BREAKING
January 11, 2025

ရှမ်းမြောက်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်

June 25, 2024

ပုံစာ - တအာင်းတပ် စစ်ရေးပြအခမ်းအနားတစ်ခု (ပုံဟောင်း)။ ဓာတ်ပုံ – TNLA

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ယနေ့ တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း TNLA ထံမှ သိရသည်။

TNLA တပ်မဟာ (၂) စစ်ဒေသဖြစ်သည့် ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့တွင် ယနေ့ နံနက် ၅နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင်လည်းတိုက်ပွဲဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းကို ထုတ်ပြန်ရာတွင် “၁၀၂၇ စစ်ဆင်ရေး (အဆက်)” ဟု သုံးနှုန်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်တို့ တိုက်ပွဲဖြစ်ရာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ဆိုသည်။ တိုက်ပွဲကြောင့် ကျောက်မဲမြို့တွင် စျေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ ပိတ်ထားသလို လမ်းသွားလမ်းလာများလည်း ခြောက်ကပ်နေကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။

မိုးကုတ်မြို့နယ် ပန်းဆပေရွာတွင် ယနေ့ နံနက် ၉နာရီ ၄၀ မိနစ်ကျော်မှ စတင်ကာတိုက်ပွဲဖြစ်ပွားနေကြောင်း တအာင်းတပ်က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း TNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်-မန္တလေးတို့ စစ်ကောင်စီစခန်းများကို ယနေ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေကြာင်း ပြည်တွင်းသတင်းများတွင် ဖော်ပြကြသည်။

တအာင်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဂျက်လေယာဉ်နှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန်လ ၉ရက်မှ ၂၄ ရက်အထိ TNLA တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယင်းအပြင် အရပ်သား ၁၀နှစ်အောက် ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့် နေအိမ်တို့ လည်း ထိခိုက်ပျက်စီးကြောင်း ဖော်ပြသည်။ ယင်းလုပ်ရပ်များမှာ တရုတ်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တို့ကြား ရှမ်းမြောက်တွင် အပစ်ရပ်ထားသည့် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက အကြိမ်ကြိမ် ချိုးဖောက်နေခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

ထို့ကြောင့် တင်းမာမှုများ အချိန်မရွေးပေါ်ပေါက်ကာ ဒေသတွင်းတွင် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားလာ နိုင်သဖြင့် ဒေသခံပြည်သူများ တော်လှန်ရေး၊ စစ်ရေးသတိရှိရန်၊ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်စီမံထားကြရန် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ဇွန်လ ၂၄ ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။

တပ်မဟာ (၂) စစ်ဒေသဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်တို့တွင် စစ်ကောင်စီနှင့် ပိုမိုနီးကပ် သဖြင့် လက်နက်ကြီး၊ လေကြောင်းအန္တရာယ်တို့ကို ပြည်သူများ ပိုမိုသတိထားကြရန်လည်း ၎င်းက ပြောဆိုထားသည်။

ယင်းနောက် နောက်တစ်ရက် ဇွန်လ ၂၅ ရက်နံနက်တွင် တိုက်ပွဲများ တစ်ကျော့ပြန် စတင်လာခြင်းဖြစ်သည်။

ယင်းအပြင် လားရှိုးမြို့အနီးတွင်လည်း ဇွန်လ ၂၃ ရက်က စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ရှမ်းမြောက်စစ်ရေးမှာ တရုတ်ကြားဝင် စေ့စပ်မှုဖြင့် ယခုနှစ် ဇွန်နဝါရီလ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့သည်။

ယင်းနောက် တအာင်းဒေသတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာသလို ကုန်သွယ်ရေး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်စေရန် ယခုဇွန်လ ဒုတိယပတ်အတွင်း သီပေါ-နမ္မတူလမ်းကို စစ်ကောင်စီက မြောင်းတူး ဖျက်ဆီးခဲ့သလို လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် လားရှိုး-မိုင်းယော်လမ်းကိုလည်း မြောင်းတူးကာ ဖျက်ဆီးခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီက လားရှိုးတွင် ဇွန်လအတွင်း စစ်အင်အားအများအပြား တိုးမြှင့်ပြီးနောက် ၁၀၂၇ နောက်ပိုင်း ရှမ်းမြောက်တွင် စစ်ရေးတင်းမာလာခဲ့ခြင်းလည်း ဖြစ်သည်။