BREAKING
November 24, 2024

စစ်ကောင်စီ အရှုံးကို တန်ပြန်ရန် လူမျိုးရေး ပဋိပက္ခကြီးဖြစ်ရန် သွေးထိုးနေသည်

May 25, 2024

The Red Flag နှင့် Dawei Watch ပူးပေါင်းတင်ဆက်သည်

ရခိုင်တွင် စစ်ရေးအရ အကြီးအကျယ်အထိနာ ဆုံးရှုံးနေသည့် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် လုပ်ရပ်များကို ဖန်တီးလာသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နိုင်ငံတဝန်းတွင် စစ်ရှုံးပြီး စိုးမိုးနယ်မြေများစွာ လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် စစ်သည်အင်အား ပြုန်းတီးမှုကို ပြန်လည်ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။ ယင်းသို့ အသက်သွင်းပြီးနောက် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာ လူငယ် ရာထောင်ချီကို စစ်သင်တန်း အတင်းအဓမ္မပေးခဲ့သည်။ ရက်တို သင်တန်းပေးပြီးနောက် ရခိုင်ရှေ့တန်းစစ်မြေပြင်တို့တွင် အသုံးပြုလာခဲ့သည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ရိုဟင်ဂျာများကို ဆန္ဒပြခိုင်းခဲ့သလို စစ်ရေးပြင်းထန်နေသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ရခိုင်လူမျိုးများနှင့် မွတ်ဆလင် မဟုတ်သည့် အခြားဘာသာဝင်များ၏ နေအိမ်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းတို့ လုပ်ရာတွင် စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာများကို အသုံးပြုခဲ့သည်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကိုလည်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးပြီး အထက်ပါလုပ်ရပ်များတွင် အသုံးပြုနေကြောင်း AA ကမူ ပြောဆိုထားသည်။

မူလကတည်းက လူမျိုးရေး၊ ဘာသာရေးအကဲဆတ်သည့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောဒေသတွင် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများကို ဖန်တီးရန်ကြိုးပမ်းနေသဖြင့် သတိထားကြရန် ထောက်ပြသတိပေးမှုများရှိပြီး စိုးရိမ်မှုများလည်း မြင့်တက်နေသည်။

၁၀၂၇ တွင် အထိနာပြီးနောက် အမုန်းတရားလှုံ့ဆော်လာ

AA နှင့် မဟာမိတ်တို့ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ စစ်ကောင်စီတပ်က ရှမ်းမြောက်တစ်ခွင်တွင် နယ်မြေများစွာနှင့် စစ်လက်နက်၊ စစ်အင်အားများစွာကို ဆုံးရှုံးခဲ့သလို ဂုဏ်သိက္ခာကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ယင်းနောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြေပြင်ရှိ လူ့အဖွဲ့အစည်းများအကြား ဘာသာရေး၊ လူမျိုးရေး အမုန်းတရား သွေးထိုးလှုံ့ဆော်မှုကို ဖိဖိစီးစီးလုပ်လာသည်။ လူမှုကွန်ရက်တွင်သာမက မြေပြင်တွင်ပါ လုပ်ဆောင်လာသည်။

ကိုးကန့်တပ်ဖွဲ့ဝင်အချို့က ဘုရားစေတီအား ရိုက်ထုဖျက်ဆီးမှုကို အကြောင်းပြုကာ သာသာရေး အမုန်းစကားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ကြသလို မြေပြင်တွင် ဆန္ဒပြပွဲများ ပြုလုပ်ကာလည်း လှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီနှင့် မတ်လတို့အတွင်းတွင်လည်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ဝတ်ပြုခန်းအား ဗလီအဖြစ် ပုံဖော်ခြင်း၊ ပဲခူးတိုင်း ဖြူးမြို့နယ်တွင် သမီးရည်းစားအချင်းများပြီး သတ်ဖြတ်မှုကို မွတ်ဆင်လင်အမျိုးသားက ဗုဒ္ဓဘာသာ အမျိုးသမီးကို သတ်သည်ဟု ဘာသာရေးအခြေပြု ပဋိပက္ခအဖြစ် ပုံဖော်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ အလားတူ ရခိုင်စစ်ရေးတွင် စစ်သင်္ဘောတိုက်ခိုက်ခံရမှုကို အကြောင်းပြုကာလည်း လူမျိုးရေးမုန်းတီးရေးလှုံ့ဆော်လာခဲ့သည်။

