BREAKING
January 10, 2025

ထိတ်တလန့်လန့် တောင်ပျောက်တိုက်နယ်

May 25, 2021

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်အတွင်းသို့ မေလ ၂၃ ရက် နံနက်စောစောတွင် စစ်သားအင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီး ကျေးရွာအချို့တွင် တပ်စွဲလိုက်သည်။

ထိုနောက် စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရှာဖွေမှုများ လုပ်ဆောင်နေပြီး တိုက်နယ်အတွင်းသို့ သွားသည့်လမ်းဆုံတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် KNU တပ်ဖွဲ့ လှုပ်ရှားနေရာဖြစ်ပြီး ကျေးရွာ ၁၀ ရွာ ရှိပြီး အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိသည်။ ကျောက်အိုင်၊ အလယ်စု၊ ကျွဲခြံ၊ ဝမ်းကဖော်၊ သဲချောင်းကြီး၊ ဗျတ်ဝိသား၊ မယ်ကဲ အစရှိသည့် ကျေးရွာများဖြစ်သည်။

လူဦးရေအားဖြင့် နှစ်သောင်းဝန်းကျင် ရှိသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်တပ်က လာရောက်တပ်စွဲထားသည့်အတွက် ဒေသခံများက စိုးရိမ်ပြီး တောတောင်များအကြား ကြိုတင် တိမ်းရှောင်နေကြသည်။

လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာအုပ်စုနေ ဒေသခံ တစ်ဦးအား မေလ ၂၃ ရက်နေ့ ညပိုင်းက Dawei Watch က ဆက်သွယ်မေးမြန်းထားချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


Dawei Watch- တောင်ပျောက်တိုက်နယ်ထဲကို စစ်သားဘယ်လောက်က ဘယ်အချိန်လောက်မှာ စဝင်လာတယ်ဆိုတာ ပြောပြပေးပါခင်ဗျား။

ဖြေ- ဒီနေ့ (မေ ၂၃) မနက်စောစော (မနက် တစ်နာရီခွဲ) လောက်ကနေပြီး စုံစင်ဖျားရွာကနေပြီး သူတို့လမ်းလျှောက်ပြီး ဝင်လာတယ်ခင်ဗျား။ အင်အားက တစ်ရာနီးပါးရှိတယ်။ သုံးမိုင်လောက် လမ်းလျှောက်ပြီး ဝင်လာတာပေါ့။

Dawei Watch- ဝင်လာပြီးတာနဲ့ ဘာတွေလုပ်ဆောင်ခဲ့လဲ။

ဖြေ- ဝင်လာပြီးတာနဲ့ မနက်လင်းတဲ့အချိန်မှာ တိုက်နယ်ထဲရောက်တာနဲ့ သင်တန်းပေးနေတယ်လို့ သူတို့ယူဆတဲ့နေရာကို အင်အားငါးဆယ်လောက်နဲ့ စစ်ကြောင်းထိုးလိုက်တယ်။

ဒီအောက်ဘက်ကို(အလယ်စုရွာ)က သုံးဆယ်ဦးလောက်ဆင်းသွား တယ်။ ထူးခြားတာက KNU က ပြောထားတယ်။ ဒီချောင်းမကြီးကို စည်းမကျော်စေနဲ့လို့ ပြောထားတယ်။ အလယ်စုဘက်ကို ဆင်းသွားတဲ့ သုံးဆယ်လောက်ကတော့ ချောင်းမကျော်သေးဘူး။ အလယ်စု အနောက်ကမ်းမှာ နေရာယူထားတယ် အခုချိန်ထိ။ အိမ်တွေကိုတော့ လိုက်စစ်နေတယ်။ လူတွေကို လိုက်မေးနေတယ်ပေါ့။

Dawei Watch- ချောင်းဆိုတာက ဘယ်ချောင်းကို ပြောတာလဲခင်ဗျား။

ဖြေ- ပဒိုင်းချောင်းလို့ခေါ်တယ်။ မယ်ကဲချောင်းလို့လည်း ခေါ်တယ်။ ရွာ ၁၀ ရွာစလုံးက ဒီချောင်းဘေးမှာပဲ တန်းစီပြီးတော့ ရွာတည်ထားတယ်။ ကျောက်အိုင်ဘက်ကို သွားတဲ့ စစ်ကြောင်းကတော့ စည်းကျော်လိုက်ပြီး။ ကျောက်အိုင်ရွာထဲမှ တပ်စွဲထားတယ်။ ဆိုင်ကယ် ၂၅ စီးကိုလည်း သိမ်းထားတယ်။

