BREAKING
January 18, 2025

ကော့သောင်းတွင် မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံး

June 25, 2024

ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

‌ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊ သဲအင်းဂူဘုန်းကြီးကျောင်းအနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိသည့် ဒေါ်စန်းစန်းအေးဆိုသူဖြစ်ပြီး နေအိမ်၌ ထမင်းချက်နေစဉ် အိမ်နောက်ဖေးတွင် ရှိသည့် တောင်ကမ်းပါးပြိုကျပြီး ပိတ်မိသေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိုးက တော်တော်ကို ရွာနေတာ အိမ်က တောင်ကမ်းပါယံကို ဖြိုပြီးဆောက်ထားတယ်။ မြေကြီးကအိပြီး ပြိုကျသွားတာ” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။

မြေကြီးပိမိသည့်အတွက်ကြောင့် ဒေါ်စန်းစန်းအေးမှာ အသည်းကြေမွဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ ထံမှ သိရသည်။

ကော့သောင်းခရိုင်တွင် ယခုဖြစ်စဉ်အပါအဝင် ဆယ်နှစ်အတွင်း မြေပြိုမှုကြောင့် ရဟန်း သုံးပါးအပါဝင် လူပုဂ္ဂိုလ် ကိုး ဦးအထိ သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းသည် မိုးများသည့်ဒေသဖြစ်ပြီး မြေပြိုသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသောကြောင့် တောင်ကုန်းများအနီး အိမ်ဆောက်လုပ်နေထိုင်သူများ အနေဖြင့် အထူးသတိထားနေထိုင်သင့်ကြောင်း ရွှေအဏ္ဏာဝါပရဟိလူငယ်အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းနှင့် မြိတ်မြို့တွင် ပြီးခဲ့သည့် နှစ်ရက်ခန့်ကစပြီး သစ်ပင်ကြီးများ လဲကျမှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန်လ ၂၅ ရက် နံနက်ထုတ်ပြန်ချက်တွင် စစ်ကိုင်း‌တိုင်း အထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း ဖော်ပြသည်။