BREAKING
October 19, 2024

ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာများပါသောကား ဆိုင်ကယ်နှင့်တိုက်မိပြီး မြန်မာငါးဦးဖမ်းဆီးခံရ

June 25, 2024

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ပစ်ကပ်ကား သည် ပစ္စည်းပို့ဆိုင်ကယ်တစ်စီးနှင့် တိုက်မိပြီးနောက် ကားပေါ်ပါသည့် မြန်မာငါးဦးဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။

စမွတ်စွန်ခရမ်မြို့အတွင်းရှိ ဘန်ကောက်သို့ ဦးတည်ထားသော ဖလန်ဆောင်လမ်းမတွင် ဇွန်လ ၂၃ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ္စည်းပို့ Line Man ဆိုင်ကယ်တစ်စီးက လမ်းကွေ့ရန် လမ်းကြောင်းပြောင်းဝင်သည့်အချိန် တစ်လမ်းတည်းမောင်းနေသော ပစ်ကပ်ကားက အရှိန်ဖြင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အသက် ၅၀ နှစ်အရွယ် ထိုင်းနိုင်ငံသူတစ်ဦးနေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။

ပစ်ကပ်ကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် မဟာချိုင်သို့ ပို့ဆောင်းပေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံသို့ ထွက်ဆိုထားသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးသည် ကားပေါ်မှဆင်း၍ ရွာထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

အာဏာပိုင်များနှင့် ရွာသားများ ပူးပေါင်းရှာဖွေပြီးနောက် မြန်မာနိုင်ငံသား ငါးဦးကို ပြန်လည်တွေ့ရှိခဲ့ကြ‌ပြီး ၎င်းတို့သည် အသက် ၁၆ နှစ်မှ ၂၅ နှစ်အရွယ်များဖြစ်ကြကြောင်း ဆိုသည်။

အားလုံးသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ကားခအတွက် တစ်ဦးလျှင် ဘတ် ၃၀၀၀ စီပေးချေခဲ့ကြသည်ဟု ပြောဆိုကြောင်း ဖော်ပြသည်။

ကားမောင်းနေစဉ် လမ်းကြောင်းပြောင်းဝင်လာသော ဆိုင်ကယ်ကို မမြင်လိုက်သဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကားမောင်းသမားက ရဲတပ်ဖွဲထံ ဝန်ခံထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို စမွတ်စွန်ခရမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကာ နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားမောင်းသူကိုမူ တရားမဝင် နိုင်ငံခြားသား ပို့ဆောင်မှုဖြင့် အရေးယူသွားမည်ဖြစ်ပြီး ယာဉ်တိုက်မှုအတွက် ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

Ref: Khaosod Online, Matichon Online