လူမျိုးရေးမုန်းတီးရေး “ကျောက်တော်ကမ်ပိန်း”

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရခိုင်တွင်လည်း အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်ပြီး တစ်ကျော့ပြန်စစ်ပွဲစတင်ခဲ့ သည်။ အချိန်တိုအတွင်း ရခိုင်ထဲက မြို့နယ်ကိုးခုနှင့် ချင်းက ပလက်ဝမြို့နယ်တို့ကို AA က သိမ်းယူထားပြီး ကျန်မြို့နယ်များတွင်လည်း စစ်ရေးပြင်းထန်နေသည်။

စစ်ကောင်စီအထိနာလာပြီးနောက် ဆိုရှယ်မီဒီယာပလပ်ဖောင်းတွင် AA နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများ၊ လူမျိုးရေး၊ ဘာသာရေး သွေးခွဲမှုများကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တို့က တစိုက်မတ်မတ်လုပ်လာသည်ကို လေ့လာစောင့်ကြည့်မှုများအရ သိရသည်။ လူမျိုးရေးမုန်းတီးရေး ထင်ထင်ရှားရှားလုပ်ဆောင်သည့်ဖြစ်ရပ်မှာ “ကျောက်တော်ကမ်ပိန်း” ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ စစ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ကလေးနှင့် အမျိုးသမီးများအပါအဝင် စစ်ကောင်စီတပ် မိသားစုဝင်ရာနှင့်ချီကို AA က အစုလိုက်အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်ကြောင်း၊ စစ်သည်များ၏ အမျိုးသမီးများကို မုဒိမ်းကျင့်ကြောင်းစသဖြင့် စစ်ကောင်စီဝါဒဖြန့်သူများက ဖြန်ချိခဲ့ကြသည်။

AA ဘက် အဆိုပါဖြစ်စဉ်တွင် ရေယာဉ်မှ ထွက်ပြေးလာသူများကို ချောင်းထဲ လိုက်လံကယ်ဆယ်နေသည့် ရုပ်သံမှတ်တမ်းများ၊ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆေးကုသပေးခြင်း၊ စောင့်ရှောက်ထားသည့် ဓာတ်ပုံ မှတ်တမ်းများကို ထုတ်ပြန်လာခဲ့သည်။ ယင်းသို့ ထုတ်ပြန်ချိန်တွင်မူ သတင်းတု၊ သတင်းမှား ဖြန့်ချိမှုပုံစံသည် လူမျိုးရေး မုန်းတီးရေးလှုံ့ဆော်မှုဘက်သို့ လမ်းကြောင်းပြောင်းလာခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများတွင် ရခိုင်လူမျိုးများကို အလိုမရှိ၊ ရခိုင်လူမျိုးရောင်းချသည်များကို သပိတ်မှောက်ရန်၊ ရခိုင်လူမျိုးများထွက်ခွာသွားရန် စသဖြင့် စာလိုက်ကပ်ပြီး လူမျိုးရေးမုန်းတီးရေးလှုံ့ဆော်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ သည်။ လှုံ့ဆော်မှုနောက် ပြည်သူများ မပါလာချိန် ရခိုင်လူမျိုးများကို စစ်ကောင်စီက ခရီးသွားခွင့် ပိတ်ပင်ခဲ့သည်။

