တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်လုံးတွင် လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။
တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းကို ဇွန်လ ၁၄ရက်တွင် KNDO တပ်ရင်း (၇) ၊ KNLA တပ်ရင်း (၁၀) နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့ကြသည်။
ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က ကျောက်လုံးကြီးစခန်းကို ကား ၁၀ စီးအပြင် ခြေလျင် စစ်ကြောင်းတို့ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။
ခန့်မှန်းအင်အား ၂၀၀ခန့်ရှိ စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်လုံးတွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၂ ရက်တွင် အလယ်ချောင်း ရွာအခြေစိုက် အမြောက်တပ်ရင်း (၄၀၁) တွင် စခန်းချနေကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိဘူး။ ထိတွေ့မှုကတော့ ရက်ဆက်ပဲ။ ပစ်ခတ်မှု ကြိုကြားကြိုကြား ဖြစ်တယ်ဆိုတော့ အကြိမ်ရေအတိအကျ ပြောဖို့ခက်တယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးပေ။
အောင်သာဝရ စခန်းအသိမ်းခံရပြီးနောက် ကျောက်လုံးကြီးစခန်းလည်း တိုက်ခိုက်ခံရမည်စိုးသဖြင့် စခန်းစွန့်ခွာသွားတာ ဖြစ်နိုင်ကြောင်း KNU တပ်မဟာ ၄ နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။
ယင်းသို့စခန်းစွန့်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည်ဟုလည်း ကြားသိရကြောင်း KNU တပ်မဟာ ၄ က စစ်ရေးသတင်းအမြစ်တစ်ဦးက ပြောသည်။
“ဘာလို့ (အခု) စစ်ကြောင်းပြန်ထိုးလာလဲဆိုတာ အတိအကျမသိရပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာတော့ ဂုဏ်သိက္ခာပိုင်းအရသော်လည်းကောင်း၊ မိန်းလမ်းမတစ်လျှောက်က စခန်းတွေ၊ တပ်ရင်းတွေအတွက် လုံခြုံမှုအားနည်းသွားတဲ့ သဘောဆောင်လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။
စခန်းစွန့်ခွာသည့် အရာရှိထဲက ဗိုလ်မှူးကြီးကျော်ကျော်ထက်ကို မြိတ်မြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တပ်တွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းရသည်ဟု ၎င်းက ဆိုသည်။ အထက်ပါပြောဆိုချက်နှင့် ပက်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အောင်သာဝရစခန်းနှင့် ကျောက်လုံးကြီးစခန်းသည် တနင်္သာရီမြစ်ဘေးတွင် တည်ရှိပြီး ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက စစ်ကောင်စီတပ်သားများ အင်အား ၅၀ ခန့်စီ အခြေချတပ်စွဲခဲ့သည့်စခန်းများဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။