စတင်ဝင်ရောက်လာပြီဖြစ်သည့် မုတ်သုန်မိုးနှင့်အတူ တနင်္သာရီတိုင်း၏ မိုးရာသီကာလကို ရောက်ရှိလာတော့မည်ဖြစ်သည်။
စံချိန်တင်သည်အထိ နေ့အပူချိန်မြင့်မားခဲ့မှုနှင့်အတူ လျှပ်စစ်မီးပုံမှန်မရရှိသည့်အတွက် မိုးကိုမျှော်နေကြသည်။
မုတ်သုန်မိုးနှင့်အတူ မိုးရာသီဝင်လာသဖြင့် နေ့အပူချိန်လျော့ကျတော့မည်ဖြစ်၍ ပျော်ကြရသော်လည်း မိုးရာသီရောက်မည်ကို ကြောက်ရွံ့နေသူများရှိနေသည်။
တနင်္သာရီတိုင်း၏ မိုးရာသီမှာ အခြားဒေသများနှင့်မတူ မိုးရွာသွန်းမှုများလေ့ရှိသလို လေပြင်းများလည်း တိုက်လေ့ရှိသည်။
ယင်းအခြေအနေကို ရှောင်လွှဲလို့မရဘဲ ခါးစည်းခံကြရမည့်သူများ တနင်္သာရီတိုင်းတွင် ရှိနေသည်။
၎င်းတို့မှာ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများပင်။
အမိုးအကာ ခိုင်ခိုင်ခံ့ခံ့မရှိဘဲ ဖြစ်သလိုနေကြရသည့် စစ်ဘေးရှောင်များအတွက် မိုးပြင်း၊လေပြင်းကျပါက အခက်အခဲများစွာကြုံကြရမည်ဖြစ်သည်။
ယင်းအပြင်မိုးရွာသွန်းမှုများလာပြီဆိုပါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများလည်း ကြုံကြရမည်ဖြစ်၍ ရိက္ခာနှင့် ဆေးဝါးအခက်အခဲများကလည်း ဆီးကြိုနေကြသည်။
တနင်္သာရီတိုင်းက စစ်ရှောင်များ
တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာမှုကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်အရေအတွက်မှာ ဆက်တိုက်မြင့်တက်လာနေသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံး၊ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီစသည့်မြို့နယ်များတွင် စစ်ဘေးရှောင် အများဆုံးဖြစ်နေကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။
FE5 Tanintharyiဆိုသည်မှာ တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွား၊ စစ်ဘေးရှောင်ကိစ္စများကို လေ့လာသုတေသနပြုပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် သုတေသနအဖွဲ့အစည်းဖြစ်သည်။
ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေအိမ်မီးရှို့ခံရမှုနှင့် ရက်ရှည်တိုက်ပွဲများ စစ်ကြောင်းထိုးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော ပြည်သူ အနည်းဆုံး ၃၀၀၀၀ ကျော်ရှိခဲ့သည်။
ယင်းအဖွဲ့က သုတေသနပြုထုတ်ပြန်ထားသော အချက်အလက်များအရ ဧပြီလတွင် တိုက်ပွဲပေါင်း အကြိမ် ၈၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် လလည်းဖြစ်သည်။
ယင်းကြောင့် စစ်ဘေးရှောင်ပမာဏမှာလည်း အမြင့်ဆုံးတွင်ရှိနေပြီး တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း စစ်ဘေးရှောင် ခြောက်သောင်းနီးပါးအထိရှိခဲ့သည်။
တနင်္သာရီတိုင်းတွင် အမြဲတမ်းစစ်ဘေးရှောင်စခန်း ၆ ခုခန့်သာရှိပြီး ယင်းစခန်းများတွင် ခိုလှုံနေသူမှာ အများဆုံး ငါးထောင်၊ခြောက်ထောင်ခန့်သာရှိသည်။