AA ဆန့်ကျင်ရေးဆန္ဒပြပွဲများ အလျှိုလျှိုပေါ်လာ

တင်းမာမှုများ အစမပြုမီအထိ ရခိုင်မြောက်ပိုင်း၌ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော သုံးမြို့ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်တော့သည်။ ယင်းအနက် ဘူးသီးတောင်နှင့် စစ်တွေတို့တွင် AA အကြမ်းဖက်မှုများကို မခံနိုင်၍ ရိုဟင်ဂျာများ ဆန္ဒပြကြသည်ဟူသော ခေါင်းစဉ်ဖြင့် စစ်တပ်ကြိုးကိုင်သည့် ဆန္ဒပြပွဲများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။

စစ်တွေတွင်ဆိုလျှင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ မွတ်ဆလင်ခေါင်းဆောင်များကို ခေါ်ယူကာ ဆန္ဒပြရန် ဖိအားပေးခဲ့သလို ဘူးသီးတောင်တွင်လည်း အလားတူဖြစ်ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

ဆန္ဒပြမှုများ ပေါ်လာပြီးနောက် နှစ်ဖက်လူမျိုးစုအသိုင်းအဝိုင်းကြား အထင်အမြင်လွဲမှားမူ အရှိန်တက်လာခဲ့သည်။ နောက်ပိုင်း မြေပြင်တွင်လည်း အကြမ်းဖက်မီးရှို့မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လာသည်။

ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် ရိုဟင်ဂျာများကို အစမ္မ စစ်သားစုဆောင်းခြင်း၊ စစ်မှုထမ်းခြင်းတို့ လုပ်ဆောင်လာသည်။ စစ်ကောင်စီ ယင်းသို့မလုပ်ကြောင်း ငြင်းဆိုနေချိန်တွင်ပင် စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။

ဧပြီလတွင်မူ ဘူးသီးတောင်မြို့ရှိ နိုင်ငံတကာရုံးများအပါအဝင် ရခိုင်လူမျိုးများစွာ၏ နေအိမ်များ မီးရှို့ခံရခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းများဖြစ်လာသည်။ ယင်းသို့ လုပ်ဆောင်သူများမှာ စစ်ကောင်စီတပ်က သင်တန်းပေးထားသည့် ရိုဟင်ဂျာများ၊ လက်နက်တပ်ဆင်ပေးထားသည့် ရိုဟင်ဂျာလက်နက်အဖွဲ့များဖြစ်ပြီး စစ်ကောင်စီတပ်က လုပ်ဆောင်ရာတွင် အထင်အမြင် လွဲမှားစေရန် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူအချို့၏ ပြောဆိုခဲ့ကြသည်။

ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်ရှိ ရွာအချို့ကိုလည်း စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ရိုဟင်ဂျာများ မီးရှို့နေ သည့် ရုပ်သံမှတ်တမ်းများ၊ စစ်ကောင်စီက စစ်သင်တန်း ပေးနေသည့် ဗီဒီယို ဓာတ်ပုံမှတ်တမ်းများ၊ စစ်ကောင်စီတပ် ဝတ်စုံနှင့် ရဲဝတ်စုံဝတ်ထားပြီး လက်နက်ကိုင်ထားသည့် ရိုဟင်ဂျာများ၏ ဓာတ်ပုံမှတ်များမှာ လူမှုကွန်ရက်နှင့် ဒေသတွင်း သတင်းများတွင် ဖော်ပြသည်ကို တွေ့ရသည်။

“(စစ်ကောင်စီ) လက်ပါးစေ၊ လက်ကိုင်တုတ်တွေနဲ့ သာမန်အရပ်သားပြည်သူတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ အကုန်လုံးကို သိမ်းကျုံးစွပ်စွဲနေတာက ပဋိပက္ခကို ပိုလို့တိုးစေမယ်ဆိုတာကိုလည်း သတိချပ်သင့်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်ကလည်း လူမျိုးနှစ်ခုပဋိပက္ခဆီကို ဦးတည်သွားတာပါ။ ဒါကိုလည်း သတိထားဖို့လိုပါမယ်” ဟု အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ ရိုဟင်ဂျာလည်းဖြစ်သူ ဦးအောင်ကျော်မိုးက ပြောသည်။

