BREAKING
December 22, 2024

မိုးရာသီနှင့် တောင်ပိုင်းကစစ်ဘေးရှောင်

May 25, 2024

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်လာသည့်အတွက် ဒေသခံ အများအပြားမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တွင် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းဖြစ်သည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံး၊ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီစသည့်မြို့နယ်များတွင် စစ်ဘေးရှောင် အများဆုံးဖြစ်နေကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။

FE5 Tanintharyiဆိုသည်မှာ တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွား၊ စစ်ဘေးရှောင်ကိစ္စများကို လေ့လာသုတေသနပြုပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် သုတေသနအဖွဲ့အစည်းဖြစ်သည်။

ထိုအဖွဲ့၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း စစ်ဘေးရှောင်ခြောက်သောင်းနီးပါးရှိနေသည်။

ထိုစစ်ဘေးရှောင်များက စစ်ဘေးရှောင်စခန်းများ၊ အခြားဒေသရှိ ဆွေမျိုးအိမ်များနှင့် နီးစပ်ရာတောတောင်ဥယျာဉ်များတွင် ဖြစ်သလို ခိုလှုံနေရသည်။

စစ်ဘေးရှောင်များလာသည့် အခြေအနေတွင် စစ်ကောင်စီကလည်း ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို ဧပြီလဆန်းမှစကာ လုံးဝပိတ်ပင်ကန့်သတ်လိုက်သည်။

စစ်ဘေးရှောင်အများစုရှိသည့် ကျေးလက်ဒေသများကို ကန့်သတ်လိုက်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွင် အခက်အခဲများစွာ ကြုံနေရသလို စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြသည်။

ထိုကြောင့် တိုက်ပွဲနှင့် ပဋိပက္ခပိုမိုပြင်းထန်လာသည့် အခင်းအကျင်းတွင် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအခြေအနေနှင့် ဆေးဝါးလိုအပ်ချက်များကို သိရှိနိုင်ရန် နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကို မေးမြန်းဖော်ပြလိုက်ပါသည်။

နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပို့ရေးအဖွဲ့မှာ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို အဓိကကူညီနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

DW ။ အခုက ပူပြင်းတဲ့ရာသီဖြစ်တော့ စစ်ဘေးရှောင်တွေ ဘယ်လိုကျန်းမာရေးပြဿနာတွေ အများဆုံး တွေ့ကြုံခံစားနေရလဲ။ စစ်ဘေးရှောင်တွေ နေမကောင်းဖြစ်လာရင် ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။

ဖြေ ။ အပူဒဏ်ကြောင့်ဆို ချွေးတွေပြန်ပြီး အပူရှပ်ကြတာများတယ်။ သွေးအားနည်းတဲ့သူတွေကျတော့ သွေးပေါင်တွေ တအားကျတယ်။ သွေးတိုးသမားတွေကျတော့ ချွေးစေးတွေ တအားထွက်ပြီး ချွေးတွေ ပြန်ကြတဲ့အခြေအနေရှိတယ်။ ဆီးချိုသမားတွေကျတော့လည်း ဆီးချိုတွေ တအားတက်ကြတယ် ပူတယ်ဆိုတော့လေ။ အရေးပေါ်အခြေအနေအထိ ဖြစ်ကြတယ်။

နောက်တစ်ခုက အပူများလို့ ကလေးငယ်တွေက ဗိုက်တွေနာတယ်။ ဝမ်းလျှောကြတယ်။ ဒါက ကလေးရော လူကြီးရောပဲ။ အပူများလာလို့ ယားနာတွေဖြစ်ကြတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး ကလေးတွေကိုယ်ပေါ်မှာ ဒေသအခေါ် ချွေးဗျောသီး (မြန်မာအခေါ် မိတ်) အဲဒါတွေ ထွက်ကြတယ်။ အလုံးသေးသေးလေး အနီရောင်လေးတွေ။ ကလေးရော လူကြီးရော တစ်ကိုယ်လုံး မိတ်တွေပေါက်ကြတယ်။

DW ။ လက်ရှိမှာက စစ်ကောင်စီတပ်က ဆေးဝါးအပါအဝင် စားနပ်ရိက္ခာတွေ သယ်ဆောင်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဆေးဝါးလိုအပ်ချက် အခြေအနေက ဘယ်လိုရှိလဲ။ဘယ်လို ဆေးဝါးတွေ အဓိက လိုအပ်နေလဲ။