စစ်ဘေးရှောင်အများစုမှာ နီးစပ်ရာတောတောင်ဥယျာဉ်များတွင် ဖြစ်သလို စစ်ဘေးရှောင်နေလေ့ရှိပြီး တိုက်ပွဲနှင့်ပဋိပက္ခများ ငြိမ်သွားချိန်တွင် နေရပ်ပြန်လေ့ရှိကြသည်။
အချို့မှာ မြို့ပေါ်နှင့် နီးစပ်ရာဒေသများရှိ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်သူများလည်းရှိသည်။
မြိတ်ခရိုင် ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၂၈၀၀၀ ကျော်ရှိခဲ့ရာတွင် ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၁၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး ကျန်သူများမှာ နီးစပ်ရာ တောတောင်၊ ဥယျာဉ်ခြံနှင့် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများဖြစ်သည်။
ယင်းအခြေအနေကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ကူညီရေးမှာ အခက်အခဲ အကန့်အသတ်များ ရှိနေသည်။
တောတောင်နှင့် ဥယျာဉ်ခြံများတွင် သွားရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် အများအပြားမှာ အကူအညီမရသဖြင့် အခက်အခဲများ ကြုံနေကြရသလို စစ်ဘေးရှောင်ကူညီသူများ အနေဖြင့်လည်း နေရာစုံတွင် ပျံ့နှံ့နေသည့် စစ်ရှောင်များကို အကူအညီပေးနိုင်ရန် မလွယ်ကူလှပေ။
ပိတ်ဆို့ခံ ဒေသက စစ်ရှောင်များ
တိုက်ပွဲများပြင်းထန်လာပြီး ထိုးစစ်၊ စခန်းသိမ်းစစ်ပွဲများနှင့် ပိုမိုရင်ဆိုင်လာရသည့် စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်ဗျူဟာကို ပိုမိုကျင့်သုံးလာသည်။
မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်အဆက်ဆက်က လက်စွဲကျင့်သုံးလာသည့် စားနပ်ရိက္ခာ(ဆေးဝါးပါ)ဖြတ်တောက်ရေး၊ ငွေကြေးဖြတ်တောက်ရေး၊ သတင်းနှင့် တပ်သားသစ်စုဆောင်းနိုင်မှု ဖြတ်တောက်ရေးဖြစ်သည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် ဖြတ်လေးဖြတ် ဗျူဟာကျင့်သုံးပြီး တော်လှန်ရေးအဖွဲ့များ အင်အားနှင့် စိတ်ဓာတ် ချိနဲ့သွားစေရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။
တိုက်ပွဲများပြင်းထန်နေသည့် တနင်္သာရီ၊ ပုလော၊ ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်က ဆေးဝါးနှင့် ရိက္ခာဖြတ်တောက်ထားသည်။
စစ်ကောင်စီတပ်၏ ပိတ်ပင်ကန့်သတ်ခံထားရသည့်ဒေသများမှာ ပထဝီအနေအထားအပေါ်မူတည်ကာ မြို့နယ်တစ်ခုနှင့်တစ်ခု အကျပ်အတည်းရင်ဆိုင်ရပုံ မတူညီကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များကူညီရေးအဖွဲ့ မြေပြင်တာဝန်ခံ ယောနသံက ဆိုသည်။
ဝင်ပေါက် ထွက်ပေါက်များသည့် ဒေသများတွင်မူ ဆေးဝါးနှင့် ရိက္ခာကို နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ပံ့ကူညီခြင်း၊ သယ်ဆောင်ခြင်းများ လုပ်ရန် အခွင့်အလမ်းရှိသေးကြောင်း ၎င်းက ပြောသည်။