မောင်တောမြို့နယ် ရွှေရင်အေးရွာကို မေလ ၉ ရက်က စစ်ကောင်စီက မီးရှို့ရာတွင် စစ်သင်တန်းဆင်း၊ စစ်ဝတ်စုံဝတ် ရိုဟင်ဂျာများပါဝင်မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင်ရေးသားရာတွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။

ရခိုင်တွင် AA အပြည့်အဝ ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ပဋိပက္ခအသွင်ဆောင်သည့် ဖြစ်ရပ်မျိုး မတွေ့ရဘဲ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့နှင့် ဧရိယာတို့တွင် ပေါ်ပေါက်လာခြင်းမှာလည်း ထူးခြားသည်။ စစ်ရေးပြင်းထန်နေသဖြင့် နေထိုင်သွားလာခွင့်ကန့်သတ်ခံရပြီး မလုံခြုံသည့် ကာလမျိုးတွင် ဆန္ဒပြပွဲများနှင့် အကြမ်းဖက်မှုများပေါ်ပေါက်လာခြင်းမှာ စစ်ကောင်စီ နောက်ကွယ်က ကြိုးကိုင်ဖန်တီးမှုကြောင့်ဖြစ်သည်မှာ ထင်ရှားကြောင်း ထောက်ပြကြသူများရှိသည်။

ရိုဟင်ဂျာများနှင့် ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးခြင်းမှာ စစ်ကောင်စီ ထိန်းချုပ်ကာလနှင့် လက်လွှတ်ခဲ့ရသည့်ကာလမျိုးတွင် ပဋိပက္ခရှုပ်ထွေးစေရန်၊ နိုင်ငံတကာဖိအားများ ကျရောက်စေပြီး တော်လှန်ရေးနှောင့်နှေး ပျက်စီးစေရန် ကြိုးပမ်းမှုဖြစ်ကြောင်း ရခိုင်ဒေသခံအချို့က ပြောသည်။

တိုက်တိုက်ဆိုင်ဆိုင် ဖြစ်စဉ်နှစ်ခုလည်းရှိသည်။ တစ်ခုမှာ ICJ ။ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသည့် အမှုတွင် မြန်မာဘက်က ချေပချက်ကို တရားလို ဂမ်ဘီယာနိုင်ငံဘက်က ပြန်လည် တုံ့ပြန်ရန် အမိန့်ထုတ်သည့် ကာလနှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတကာတွင် တရားစွဲခံထားရသည့် အမှုကို အပြစ်လွှဲချရန် အခွင့်အရေး သည်းကြီးမည်းကြီး ရှာဖွေနေသည့် သဘောသက်ရောက်နေကြောင်း ဝေဖန်မှုများလည်းရှိသည်။

နောက်တိုက်ဆိုင်မှုတစ်ခုမှာ ရခိုင်တွင် ပဋိပက္ခများစတင်ခဲ့သည့် မသီတာထွေးဖြစ်ရပ် စတင်ခဲ့သည့် နှစ်ပတ်လည် အချိန်ကာလ ဖြစ်နေခြင်းပင်။ ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဖန်တီးခြင်းလောဟု သံသယပွားဖွယ်ရာ ဖြစ်နေသည်။

လှုံ့ဆော်သည့် ချန်နယ်များပေါ်လာ

မွတ်ဆင်လင်များကို အဓမ္မစစ်သားစုဆောင်းခြင်း၊ AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အလျှိုလျှို ပေါ်လာခြင်း၊ မီးရှို့မှုများ လုပ်ဆောင်လာချိန်တို့တွင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း လှုံ့ဆော်ရေးချန်နယ်များလည်း တစ်ပြိုင်တည်းပေါ်လာသည်။