ဖြေ ။ မိုးရာသီထဲ ဝင်လာပြီဆိုတော့ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားဆေး၊ သွေးလွန်တုပ်ကွေးဆိုရင် ပိုးသတ်ဆေး၊ ဆေးဘူးကြီး (ဒရစ်ချိတ်တာ)တွေ ထိုးရတယ်။ ဒီပိုးသတ်ဆေးတွေ ချိတ်ဖို့က မရှိကြဘူး ။ စစ်ကောင်စီက ကားလမ်းတွေ ပိတ်ထားတယ်ဆိုတော့။ ဒါကြောင့် အခက်အခဲ တအားဖြစ်တယ်။ အခြားဆေးတွေ အနေနဲ့က ဝမ်းပျက်ဝမ်းလျှောဆို ဝမ်းပျက်(တိတ်)ဆေး၊ ငှက်ဖျားဆို ငှက်ဖျား၊ သွေးလွန်တုပ်ကွေးဆို သွေးလွန်တုပ်ကွေး၊ ပြီးတော့ ပုံမှန်အမြဲရောဂါရှိနေတဲ့ သွေးတိုး၊ ဆီးချိုသမားတွေအတွက်က မရှိမဖြစ်လိုအပ်တယ်လေ။

အစ်မတို့ရွာနားကဆို သွေးသွင်းရတဲ့သူတွေရှိတယ်။ သူတို့သွေးသွင်းနေရတဲ့သူတွေဆိုရင် ကားလမ်းကလည်းပိတ် တိုက်ပွဲကလည်းဖြစ်ဆို တအားအခက်အခဲတွေလည်း ဖြစ်ကြတယ်။ ဘယ်လိုပြောရမလဲဆိုရင် ရာသီအလိုက် သက်ဆိုင်တဲ့ဆေးတွေက ပုံမှန်လိုအပ်နေတာမျိုးပေါ့။ သေနတ်သံတွေပိုများလာလေ သွေးတိုး၊ဆီးချိုသမားပိုများလာလေ သွေးပေါင်ကျသမားတွေများလာလေ တစ်ချိန်လုံးတွေ့နေရတယ်။ တစ်နေ့တစ်နေ့ ဘယ်လိုစားရမလဲတွေးနေကြရင်း ဆေးတွေကလည်း မရှိကြတော့ သူတို့ ပူပင်သောကတွေ ပိုပိုဖြစ်လာကြရတယ်။ ဒါတွေကြာလာတော့ ခေါင်းတွေ မူးလာတာပေါ့ကွယ်။ စားမဝင် အိပ်မပျော်ကြဘူး။

DW ။ ဆေးဝါးလိုအပ်ချက်တွေကိုရော ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်နေရလဲ။

ဖြေ ။ ဒီလိုမျိုး အရေးပေါ်တွေလိုအပ်လာရင် တစ်ရွာမှာမရှိရင် နောက်တစ်ရွာမှာ လိုက်ရှာ လိုက်မေးရတာပေါ့။ ဆေးတစ်လုံး လိုလို့ ရဖို့အရေး စစ်ကောင်စီက လွတ်မလားဆိုတဲ့ကြားထဲ တအားပင်ပန်းကြတာပဲကွယ်။ ဒီလိုမျိုး ပတ်ပြီး လိုက်ရှာရတယ် ဆေးတစ်လုံးရဖို့အရေး။

DW ။ အခုဆိုရင် မိုးရာသီကို ရောက်လာတော့မှာပေါ့နော်။ ဆိုတော့ ပြီးခဲ့တဲ့နှစ်မိုးရာသီတုန်းက စစ်ဘေးရှောင်တွေကြားမှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ ။ အခု နွေအကုန် မိုးအကူး သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားတွေ စရှိနေကြပြီ။ နည်းနည်းပါးပါးတော့ ပေါ်နေကြပြီ။ ဒီလိုမျိုး ပေါ်နေကြတဲ့သူတွေ ရှိလာပြီဆိုရင် ကျန်တဲ့သူတွေပါ ဖြစ်လာတော့မယ့် အနေအထားပေါ့။ ဒါတွေအတွက်လည်း စိတ်ပူနေရတယ်။ အရင်နှစ်က ရှောင်ကြတဲ့သူတွေက ဘန်းလမွတ်(တနင်္သာရီမြို့နယ်) ဘက်က ဒီရွာတွေဘက်ကို လာရှောင်နေကြတာ။ အဲအချိန်တုန်းက ကားလမ်းတွေ ကောင်းနေသေးတယ်။ ဆိုတော့ အဆင်ပြေနေသေးတယ်။ ဆေးရုံးဆေးခန်းတွေနဲ့လည်း အဆင်ပြေနေသေးတယ်လေ။ ဒါကြောင့် ဖြစ်ရင် အစ်မတို့က ဆေးရုံဆေးခန်း တန်းပို့ပေးတာပေါ့ကွယ်။

