ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။
ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့၏ဝန်းရံမှု၊ အားပေးမှုတို့ကိုလည်း ရရှိထားသူဖြစ်သည်။
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် ၎င်း၏ပထမဆုံး UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ကို ကာဇက်စတန်နိုင်ငံသား ဇူမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး အကြိတ်အနယ် အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ဂျိုရွှာဗန်နှင့် ဇူမာဂူလော့ဗ်တို့သည် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသောပွဲချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူရာတွင် အမှတ်ပေးဒိုင်လူကြီးများက ဂျိုရွှာဗန်ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။
အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသော ဂျိုရွှာဗန်သည် Fury FC တွင် ရလဒ်ကောင်းများ ရယူကာ UFC သို့ တက်လှမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး UFC ဝင်ခွင့်ရန်အတွက် DWCS အဆင့်တွင် ထိုးသတ်ရဦးမည်ဖြစ်သော်လည်း ဇူမာဂူလော့ဗ်နှင့် ထိုးသတ်ရန် ပွဲစဉ်ထားသော ဖိလစ်ပီ ဘူနက်စ်က ပြိုင်ပွဲမစတင်မီ နုတ်ထွက်သွားခဲ့သည့်အတွက် ယင်းနေရာကို အစားထိုးထည့်သွင်းခံလိုက်ရခြင်းကြောင့် DWCS အဆင့်တွင် ထိုးသတ်စရာ မလိုတော့ဘဲ UFC ထိုးသတ်ခွင့်ကို ရရှိသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ချင်းတိုင်းရင်းသာ ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရရှိသည့် မြန်မာပြည်ဖွားဟူသော စံချိန်နှင့်အတူ UFC တွင် နိုင်ပွဲရယူနိုင်သော မြန်မာပြည်ဖွားဟူသည့် မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ရရှိသွားခဲ့ပြီဖြစ်သည်။
ဂျိုရွှာဗန်သည် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖွားမြင်ခဲ့သော မြန်မာနိုင်ငံတွင် မွေးဖွားသူ ချင်းတိုင်းရင်းသားဖြစ်သော်လည်း ယခုပွဲစဉ်ထိုးသတ်ချိန်တွင် UFC တရားဝင်ဝက်ဘ်ဆိုက်ကမူ ဂျိုရွှာဗန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုထိုးသတ်ခြင်း မဟုတ်ဘဲ အမေရိကန်ကိုယ်စားပြုအဖြစ် ထိုးသတ်သဖွယ် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။