တယ်လီဂရမ်တွင် အဖိနှိပ်ခံ မွတ်ဆင်လင်များ၏ အသံများကို ဖော်ထုတ်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမည်မျိုးမျိုးဖြင့် Voice of Muslim ချန်နယ် အပါအဝင် ချန်နယ်အသစ်များ ပေါ်လာသည်။ ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေသည့် သတင်းတု၊ သတင်းမှား၊ လှုံ့ဆော်မှုများကို ဆက်တိုက်ရေးသားဖော်ပြလာခဲ့သည်ကိုတွေ့ရသည်။

ထိုချန်နယ်အသစ်များကို နာမည်ကြီး စစ်ကောင်စီထောက်ခံဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် ကြော်ငြာခြင်း၊ ထပ်ဆင့်မျှဝေပြီး လူထုကြားထဲ ပို့ဆောင်ခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး၊ မွတ်ဆလင်မုန်းတီးရေးကို လုပ်ဆောင်လေ့ရှိသူတို့က မွတ်ဆလင်အရေး ရပ်တည်ပြောဆိုခြင်း လုပ်လာခြင်းမှာလည်း ထူးခြားနေသည်။ ယင်းကြောင့် ထိုချန်နယ်အသစ်တို့သည်လည်း စစ်တပ် ကျောထောက်နောက်ခံပြုထားကြောင်း ကောက်ချက်ချနိုင်သည်။

တအုံနွေးနွေးဖြစ်လာ

တင်းမာမှုများဖြစ်လာချိန် နှစ်ဖက်ခေါင်းဆောင်တို့၏ နှုတ်ထွက်စကားတို့ကလည်း ပဋိပက္ခဦးတည်စေခဲ့သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖေဖော်ဝါရီလအတွင်းက BBC သတင်းဌာနနှင့် အင်တာဗျူး တစ်ရပ်တွင် “ရိုဟင်ဂျာ” အမည်ကို လူ့အခွင့်အရေးနှင့်အညီ ခေါ်ဆိုရန်အတွက် ငြင်းဆိုရန် မရှိကြောင်း၊ သို့သော် သမိုင်းဆိုင်ရာ ဖုံးကွယ်မှုကို လက်မခံကြောင်း ဖြေကြားခဲ့သည်။

စစ်တပ်ကြိုးကိုင်သည့် AA ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည့် မတ်လတွင် AA ဘက်က လေသံပြောင်းလာသည်။ ဘင်္ဂါလီအသုံးအနှုန်းကို သုံးစွဲလာသလို ဘူးသီးတောင်က စစ်ဆင်ကွက်ကဲမှု ဌာနချုပ် စကခ ၁၅ ကို သိမ်းယူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ချသည့် စစ်သင်တန်းဆင်း မွတ်ဆလင်များကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ X လူမှုကွန်ရက်တွင် ထေ့ငေါ့သည့်ပုံစံဖြင့် ရေးသားဖော်ပြမှုအပေါ် ထောက်ပြဝေဖန်မှုများရှိလာသည်။

အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာများကို ဖမ်းဆီး၊ သတ်ဖြတ်မှု၊ စစ်သားစုဆောင်းခံရမှု၊ စစ်ရေးဖော်ဆောင်ရာတွင် ရိုဟင်ဂျာရွာများကို အကာအကွယ်ယူ အသုံးချခြင်းတို့ကို စစ်ကောင်စီတပ်အပြင် AA ကလည်း လုပ်ဆောင်နေကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲမှုများရှိလာသည်။

