိုင်ခြေ မြင့်မားနေကြောင်း ဖော်ပြသည်။

ယင်းအပြင် ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိနေသောကြောင့် ဆင်းရဲမှုအခြေအနေက ဆက်လက် ဆိုးရွားနေဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားသေးသည်။