ဘဏ်တွင်ငွေထုတ်ရန် ခက်ခဲမှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် ဌာနဆိုင်ရာ တင်ဒါ တည်ဆောက်ရေးလုပ်ငန်းများ အခက်တွေ့နေရကြောင်း တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့ ထံမှ သိရသည်။
ယင်းအပြင် တနင်္သာရီတိုင်းတွင် အလုပ်မှ ရပ်နားခိုင်းလိုက်ရသော ဆောက်လုပ်ရေး အလုပ်သမား သောင်းချီရှိနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီအချို့က ခန့်မှန်းကြသည်။ တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆောက်အအုံ သို့မဟုတ် လမ်းတံတား တည်ဆောက်ပြီးစီးမှုရာခိုင်နှုန်းအလိုက် ငွေထုတ်ယူရသည်။ထိုသို့ငွေထုတ်ယူရာတွင် သက်ဆိုင်ရာဌာနများက ဘဏ်ချက်လက်မှတ်ဖြင့်သာ ပေးချေကြသည်။
ယင်းဘဏ်ချက်လက်မှတ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ခွင့်ရသည့်ငွေပမာဏကန့်သတ်ချက်များကြောင့် ပစ္စည်းဖိုးနှင့် အလုပ်သမားခပေးချေရာတွင် ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်နေကြသည်။
တနင်္သာရိတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၄၀၀ ကျော်ရှိပြီး လက်ရှိအနေအထားအတိုင်း ဆက်သွားပါက ကုမ္ပဏီအငယ်စားအများစုမှာ ရပ်နားရမည့် အခြေအနေရှိကြောင်း တိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ပြောသည်။“အင်အားကြီးတဲ့ကုမ္ပဏီတွေဆို ကျားကန်ပေးပြီးတောင့်ခံထားပေးလို့ နိုင်သေးတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
ယခင်က တစ်ပတ်လျှင် သိန်း၂၀၀ ထုတ်ခွင့်ရချိန်က လုပ်ငန်းလည်ပတ်ရန် အခက်အခဲမရှိသေးသော်လည်း လက်ရှိတွင် သိန်း ၅၀ သာ ထုတ်ခွင့်ရတော့သည့်အတွက် အလုပ်အားလျော့ချခြင်း၊ အလုပ်သမားလျော့ချခြင်းများ လုပ်ဆောင်နေရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌက ပြောသည်။ကုမ္ပဏီအများစုတွင် မဖြစ်မနေထားရမည့်ဝန်ထမ်းများမှလွဲ၍ အခြားဝန်ထမ်းများကို အလုပ်နားထားရကြောင်း ၎င်းက ဆိုသည်။
“အင်ဂျင်နီယာ သုံးယောက်လောက်ထားရမယ့်နေရာမှာ တစ်ယောက်လောက်ပဲ ထားတော့တယ်ပေါ့”ဟု အဆိုပါ ဥက္ကဋ္ဌက ပြောသည်။လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ် မြိတ်ဘဏ်ခွဲတွင် ကုမ္ပဏီဘဏ်စာရင်းတစ်ခုအား တစ်ပတ်လျှင် ကျပ်သိန်း ၅၀ သာ ထုတ်ခွင့်ပြုနေသည့်အတွက် လုပ်ငန်းအတွက် ငွေကြေးလည်ပတ်မှု အလျင်မီခြင်းမရှိဘဲ အခက်တွေ့နေကြောင်း မြိတ်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးက ငြီးတွားသည်။
ယင်းကဲ့သို့ ဘဏ်ငွေထုတ်ခွင့် ပမာဏကန့်သတ်ထားသည့်အပြင် မြန်မာနိုင်ငံတွင် ဘဏ်ငွေပေးချေမှု (account to account) စနစ်လည်း မဖွံ့ဖြိုးသေးသည့်အတွက် ဘိလပ်မြေ၊ သံချောင်း၊ အလူမီနီယံပိုက်၊ ဒီဇယ်ဆီ အစရှိသည့် ပစ္စည်းဖိုးနှင့် အလုပ်သမားခ ပေးချေရာတွင် အခက်ကြုံနေကြသည်။