အဆိုပါစွပ်စွဲချက်များကို AA ဘက်က ငြင်းချက်ထုတ်ပြီး မြေပြင်အခြေအနေကို နားမလည်ဘဲ တိုင်းတစ်ပါးမှ သွေးထွေးလှုံ့ဆော်နေသည်ဟု တုံ့ပြန်ခဲ့သည်။ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတို့ကလည်း ကာယကံရှင်မိသားစုများကို မေးမြန်းထားချက်များဖြင့် တုံ့ပြန်သဖြင့် နှစ်ဖက်ကြား အငြင်းပွားမှုများ မြင့်တက်လာသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် မြန်မာအမျိုးသားရိုဟင်ဂျာကိုယ်စားပြုကော်မတီကမူ ရခိုင်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၅ ရက်အထိ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီနှင့် AA တို့က ရိုဟင်ဂျာ ၁၁၄ ဦးကို သတ်ဖြတ်ခဲ့ပြီး လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ အခြေအနေများတင်းမာနေချိန် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စကခ ၁၅၊ ဗျူဟာဌာနချုပ်နှင့် တပ်ရင်း၊ တပ်စခန်းအားလုံးကို မေလ ၁၈ ရက်တွင် AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်လိုက်သည်။ ယင်းနောက်တွင်လည်း မွတ်ဆလင်များကို AA က ထွက်သွားခိုင်းပြီး နေအိမ် မီးရှို့မှုများရှိကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတို့က ပြောဆိုလာကြသည်။

AA ဘက်ကလည်း စစ်ကောင်စီရန်ကြောင့် စစ်ဘေးရှောင်သည့် မွတ်ဆလင်များကို AA ထိန်းချုပ်နယ်မြေများသို့ ရွှေ့ပြောင်း ပေးပြီး ခိုလှုံခွင့်ပြုကြောင်း ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းများဖြင့် တုံ့ပြန်လာသည်။ ယင်းအပြင် စစ်ပွဲအန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းဖို့ တိုက်တွန်းထားပြီး ယင်းသို့ အရေးပေါ်ရွှေ့ပြောင်းရာတွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီစောင့်ရှောက် အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြောဆိုလာသည်။

ဗြိတိန်အခြေစိုက် ရိုဟင်အရေးတက်ကြွလှုပ်ရှားသည့် BROUK အပါအဝင် ရိုဟင်ဂျာအဖွဲ့အစည်း ၂၈ ခုကမူ မေလ ၂၁ရက်က စာထုတ်ပြန်ကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းကို တောင်းဆိုမှုများ လုပ်လာသည်။ ရခိုင်တွင် ရိုဟင်ဂျာများကို အဓမ္မနေရာရွှေ့ပြောင်းခြင်း မလုပ်ရန်၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ မလုပ်ရန်၊ နိုင်ငံတကာဥပဒေများကို လိုက်နာစေရေး ဖိအားပေးရန်တို့ဖြစ်သည်။ လက်ရှိ ပဋိပက္ခအခြေအနေတို့ကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုထားသည်။

နှစ်ဖက်ကြား တင်းမာမှုအခြေအနေသည် လက်ရှိအချိန်အထိ အရှိန်အဟုန်မြင့်တက်နေခြင်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတို့ကမူ ပဋိပက္ခဖြစ်ပေါ်စေရန် ဦးတည်နေကြောင်း၊ စိုးရိမ်ကြောင်း ဧပြီလနှင့် မေလအတွင်း ဆက်တိုက်ထုတ်ပြန်သတိပေးနေခဲ့သည်။

ဘူးသီးတောင်တွင် အကြမ်းဖက်မှုများနှင့် လူမျိုးရေးတင်းမာမှုများမှာ စိုးရိမ်ဖွယ်ရာမြင့်တက်လာပြီး အခြေအနေ ရုတ်ချည်း ဆိုးရွားလာနေကြောင်း ဘူးသီးတောင်မြို့တွင် နေအိမ်မီးရှို့မှုများဖြစ်နောက် ဧပြီလ ၂၅ ရက်တွင် ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာကလည်း လတ်တလောအရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှု၊ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်လာနိုင်ခြေ မြင့်မားကြောင်း မေလ ၂၂ ရက်တွင် စာထုတ်ပြန်သတိပေးထားသည်။