ဆေးခန်းမှာ ကုန်ကျခဲ့တဲ့ငွေတွေတောင် အစ်မတို့အဖွဲ့က ထောက်ပံ့ပေးခဲ့သေးတယ်။ အစ်မတို့အဖွဲ့ကို လာလှူထားတဲ့ငွေတွေဆိုရင် အရေးပေါ်အတွက် စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ဆိုပြီး ချန်ထားလေ့ရှိတယ်။ ဒီထဲကနေ ပြန်သုံးပေးတယ်။ မိုးတွင်းဆိုရင် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးကတော့ ပုံမှန်ပဲ။

DW ။ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာကို ဘယ်လိုမျိုးကာကွယ်ကုသဖို့ စီမံထားလဲ။

ဖြေ ။ ခြင်ကိုက်မခံရအောင် ခြင်ထောင်နဲ့အိပ်ဖို့ ပြောပြပေးတယ်။ ဒါပေမယ့် ပြောပြတဲ့အဆင်ပဲ နိုင်တယ်။ ခြင်ထောင်တွေ လိုက်ပေးနိုင်လားဆို ကျွန်မတို့မပေးနိုင်ဘူး။ ကျွန်မတို့မှာ ဘတ်ဂျက်ကလည်း အဲလောက်မရှိ။ စစ်ဘေးရှောင်တွေ စားသောက်ဖို့ နောက်စစ်ဘေးရှောင်တွေနေရာကို ကွင်းဆင်းပြီး ကျန်းမာရေးအသိပညာပေးတာမျိုးတွေ ရှိတယ်။ နောက်ထပ် သူတို နေထိုင်ဖို့ ဒီလိုမျိုး လုပ်ပေးတာမျိုးပဲ နိုင်တယ်။ ခြင်ထောင်ရှိရဲ့လား စောင်ရှိရဲ့လား ဆိုတဲ့ အသေးစိတ်အထိတော့ လိုက်မေးပြီး မပံ့ပိုးပေးနိုင်ဘူးဆိုတဲ့ သဘောပေါ့ကွယ်။

DW ။ နောက်တစ်ခုကလေ စစ်ဘေးရှောင်လာတဲ့သူတွေထဲမှာ ကလေးတွေလည်း များတာပေါ့နော်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ဆေးဝါးသယ်ခွင့်ကန့်သတ်ထားတယ်ဆိုတော့ ကလေးတွေအနေနဲ့ ကာကွယ်ဆေးထိုးခွင့်ရရဲ့လား။ ဘယ်လိုကာကွယ်ဆေးမျိုး လိုအပ်လဲ။ ကာကွယ်ဆေးတွေရဖို့ အလှူရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတာမျိုးရှိလား။

ဖြေ ။ ကာကွယ်ဆေးကတော့ မထိုးကြရဘူး။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီခန့်ထားတဲ့ ဆရာမတွေ မရှိကြဘူးလေ။ ပြီးတော့ ဒီဆေးတွေ အဓိကထွက်လာတာက စစ်ကောင်စီထဲကပဲ ထွက်လာတာ။ ကာကွယ်ဆေးတွေကိုက စစ်ကောင်စီကပဲ ထိန်းထားတာ။ ကလေးတွေကိုက ၆ လလောက်ရှိရင် ဘာဆေးတိုက်ရမယ်ဆိုတာမျိုးရှိတယ်လေ ဥပမာ ဝက်သက်ကာကွယ်ဆေးတို့ပေါ့။ ပုံမှန်ထိုးဖို့ ကာကွယ်ဆေးတွေ လိုအပ်တယ်လေ။ ဒီလိုဆေးတွေ ထိုးပေးဖို့က အရင်တုန်းက အစိုးရကနေ ထားပေးထားတယ်လေ။ ဆိုတော့ အဆင်ပြေတယ်။ အခုကတော့ အစ်မတို့ဘက်ကို မပေးတော့ဘူးလေ။ အခုက မွေးစာရင်းတောင်မှ လုပ်ရတာ အဆင်မပြေတော့ဘူး။ အစ်မတို့က မှတ်ပေးထားတာပဲရှိတယ်။