“အချို့ဒေသတွေကကျတော့ အဝင်လည်းဒီတစ်ပေါက်ပဲ အထွက်လည်း ဒီတစ်ပေါက်တည်းဆိုတော့ ကျွန်တော်တို့မှာ (ပိတ်ဆို့) ခံရတာ တော်တော်လေး မသက်သာဘူးပေါ့နော်”ဟု ယောနသံက ဆိုသည်။
ထားဝယ်အရှေ့တောဒေသကိုလည်း ပြီးခဲ့သည့်လကစကာ ဆေးဝါး၊ ရိက္ခာနှင့် မိုးကာအပါအဝင် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကန့်သတ်လိုက်သည့်အတွက် ရိက္ခာနှင့်ဆေးဝါးအခက်အခဲကြုံရမှု ပိုများကြောင်း ယောနသံက ဆိုသည်။
အရှေ့တောဒေသတွင် စပါးစိုက်ပျိုးနိုင်သည့် လယ်ယာမြေမရှိသည့်အခြေအနေကလည်း ဒေသခံစစ်ဘေးရှောင်များအတွက် ပိုအခက်တွေ့စေကြောင်း ၎င်းက ပြောသည်။
“ရိက္ခာတွေရော၊ ဆေးဝါးတွေရော၊ မိုးကာတွေရော ဘာတစ်ခုမှ သယ်ခွင့်မပြုတဲ့အတွက်ကြောင့်မို့ ကျန်းမာရေးအတွက်ရော ပညာရေးအတွက်ရော စားနပ်ရိက္ခာတွေအတွက်ရော တော်တော်လေးအခက်အခဲကြုံနေရတဲ့ အခြေအနေမျိုးရှိတယ်ပေါ့”ဟု ယောနသံက ဆိုသည်။
တနင်္သာရီမြို့နယ်တွင် ဆေးဝါးနှင့် ရိက္ခာသယ်ယူခွင့်ကို ဧပြီလဆန်းကစကာ စစ်ကောင်စီတပ်က လုံးဝပိတ်ပင်ကန့်သတ်လိုက်သည်။
မြို့ပေါ်ရပ်ကွက်များကလွဲ၍ နယ်ကျေးရွာများကို လုံးဝပိတ်ပင်လိုက်သည့်အတွက် အိုးပစ်အိမ်ပစ်ထွက်ပြေးကြရသည့် စစ်ဘေးရှောင်များအဖို့ နှစ်ထပ်ကွမ်း ဒုက္ခဖြင့် ရင်ဆိုင်နေရသည်။
စစ်ရှောင်များက စစ်ရှောင်စခန်းများ၊ တောတောင်ဥယျာဥ်များအတွင်း နေထိုင်ကြရသဖြင့် ကျန်းမာရေးထိခိုက်ကာ ရာသီဥတုအလိုက် ရောဂါအမျိုးမျိုး ဖြစ်ပွားမှုနှုန်းလည်း များနေသည်။
အပူရှပ်ခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း၊ ဆီးချိုတက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျား အစရှိသည့် ရောဂါများခံစားကြရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူအချို့က ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ဆေးဝါးနှင့် ရိက္ခာသယ်ဆောင်ခွင့် လုံးဝကန့်သတ်ထားသည့်အတွက် စစ်ဘေးရှောင်များ ကို ကုသရန်လိုအပ်လာပါက ဆေးဝါးကို ခက်ခက်ခဲခဲရှာဖွေနေရကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“အရေးပေါ်တွေလိုအပ်လာရင် တစ်ရွာမှာမရှိရင် နောက်တစ်ရွာမှာ လိုက်ရှာ လိုက်မေးရတာပေါ့။ ဆေးတစ်လုံး လိုလို့ ရဖို့အရေး စစ်ကောင်စီက လွတ်မလားဆိုတဲ့ကြားထဲ တအားပင်ပန်းကြတာပဲကွယ်။ ဒီလိုမျိုး ပတ်ပြီး လိုက်ရှာရတယ် ဆေးတစ်လုံးရဖို့အရေး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မိုးရာသီနှင့် စစ်ရှောင်
မုတ်သုန်မိုးနှင့်အတူ မိုးရာသီကို စတင်ဝင်ရောက်လာပြီဖြစ်၍ စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့များအတွက် စိုးရိမ်ပူပန်မှုများတိုးလာနေသည်။
မိုးရာသီတွင် မိုးများ၊လေကြမ်းလေ့ရှိသည့် တနင်္သာရီတိုင်း၏ အခြေအနေကြောင့်လည်း အခြားဒေသများထက် အခက်အခဲများ ပိုမိုကြုံတွေ့ရလေ့ရှိသည်။