ရခိုင်နှင့် နိုင်ငံတဝန်းတွင် လူ့အသိုက်အဝန်းများကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်ကောင်စီတပ်သည် အတိတ်ဖြစ်ရပ်များအပြင် ယခင်ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုနွယ်စုအပေါ်ကျူးလွန်သည့် အခြားသော ရာဇဝတ်မှုများသည် ပြည်သူများအတွက် စိုးရိမ်ဖွယ်အန္တရာယ်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်ဟုလည်း ၎င်းက ဆိုသည်။ အရပ်သားများအသက်ဆုံးရှုံးမှုများအတွက် စစ်ကောင်စီတပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့များကို ဒဏ်ခတ်အရေးယူမည်ဟုလည်း ဆိုသည်။

မောင်တောဒေသ ပဋိပက္ခ တင်းမာမှုအရေးကိစ္စသည် AA ၏ တော်လှန်ရေးရည်မှန်းချက်ကို အကြီးအကျယ် ထိခိုက်လာနိုင်သဖြင့် သတိထား ကိုင်တွယ်ရမည် ဟုလည်း ထောက်ပြမှုများ ရှိလာသည်။

AA ဘက်ကလည်း ယခုအခြေအနေမှာ စိန်ခေါ်မှုများစွာရှိနေချိန် အထင်အမြင်လွဲမှားစေသည့် အရာများကို မယုံကြည်ကြရန် မေတ္တာရပ်ခံထားပြီး လူမျိုးဘာသာ မခွဲခြားဘဲ ကူညီစောင့်ရှောင်ရန် သန္နိဋ္ဌာန်ချထားကြောင်းပြောဆိုပြီး တင်းမာမှုကို ပြန်လည်လျှော့ချရန် လုပ်ဆောင်လာသည်။ ယင်းအပြင် မောင်တော၊ ဘူးသီးတောင်ဒေသအရေးနှင့် ပတ်သက်၍ တုံ့ပြန်ရှင်းလင်းချက်များကိုလည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်ရှင်းလင်းနေသည်ကို တွေ့ရသည်။

မီးစာချမှု ထိရောက်မှုရှိနေ

ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့ကြီးများတို့တွင်လည်း ပဋိပက္ခလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့သော်လည်း မထိရောက်ခဲ့ပေ။ သို့သော် ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီ သွေးထိုးကြိုးကိုင်မှုမှာ အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိပြီး လူသေဆုံး ထိခိုက်မှုရှိသည့် ပဋိပက္ခအချို့ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီနှင့် AA စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးအတွင်း ရိုဟင်ဂျာများသေဆုံးမှုအပေါ် နှစ်ဖက်တပ်များ အပြန်အလှန်စွပ်စွဲမှုများ၊ ယခင် ပဋိပက္ခဖြစ်ဖူးသည့်နေရာတို့တွင် လက်နက်ကြီးထိမှန်သေဆုံးမှုများ၊ ရခိုင်လူမျိုးများ၏ နေအိမ်များ မီးရှို့ခံရခြင်း အပါအဝင် အကြမ်းဖက်မှုများ အရှိန်အဟုန်မြင့်လာသည်။

ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခံထားရသဖြင့် သတင်းအချက်အလက်များ အချိန်မီ မရောက်ခြင်း၊ ရိုဟင်ဂျာများမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး အမိုးဖွင့်အကျဉ်းထောင်အတွင်း နေရသလိုဖြစ်နေချိန် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ အပြောင်းအလဲ၊ သတင်းအမှား အမှန် အချက်အလက်ရရှိမှု နှောင့်နှေးခြင်းများသည် စစ်ကောင်စီ အတွက် ကြိုးကိုင်လှုပ်ရှားရန် လွယ်ကူခြင်းဖြစ်ကြောင်း ထောက်ပြမှုများရှိသည်။ ယင်းအပြင် စစ်ကောင်စီနှင့် အကျိုးစီးပွား ဆက်နွယ်ပတ်သတ်သည့် မွတ်ဆင်တို့၏ ပါဝင်ပတ်သက်မှုကြောင့်ဟုလည်း နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

