တိုင်းအတွင်း စစ်ရေးပြင်းထန်သောကြောင့် စစ်ဘေးရှောင်ရသည့်ဒေသများတွင် လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများ မလုပ်နိုင်ကြကြောင်း အဆိုပါဒေသမှ ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာက ဒေသခံများသည် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း ဒေသခံတို့က ဆိုသည်။
“တော်တော်များများက ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ တောလည်း မထွင်နိုင်ဘူး၊ ပစ်ထားကြရတယ်။ ရွာမှာ ပြန်ဝင် နေသူတွေလည်း တောထဲတောင်ထဲက တော်ရုံတန်ရုံ သွားလာမရဲကြဘူး။ ရွာထဲနဲ့ နီးတဲ့ ဥယျာဉ်ခြံတွေတော့ တောထွင် တာတွေဘာတွေ လုပ်နိုင်ကြမှာပါ။ ကျွန်မတို့ကတော့ အခုထိ တောထဲမှာပဲ ရှိနေသေးတယ်။ ခြံတွေ အိမ်တွေလည်း လှည့်မကြည့်နိုင်တော့ပါဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ် ရငဲရွာတွင်လည်း စစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မရှိသလောက် ဖြစ်လာကြောင်း ရငဲရွာက ဒေသခံအချို့က ပြောဆိုသည်။
ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လာသဖြင့် ရွာက ဥယျာဉ်ခြံများကို ပစ်ပြီး စစ်ဘေးရှောင်နေရကြောင်း ထမင်းမစားကျေးရွာအုပ်စု၊ နန်းပရုပ်ရွာက ဥယာဉ်ခြံရှင် အမျိုးသမီးက ဆိုသည်။
“ကျွန်မတို့ခြံတွေဆို မနှစ်ကတည်းက ပစ်ထားရတာ အခုထိပဲ။ တောလည်းသွားမထွင်ဖြစ်ဘူး။ ရော်ဘာလည်း မခြစ်ရဘူး။ အခု စစ်ဘေးရှောင်လာရင်း ဒီရွာက သူဌေးခြံမှာ ရော်ဘာပြန်ခြစ်စားနေရတယ်။ အခုလည်း ကျွန်မယောကျ်ားက တောထွင် အငှားလိုက်သွားတယ်” ဟု ၎င်းက ဆိုသည်။
ရာသီချိန်တွင် တောထွင်ခြင်း မလုပ်ဆောင်ပါက တောရိုင်းပင်များ ပိုမိုကြီးထွားလာပြီး နောက်နှစ် စက်ဖြင့် ထွင်လျှင် စက်နှင့် ပိုင်းဖြတ် မရတော့သဖြင့် လူအသုံးပြုကာ လိုက်ခုတ်ရ၍ အချိန်ပိုကြာသလို ငွေကုန်ကြေးကျလည်း ပိုများသည်။
တောရိုင်းချုံနွယ်ပင်များကို ပုံမှန်တိုင်း ခုတ်ထွင်ရှင်းလင်းပေးမနိုင်ပါက အပင်ငယ်များကို ကြွက်ကိုက်၊ ရှဉ့်ကိုက် ဖျက်စီးမှု များလည်း ဖြစ်နိုင်သည်။ လယ်ယာလုပ်ငန်းကိုလည်း ပစ်ထားလိုက်ပါက မြေမာကြောသွားပြီး လယ်ပြန်လုပ်သည့်အခါ အချိန်ပိုကုန် ငွေကုန်ကြေးကျပိုများသည်။
ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံး၊ ကျောက်မဲတောင်၊ မေတ္တာ၊ သင်္ကန်းတုံး၊ စသည့်ကျေးရွာများက ဒေသခံများလည်း အခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဥယျာဉ်ခြံများကို ပစ်ထားရကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။
“အခုဆို တောထွင်တဲ့အချိန်ရောက်နေပြီ။ ရွာကိုပြန်ဝင်မရသေးဘူး။ ကျွန်တော်တို့ခြံက ဟိန္ဒူးချောင်းဘက်မှာ ရှိတာဆိုတော့ တောထွင်ငှားလို့တော့ ရမယ်ထင်တယ်။ တချို့ခြံတွေကတော့ လူတောင်လုံးဝ ပြန်ဝင်မရဘူးဆိုတော့ ခြံတွေ ဒီအတိုင်း ပစ်ထား ရတာပေါ့” ဟု တောင်သုံးလုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်နေရသဖြင့် ယခင်လို ဥယျာဉ်ခြံထဲ အချိန်မရွေး သွားလာ၍ မရတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်တို့က မြေမြှုပ်မိုင်း ရှင်းလင်းပေးထားသည့်နေရာများကိုသာ သွားလာရဲတော့ကြောင်း ဝကုန်းရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“မနှစ်က ကွမ်းသီးတွေလည်း အပင်မှည့်ပြီး ကြွေကျနေတာ လိုက်မကောက်နိုင်ဘူး။ အခြေအနေ အေးမှပဲ တစ်ခါ သွားကောက်တယ်။ ဒူးရင်းသီးလည်း အဲဒီလိုပဲ၊ အရင်ကလို တောထဲဝင်ပြီး လိုက် မကောက်နိုင်တော့ဘူး။ တောထွင်ဖို့ဆိုလည်း လူငှားရခက်လာတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းက ထွက်ရှိသည့် ရော်ဘာ၊ ကွမ်းသီး၊ ဝဥကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို အဓိက တင်ပို့ ရောင်းချနေပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်စသည့်နိုင်ငံများကိုလည်း ရော်ဘာတင်ပို့မှုများ ရှိကြောင်း ဈေးကွက်များအတွင်းမှ စုံစမ်းသိရသည်။
တိုက်ပွဲကြောင့် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှု ပိုမိုများပြားလာသဖြင့် ပြီးခဲ့သည့် နှစ်များကထက် ရော်ဘာရရှိမှု ၃၀ရာခိုင်နှန်ုး လျော့ကျလာကြောင်း ထားဝယ်မြို့မှ ပွဲရုံပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် လမ်းကြောင်းပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုများလည်း နှောင့်နှေးကြန့်ကြာလာသည်။ ယင်းအပြင် တိုင်းပြင်ပသို့ ရော်ဘာသယ်ယူပို့ဆောင်ပါက တိုင်းအစိုးရ ထောက်ခံချက်အပါအဝင် ထောက်ခံချက် ၁၁ ခု ယူရမည်ဆိုသည့် မူဝါဒသစ်ကြောင့်လည်း ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာလာပြီး ဈေးကွက်ပါ ပျောက်လာကြောင်း ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး တနင်္သာရီတိုင်းတွင် စခန်းသိမ်းတိုက်ပွဲများနှင့်အတူ နှစ်ဖက်တိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက်မှုများ မြင့်တက်လာပြီး အရပ်သားထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ နေအိမ်မီးလောင်ပျက်စီးမှုများ ပိုမိုများပြား လာကာ စစ်ဘေးရှောင်ရသည့် နယ်မြေဒေသများလည်း ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားလာသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အရပ်သား ၅၅၄ ဦး သေဆုံးခဲ့ရပြီး အိုးအိမ်ပေါင်း ၁,၁၀၀ ခန့် မီးလောင်ပျက်စီးသလို စစ်ဘေးရှောင်ဦးရေလည်း ၆၀,၀၀၀ ခန့်အထိရှိလာသည်ဟု FE5 Tanintharyi က အစီရင်ခံစာတွင် ဖော်ပြသည်။
ထားဝယ်အရှေ့တော၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစု စသည့် မြို့နယ်များက ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။