Dawei Watch- KNU ဘက်ကရော အခုလိုအခင်းအကျင်းမှာ ဘယ်လိုပုံစံမျိုး မြင်နေရလဲ။

ဖြေ- လောလောဆယ် KNU ပြောပြချက်အရတော့ သူတို့ စောင့်ကြည့်နေဦးမယ်တဲ့။ စောင့်ကြည့်ပြီးရင် သူတို့အဓိကပြောတာကတော့ ရွာတွေထဲမှာဖြစ်ရင် ရွာတွေနာမှာကြောက်တယ်။ စောင့်ကြည့်ပြီး အခြေအနေတစ်ခုခုရောက်ရင် လက်တုန့်ပြန်မယ်ပုံစံမျိုးတော့ ပြောတယ်ခင်ဗျား

Dawei Watch- ရွာရဲ့ အခုလက်ရှိနောက်ဆုံးအနေအထားကရော ဘယ်လိုရှိလဲ။

ဖြေ- အခုညနေ သုံးနာရီခွဲလောက်မှာ ကားသုံးစီးဝင်လာတယ်။ ရိက္ခာနဲ့ စစ်သားအပြည့်နဲ့ ဝင်လာတယ်။ ဆိုင်ကယ်တွေလည်း ပါတယ်။ လည်ပတ်အနီတွေလို့ ပြောတယ်။

Dawei Watch- စစ်သားတွေ ဝင်လာတဲ့အချိန်မှာ ရွာသားတွေကရော ဘယ်လိုအခင်းအကျင်းရှိလဲ။

ဖြေ- ရွာသားတွေက ထိတ်လန့်ပြီးရှောင်နေရတယ်။ အခုသူတို့က တောနင်းပြီး လိုက်ရှာတယ်။ တောထဲတွေမှာပဲ လိုက်ရှာဖို့ ပုံစံရှိတယ်။ မနက်က အလယ်စုဘက်မှာ တောထဲဘက်မှာပဲလိုက်ရှာတယ်။ ကျွန်တော်တို့သိရသလောက်တော့ ရွာခံဒလန်တွေပါနေတယ်။

ကျွန်တော်တို့ထင်ကတော့ ညကျရင် လှုပ်ရှားလိမ့်မယ်။ ပြီးရင် တစ်ရက် နှစ်ရက်လောက်တော့ ရှာပြီးရင် ကျွန်တော်တို့ တိုက်နယ်တစ်ခွင်ကို လုံးဝချေမှုန်းဖို့ အခြေအနေရှိတယ်။ ဒီအခြေအနေမတိုင်ခင်ကတော့ သူတို့လေယာဉ်နဲ့ လာဝဲတာရှိတယ်။ ပြီးရင် စစ်ကားတွေနဲ့ မခုတ်တရို့ဝင်လာကြည့်တာတွေရှိတယ်။ တောင်ပျောက်တိုက်နယ်တစ်ခွင်မှာ သင်တန်းတွေပေးနေတယ်လို့ သတင်းတွေထွက်နေတယ်လို့ ကျွန်တော်တို့သိရတော့ သူတို့က ငြိုးပြီးလာချတယ်လို့ ထင်တယ်။

Dawei Watch- လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းအပေါ်မှာ ဒေသခံတစ်ယောက်အနေနဲ့ ဘာပြောချင်တာမျိုးရှိလဲ။

ဖြေ- ‌ဒေသခံတစ်ယောက်နေနဲ့ ပြောရမယ်ဆိုရင် တစ်ကယ်ထိတ်ထိတ်လန့်လန့်နဲ့ နေရတဲ့အခြေအနေရှိနေတယ်ပေါ့။ ကျွန်တော်တို့ကိုဝိုင်းပြီး ဝန်းရံပေးဖို့ ပြောချင်တယ်။ အရင်တုန်းက ကျွန်တော်တို့နယ်မြေသည် အမည်းရောင်နယ်မြေဖြစ်တော့ အခြားနေရာတွေလို အခြေအနေနဲ့တော့ တူမှာမဟုတ်ဘူး။ မြို့ပေါ်မှာလို ခဏလေးဝင်ပြီး သွားဖို့ပုံစံမျိုးမဟုတ်ဘူး။ အထိုင်ချပြီး ချမယ့်ပုံစံမျိုးဖြစ်နေတော့ ဘေးကြပ်နံကြပ်ဖြစ်နေတယ်။