စစ်ကောင်စီလိုလားထောက်ခံဝါဒဖြန့်နေသူများကြားတွင်လည်း AA ကို အကျပ်အတည်းဆိုက်အောင် လုပ်ထားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိလာသည်။ စစ်တပ်က အငြိမ်းစားယူထားသည့် လွှတ်တော်အမတ်ဟောင်းတစ်ဦးဆိုလျှင် ဘူးသီး တောင်ကိစ္စကို “ယာလည်းညက်စေ ကြက်လည်း ပန်းစေ” ဟု ကင်ပွန်းတပ်ကာ ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီ လိုလားသည့်အတိုင်းပင် မြေပြင်တွင် အကဲဆတ် တင်းမာနေသဖြင့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖြစ်လာရန် အန္တရာယ်ကြီးမားသည့် အခြေအနေရောက်နေ ကြောင်း သတိပေးချက်များရှိနေသည်။

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားသည့် ရိုဟင်ဂျာများကို အသုံးချကာ လူမျိုးရေးပဋိပက္ခ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ပြီး ယင်းသို့ ဖန်တီးမှုတွင် ရွေးချယ်စရာ မရှိသည့် ရိုဟင်ဂျာတို့၏ အကျပ်အတည်းကို အထူးသတိထားပြီး နားလည်ကြရန်လိုကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့က မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ AA နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆွေးနွေးပူးပေါင်းအဖြေရှာရန်လည်း တိုက်တွန်းထားသည်။

AA ကမူ ဘူးသီးတောင်၊ မောင်တောဒေသတွင် လူမျိုးဘာသာ မခွဲခြားဘဲ ကာကွယ်စောင့်ရှောက်နေပြီး ယင်းဒေသတွင် စစ်ဘေးရှောင် နှစ်သိန်းကျော်ကို AA ထိန်းချုပ်နယ်မြေတွင် ခိုလှုံခွင့်ပေးကာ စောင့်ရှောက်ထားကြောင်း မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ ယင်းအနက် မွတ်ဆလင် စစ်ဘေးရှောင်မှာ ၈၀ ရာခိုင်နှုန်း (တစ်သိန်းခြောက်သောင်းခန့်) ပါဝင်ကြောင်း ဆိုသည်။

တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၉၅ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍မူ ထုတ်ပြန်ချက်တွင် ပါဝင်သည့် အချက်အလက် အချို့မှာ မြေပြင်နှင့် ကွဲလွဲမှားယွင်းနေပြီး မဟုတ်မမှန် သည့် စွပ်စွဲချက်များသာ ဖြစ်ကြောင်း မေလ ၂၄ ရက်တွင်ပင် ထုတ်ပြန်ချက် သီးခြားထုတ်ပြန်ကာ တုံ့ပြန်ထားသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကမူ ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လှည့်ကွက်အပေါ် စိတ်ခံစားမှုအရ တုံ့ပြန်ခြင်း မပြုလုပ်ဘဲ အသိ၊ သတိကပ် ဆင်ခြင် လုပ်ဆောင်ကြရန် တိုက်တွန်းထားပြီး အောက်ပါအတိုင်းလည်း ဆိုလေသည်။

“အကြမ်းဖက်စစ်ကောင်စီက မကြာခင် သူတို့အနေနဲ့ အပြီးတိုင် လက်လွှတ်ရတော့မယ့် အာရကန် (ရခိုင်) ပြည်ကို လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးပြီးထားခဲ့မယ့် အခြေအနေတွေရှိနေတယ်ဆိုတာ တစ်နေ့တခြား ဖြစ်လာတဲ့အခြေအနေတွေအရ သေချာနေပါပြီ။ အတိတ်က ဖြစ်ရပ်ဆိုးတွေဟာ ကျွန်တော်တို့အတွက် သင်ခန်းစာကောင်းတွေ အများကြီးရနေပါတယ်”