သူတို့ကိုယ်တိုင် သွားလုပ်ချင်သွားလုပ်ကြပေါ့။ စစ်ကောင်စီရှိတဲ့ မြိတ်တို့ တနင်္သာရီတို့ဘက်မှာ။ အစ်မတို့ဘက်မှာတော့ ဒီကာကွယ်ဆေးတွေ ထိုးပေးနိုင်တဲ့ အင်အားတော့ မရှိဘူး။ ကာကွယ်ဆေးရဖို့ အလှူရှင်တွေကို ဒီလိုမျိုးတော့ အစ်မတို့ မတောင်းဖူးဘူး။ ပြီးတော့ လိုအပ်နေလားဆိုပြီးလည်း ဘယ်သူမှ လာမမေးကြဘူး။ ကာကွယ်ဆေးဆိုတာလည်း ယူလာပေးမှရတာ။ ရေခဲစိမ်ထားပြီး ဘယ်လောက်အကြာမှာ ထိုးလို့ရတယ်ဆိုတာမျိုး။ ကားလမ်းတွေကလည်း အမြဲပိတ်ထား။ ရေခဲတွေကလည်း ကိုယ်လိုချင်တဲ့အချိန်မရ။ ရေခဲသေတ္တာတွေလည်း မရှိကြကွယ်။ ရှိလည်း လျှပ်စစ်ထုတ်ဖို့ ဆီသယ်ခွင့်တွေ ကန့်သတ်ထားတော့ ရေခဲသေတ္တာရှိလည်း မီးမရှိဘူး။ ကာကွယ်ဆေးဆိုတာကလည်း ဒီလိုမျိုး ဝယ်ပြီး ထိုးရတာမျိုးမဟုတ်ဘူးလေ။ အပြင်မှာလိုက်ဝယ်လို့လည်း မပြေဘူးလေ။

DW ။ တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာရသူတွေဆိုတော့ စစ်ဘေးရှောင်တွေထဲမှာ စိတ်ကျန်းမာရေး အခြေအနေတွေက ဘယ်လိုရှိလဲ။ဘယ်လိုလက္ခဏာတွေ ကြုံနေရလဲ။ဒီအတွက်ရော နှစ်သိမ့်ပညာပေးတာ တွေရှိလား။

ဖြေ ။ သွားတဲ့နေရာတိုင်းမှာ စိတ်ကျန်းမာရေးနဲ့ပက်သက်ပြီး ထိခိုက်နေတဲ့သူတွေကို တွေ့ရတယ်။ တွေ့လိုက်ရင် “ကိုယ်ပဲ ဖြစ်ချင်သေးတယ်” လာပြတဲ့သူတိုင်းကို ပြောနေရတဲ့စကားပေါ့။ အသက်ကြီးတဲ့သူတွေ မိသားစုများတဲ့သူတွေဆို ပိုဆိုး။ ဆန်တစ်အိတ် တစ်သိန်းနှစ်သောင်း ဖြစ်နေတဲ့အချိန် တစ်ပြည်ချင်း ဝယ်စားနေရတဲ့သူတွေလေ သူတို့က။ အချို့က နေ့တိုင်းအရစ်ကျပေးပြီး ဝယ်ဖို့တောင် မနိုင်ကြဘူး။ ဒီလိုမျိုး စားဝတ်နေရေးအတွက်ကို လုံးပမ်းနေရတယ်ဆိုတော့ တစ်ရက် တစ်ရက် ကာမိပါ့မလား။ မိန်းမငယ်ဆိုလည်း အပျိုဖြစ်လာပြီဆိုတော့ လစဉ်သုံးတွေ လိုတယ်လေ။ အိမ်သုံးစရိတ်၊ အဝတ်အထည်လိုလာတယ်ဆိုတော့ မိသားစုတွေက စိတ်ပူပင် သောကတွေဖြစ်တဲ့ ရောဂါတွေလည်း များလာကြတယ်။ သူတို့မှာ အိမ်ပျော်ဘူး။ စားလည်းမဝင်ဘူး ဖြစ်နေကြတာ။