“အစိုးရဆီက ရရင် ကျွန်တော်တို့က ချက် နဲ့ရတာကိုး။ ဘဏ်ကတော့ သူ့သတ်မှတ်ချက်အတိုင်းထုတ်ပေးတာပေါ့။ ဒီဟာမျိုးကျတော့ လုပ်ငန်းလုပ်ရတာ ခက်ခဲတာပေါ့” ဟု အထက်ပါ လုပ်ငန်းရှင် အမျိုးသားက ပြောသည်။ယင်းအခက်အခဲအပြင် ပုဂ္ဂလိက ဘဏ်ရှိ အပ်ငွေများလည်း ထုတ်ရန်အခက်အခဲနှင့်လည်း ရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။“လူတိုင်းကတော့ ခက်နေတာပေါ့၊ အလုပ်တွေက (သတ်မှတ်ချိန်အတွင်း) မပြီးဘဲဖြစ်ကုန်မှာပေါ့” ဟု ၎င်းက ပြောသည်။
တင်ဒါဆောင်လုပ်ရေးကုမ္ပဏီများမှာ ယင်းအခက်အခဲအပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ရိုက်ခတ်သည့် ဂယက်လည်း ကြုံနေကြရသည်။တင်ဒါကုမ္ပဏီများက အစိုးရ၏ လမ်း၊ တံတား၊ အဆောက်အအုံများ ဆောက်ခွင့်ရရန် တင်ဒါယှဉ်ပြိုင်ချိန်က ကျပ်ငွေ နှုန်းထားအတိုင်း တွက်ချက်ကာ ဝင်ရောက်ယှဉ်ပြိုင်ထားကြသည်။သို့ရာတွင် ဖေဖော်ဝါရီလ တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသည့်အတွက် အမေရိကန်ဒေါ်လာ သို့မဟုတ် ထိုင်းဘတ်ငွေလဲလှယ်နှုန်းထားများ အဆမတန်မြင့်တက်သွားခဲ့သည်။
တပ်အာဏာမသိမ်းမီက ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၀၀ ကျော်သာရှိရာမှ လက်ရှိတွင် ၁၆၀၀ ကျပ်အထိ မြင့်တက်သွားသည်။ထိုကြောင့် ယခင်က တွက်ချက်ထားသည့် နှုန်းထားနှင့် အမှန်တစ်ကယ်တည်ဆောက်ချိန်တွင် ဝယ်ယူရသည့် သံချောင်း၊ ဘိလပ်မြေ၊ ဒီဇယ်ဆီ အစရှိသည့် ပစ္စည်းများ၏ဈေးနှုန်းမှာ များစွာကွာဟသွားတော့သည်။ယခင်တွက်ချက်စဉ်က သံချောင်းတစ်တန်လျှင် ၇ သိန်းကျပ် ဝန်းကျင်သာရှိရာမှ လက်ရှိတွင် ၁၀ သိန်းကျော်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းရှင်အချို့က ဆိုသည်။
ထိုသို့သော အခက်အခဲအကြပ်အတည်းများကြောင့် အလုပ်လုပ်သည့်အားကိုလည်း လျော့ချလိုက်ရကြောင်း ကုမ္ပဏီပိုင်ရှင်အချို့က ပြောသည်။“အရင်က တစ်ရာအား လုပ်နေတဲ့နေရာမှာ အခုဆိုတော့ နှစ်ဆယ်အား လောက်တော့ ကျန်တာပေါ့၊ လျော့ရတာပေါ့လေ” ဟု ယင်းကုမ္ပဏီပိုင်ရှင်က ဆိုသည်။
ယင်းသို့ အလုပ်လုပ်သည့်အား လျော့ထားရသည့်အတွက် အလုပ်သမား ၆၀ ရာခိုင်နှုန်းခန့်ကိုလည်း အလုပ်ထုတ်လိုက်ရကြောင်း ၎င်းက ပြောသည်။လက်ရှိဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအစိုးရ၏ တစ်နှစ်စာအသုံးစရိတ်မှာ ငွေကျပ် ၁၈၇ ဘီလီယံခန့်ရှိမည်ဟု ရသုံးဌာနမှ တပ်အာဏာမသိမ်းမီက ခန့်မှန်းထားသည်။
တိုင်းဒေသကြီးဘတ်ဂျက်၏ စုစုပေါင်းအသုံးစရိတ်အပေါ်တွင် ကျေးလက်လမ်းနှင့် လမ်းဦးစီးဌာနတို့၏ လုပ်ငန်းများကို အဓိကထား သုံးစွဲမည်ဖြစ်ကြောင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက်အရ သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးစုစုပေါင်းအသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းခန့်အထိ သုံးစွဲမည်ဖြစ်ပြီး လမ်းဦးစီးဌာနက ၂၆ ရာခိုင်နှုန်းကျော်အထိ သုံးစွဲမည်ဖြစ်သည်။