စစ်ကောင်စီက ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာ သယ်ယူခွင့် ကန့်သတ်ထားမှုကြောင့် တောလမ်းကိုဖြတ်၍ စစ်ဘေးရှောင်များလိုအပ်သည့် ပစ္စည်းများကို သယ်ယူနေရသည့် အခြေအနေတွင် မိုးရွာပါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမည်ဖြစ်သလို ပစ္စည်းများ ပျက်စီးလေ့ရှိကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောဆိုသည်။
ယင်းသို့သော အခြေအနေတွင် မိုးရာသီတွင် ဖြစ်လေ့ရှိသော ရောဂါများကလည်း တာစူနေကြသည်။
လက်ရှိနွေအကုန်မိုးအကူးတွင်ပင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ စဖြစ်နေကြပြီဟု စစ်ဘေးရှောင် ကူညီနေသူများကဆိုသည်။
“အခု နွေအကုန် မိုးအကူး သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားတွေ စရှိနေကြပြီ။ နည်းနည်းပါးပါးတော့ ပေါ်နေကြပြီ။ ဒီလိုမျိုး ပေါ်နေကြတဲ့သူတွေ ရှိလာပြီဆိုရင် ကျန်တဲ့သူတွေပါ ဖြစ်လာတော့မယ့် အနေအထားပေါ့။ ဒါတွေအတွက်လည်း စိတ်ပူနေရတယ်။ မိုးတွင်းဆိုရင် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးကတော့ ပုံမှန်ပဲ” ဟု နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ခြင်ကိုက်မခံရရေး ခြင်ထောင်ဖြင့် အိပ်ရန်အသိပညာပေး ပြောဆိုမှုများပြုလုပ်ကြောင်း သို့သော်လည်း ခြင်ထောင်များလိုက်ပေးရန်အတွက် ဘတ်ဂျက်မရှိသဖြင့် ပြောပြပေးခြင်းသာ လုပ်နိုင်ကြောင်း၊ ရရှိသည့် ဘတ်ဂျက်ဖြင့် စားနပ်ရိက္ခာနှင့် အမိုးအကာအတွက်သာ အဓိကထားရကြောင်း ၎င်းကဆိုသည်။
“ကျန်းမာရေးအသိပညာပေးတာမျိုးတွေ ရှိတယ်။ နောက်ထပ် သူတို နေထိုင်ဖို့ ဒီလိုမျိုး လုပ်ပေးတာမျိုးပဲ နိုင်တယ်။ ခြင်ထောင်ရှိရဲ့လား စောင်ရှိရဲ့လား ဆိုတဲ့ အသေးစိတ်အထိတော့ လိုက်မေးပြီး မပံ့ပိုးပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။
ယင်းအပြင် တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်သည့်အတွက် မိုးရာသီတွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပိုမိုကြုံတွေ့ရလေ့ရှိသည်။
အမျိုးသမီးများဆိုပါက အတွင်းခံနှင့် လစဉ်သုံးပစ္စည်း လိုအပ်ချက်များရှိနေသည်။
မိုးရာသီရောက်ပါက အဝတ်အစားများ ခြောက်ရန်ခက်ခဲသည့် အတွက် အတွင်းခံမလုံလောက်ပါက ရှိသည့်အတွင်းခံများသာ ဝတ်ကြရသဖြင့် အမျိုးသမီးရောဂါများ၊ မိန်းမကိုယ်ပိုးဝင်သဖြင့် ယားယံမှုများ ကြုံတွေ့ကြရသည်။
ကလေးများမှာလည်း ဖျားနာမှုများမကြာခဏဖြစ်ကြပြီး ဆေးဝါးလိုအပ်ချက် ပိုများကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့များထံမှသိရသည်။
ယင်းအပြင် စစ်ဘေးရှောင်ကလေးများလည်း အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးခွင့်မရကြသည့် အခြေဆိုက်နေသည်။