ဒါဆို ဖြစ်နေတာ ခဏပဲ ကိုယ့်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးဆိုပြီး တွေးခိုင်းတယ်။ အကုန်ခြုံလိုက်ရင် သူများနေရာထက်စာရင် ကိုယ့်နေရာကနည်းနည်းတော်သေးတယ်။ သူများနေရာမှာ ဒီထက်ဆိုးသေး ကျွန်မတို့မှာစားဖို့ ရှိသေးတယ်ဆိုပြီး ပြန်ဖြေခိုင်းတယ်။ပြီးတော့ အရှေ့‌(ရှေ့ရေး)တွေ အများကြီး လိုက်မတွေးခိုင်းဘူး။ ဒီတစ်ရက်မှာ ဖြစ်တာကိုပဲ ဖြေရှင်းနိုင်အောင် တွေးခိုင်းတယ်။ နောက်မှ ပြန်အဆင်ပြေသွားမယ်ပေါ့။ အခုတော့ အတွေးတွေ အများကြီး မချဲ့ဖို့ရယ် တကယ်လို့ အတွေးများလာလို့ရှိရင် တရားထိုင် ရေနွေးကြမ်းသောက် အဲလိုမျိုး စိတ်ကို ငြိမ်ငြိမ်ထားခိုင်းတယ်။ ပြဿနာရှိလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာလောက်ပဲပေါ့ တွေးခိုင်းဖြစ်တယ်။ မဟုတ်ရင် ကိုယ်လည်း ကျန်းမာရေးမကောင်းဘူးဆိုတာမျိုးပေါ့။ အတွေးကို မလွန်စေဘဲ ထိန်းသင့်တယ်ဆိုတာမျိုး ပြောပေးနေရတယ်။

DW ။ အမျိုးသမီးတွေ ပုံမှန်ကြုံတွေ့ရတဲ့ အခက်အခဲ၊ လိုအပ်ချက်တွေက ဘာတွေဖြစ်နေလဲ။

ဖြေ ။ အမျိုးသမီးငယ်တွေက အမျိုးသားတွေနဲ့ မတူဘူး။ လိုအပ်ချက်တွေက သူတို့က အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ တအားလိုအပ်တယ်။ အမျိုးသမီး အတွင်းခံတွေပေါ့။ အပေါ်နဲ့ အောက်အတွက်ရောပေါ့။ အချို့နေရာတွေမှာဆို ရှိတောင်မရှိကြဘူး။ တအား ပင်ပန်းကြတယ် နေနေကြတာ။ အတွင်းခံတွေ မသန့်ရင် ကိုယ်အင်္ဂါ(မိန်းမကိုယ်) ကနေတဆင့် အမျိုးသမီး သားအိမ်ထဲ ရောဂါပိုးတွေ အချိန်မရွေးရောက်လာနိုင်တယ်။ ဒါတွေကို ပြင်ပက အဖွဲ့တွေကို သိအောင်ပြောပြချင်တယ်။ အမျိုးသမီးငယ်တွေမှာ အရမ်းလိုအပ်နေတယ်ဆိုတာမျိုးပေါ့။

DW ။ တစ်ကယ်လို့ အဲလို အမျိုးသမီးပစ္စည်းတွေ မရရင် မလုံလောက်ရင် ဘယ်လို ပြသနာတွေ ဖြစ်နိုင်လဲ။

ဖြေ ။ မိုးတွင်းဆို အတွင်းခံတွေ မလုံလောက်ဘူး။ လျှော်ပြီး လှန်းထားတယ်။ ပြီးတော့ မခြောက်ဘူး။ ရေစိုနေသေးတယ်ဆိုတော့ အချိန်မရွေး မှိုတွေ တက်လာနိုင်တယ်လေ။ ဒီကနေမှ အမျိုးသမီးကိုယ်တွေထဲ ဝင်ပြီး ယားယံတာတွေ ဖြစ်လာတာများတယ်။ အမျိုးသမီးကိုယ်အင်္ဂါတွေယားယံတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ နောက်ဆက်တွဲဖြစ်လာတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။