သာမန်အားဖြင့် မွေးကင်းစကလေးအရွယ်မှ အသက်တစ်နှစ်ခွဲအထိ ကာကွယ်ဆေးအနည်းဆုံး ၈ မျိုးခန့် ထိုးရလေ့ရှိသည်။
လက်ရှိတွင်မူ ဆေးရုံအများစုတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းနှင့် စစ်ရှောင်ဒေသများတွင် ကာကွယ်ဆေးမရှိခြင်းကြောင့် စစ်ဘေးရှောင်ကလေးအားလုံးနီးပါးမှာ ကာကွယ်ဆေးထိုးခွင့်မရကြပေ။
ကြိုပြင်ရမည့် အခြေအနေ
မိုးရာသီဝင်ရောက်လာပြီဖြစ်ရာ မိုးကာလတွင် အဖြစ်များလေ့ရှိသည့်ရောဂါဘယများလည်း တကျော့ပြန်ခေါင်းထောင်လာ တော့မည်ဖြစ်သည်။
သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည့်ရောဂါဖြစ်ပွားမှု လျှော့ချရန် ကြိုတင်ကာကွယ်ရေးက အရေးကြီးသလို ဖြစ်ပွားလာပါက အချိန်မီကုသနိုင်ရန်လည်း လိုအပ်သည်။
စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဆေးဝါးရှားပါးနေခြင်းနှင့် ကျွမ်းကျင်ဆရာဝန်၊ သူနာပြုနည်းပါးနေခြင်းကြောင့် ရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရန် အရေးကြီးလှသည်။
ထိုကြောင့်လည်း ရောဂါအလိုက် ဒေသအလိုက် အသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်နိုင်ရန် လိုအပ်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောဆိုကြသည်။
တစ်ဖက်တွင်လည်း ဆေးဝါး၊ ရိက္ခာဝယ်ယူရေးအတွက် ဘတ်ဂျက်ငွေကြေးလိုအပ်ချက်က စစ်ဘေးရှောင်အဖွဲ့များကြုံနေရသည့် အဓိကစိန်ခေါ်မှုဖြစ်သည်။
စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့များက ပြည်သူများ၏လှူဒါန်းငွေဖြင့် ပြန်လည်ကူညီပေးနေခြင်းဖြစ်သည့်အတွက် လက်ရှိဖြစ်နေသည့် စီးပွားရေးအကျပ်အတည်းကြောင့် အလှုူငွေရရှိမှုလည်း နည်းပါးလာကြောင်း ဒေါနတနင်္သာရီအဖွဲ့က ယောနသံက ဆိုသည်။
ထိုကြောင့်လည်း စစ်ဘေးရှောင်များ ရောဂါဘယဖြစ်ပွားလာချိန် အသုံးပြုရန်လိုအပ်သည့်ဆေးဝါးများ ကြိုတင်ဝယ်ယူ စုဆောင်းနိုင်ရေး အခက်တွေ့နေကြသည်။
“မိုးရာသီအတွက် ရိက္ခာနဲ့ ဆေးဝါးကို ကြိုတင်ပြီးတော့ စုဆောင်းနေတာမျိုးရှိတယ်ပေါ့နော်။ ဒါကလည်း တစ်ဖက်မှာသည် ကျွန်တော်တို့မှာလည်း ဘတ်ဂျက်က အကန့်အသတ်နဲ့ရှိတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တဲ့အခါကျတော့ မိုးရာသီအတွက် လုံလုံလောက်လောက်ဝယ်ဖို့ ခက်ခဲတဲ့အခြေအနေမျိုးမှာ ရှိတယ်”ဟု ယောနသံက ပြောသည်။
နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့တာဝန်ရှိသူကလည်း စားနပ်ရိက္ခာအပိုင်းကို ဦးစားပေးနေရခြင်းနှင့် ငွေကြေးလိုအပ်ချက်ကြောင့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းသာလုပ်နိုင်ပြီး ခြင်ထောင်ကဲ့သို့ပစ္စည်းများ မထောက်ပံ့နိုင်ကြောင်း အခုလိုပြောဆိုသည်။
“ပြောပြတဲ့အဆင်ပဲ နိုင်တယ်။ ခြင်ထောင်တွေ လိုက်ပေးနိုင်လားဆို ကျွန်မတို့မပေးနိုင်ဘူး”