ဆွေးနွေးမည့် အကြောင်းအရာကား ပျော်ရွှင်မှုနှင့် ဥစ္စာဓနတို့၏ဆက်စပ်မှု အပေါ်ပညာရှင်တစ်ဦး ၏ ပညာရပ် ရှုထောင့်မှ အမြင်နှင့် သူ၏ လေ့လာ ယူဆမှုအကြောင်းဖြစ်သည်။ လူအများစု သည် ပျော်ရွှင်မှုကို လိုလားတောင့်တ ကြသည့်အလျောက် ဥစ္စာဓန ငွေကြေး သည် လူတို့အတွက် ပျော်ရွှင်မှုများ ဆောင်ကြဉ်းလာ မည်ဟုလည်း ယုံကြည် ကြသည်။ ဝင်ငွေများများရှိခြင်းကိုလည်း လူတိုင်းလိုလိုက နှစ်သက်တတ်ကြပါ သည်။
လွန်ခဲ့သော ရာစုနှစ်ဝက်ကျော် ကျော်က နိုင်ငံအချို့သည် စီးပွားရေး ဖွံ့ဖြိုးလာခဲ့သည့်အလျောက် ငွေကြေး ဥစ္စာဓန ပို၍ကြွယ်ဝလာခဲ့ကြသော်လည်း ထိုနိုင်ငံရှိ လူအများစုမှာ ယခင်ကထက် ပို၍ ပျော်ရွှင်လာပုံ မရပေ။ စစ်တမ်းများ အရ အမေရိကန်၊ ဥရောပနှင့် ဂျပန် ရှိ ပြည်သူတို့သည် ယခုအခါ သူတို့၏ နိုင်ငံများသည် လွန်ခဲ့သော ၁၉၅၀နှင့် နှိုင်းစာလျှင် တိုးတက်လာသော အခြေ အနေတွင်ရှိသော်လည်း ယခင်ကာလ များကထက် ပို၍ ပျော်ရွှင်လာမှု မရှိဟု ဆိုပါသည်။
ထိုစစ်တမ်း၏ အဖြေကား အတော်ပင် စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အချိန် တွင်မဆို ချမ်းသာသော သူများက သူတို့သည် အခြားသော သူများထက် အထူးသဖြင့် ပစ္စည်းဥစ္စာ ချို့ငဲ့သူများ ထက် ပို၍ပျော်ရွှင်ကြောင်း ပြောတတ်ကြ ခြင်းကြောင့်ဖြစ်သည်။
သာဓက ပြရလျှင် စစ်တမ်းတစ်ခု တွင် အမေရိကရှိ လူချမ်းသာ ရပ်ကွက် ၏ ၃၇ ရာခိုင်နှုန်းက သူတို့ အလွန် ပျော်ရွှင်ကြသည်ဟုဖြေဆိုကြသော်လည်း သူဆင်းရဲရပ်ကွက်မှ ၁၆ ရာခိုင်နှုန်း သောသူတို့ကသာ သူတို့ အလွန်ပျော်ကြ သည်ဟု ဖြေခဲ့ပါသည်။ ထိုရလဒ်ကို သုံးသပ်ကြည့်ကာ မျှော်လင့်နိုင်သည်မှာ နိုင်ငံတစ်ခုကြီးပွားလာလျှင် ဝင်ငွေတိုး လာလျှင် ဥစ္စာဓနပြွေါကယ်ဝလာလျှင် သူဌေးကော ဆင်းရဲသားများပါ ပို၍ ပိုပျော်ရွှင်နိုင်သည် ဟူ၍ဖြစ်သည်။
သို့သော်လည်း အမှန်မှာ ထိုသို့ မဟုတ်ပေ။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ဝိရောဓိ တစ်ခုရှိနေသည်။ ထိုဝိရောဓိ ကား လူတစ်ဦးသည် ယခင်ကထက် ပို၍ချမ်းသာလာလျှင် သူသည် ယခင်က ထက် ပိုပျော်နိုင်ချေရှိသည်။ သို့ရာတွင် သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံး ကြွယ်ဝလာလျှင် ထိုအသိုက်အဝန်း ပတ်ဝန်းကျင်ရှိ မည်သူမျှ ထူး၍ မပျော် နိုင်ချေ။ မကြာသေးမီနှစ်များက လေ့လာ ချက်တစ်ရပ်တွင် စီးပွားရေးကို တိုင်းတာ ရန် သမားရိုးကျ စံတစ်ခုဖြစ်သော စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ကဲ့သို့ စံနှုန်းမျိုးမသုံးဘဲ ပျော်ရွှင်မှုကို စီးပွားရေးကို အကဲဖြတ်သည့် စံအဖြစ် သုံးခြင်းကို ဘောဂဗေဒ ပညာရှင်များ၏ မျက်စိကျမှုတိုးလာသည်။
လန်ဒန်စီးပွားရေး တက္ကသိုလ် ဘောဂဗေဒ ပါမောက္ခ ရစ်ချတ်လေ့ယာ့၏ ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချမှုများ တွင် ချမ်းသာခြင်းနှင့် ပျော်ရွှင်မှုတို့ အကြား အဆက်အစပ် ဝိရောဓိကို ဖြေရှင်း ရန် စိတ်ပညာရှုထောင့် လူမှုဗေဒရှုထောင့် နှင့် ဘောဂဗေဒ ရှုထောင့်တို့မှာ အမျိုးမျိုး သော အထောက်အထား သက်သေများကို ပြန်လည် လေ့လာသုံးသပ်မှုများ ပါဝင် ခဲ့သည်။
ဥစ္စာဓန ကြွယ်ဝ ဝင်ငွေမြင့်လာ သော်လည်း လူအချို့ ပို၍မပျော်ရွှင်နိုင် ခြင်းနှင့် စပ်လျဉ်း၍ရှင်းပြချက်တစ်ရပ်မှာ လူတို့၏ အလေ့အထတစ်ခုဖြစ်သော ရောင့်ရဲနိုင်မှု မရှိခြင်းနှင့် အလွယ်တကူ ရိုးအီသွားတတ်သော အကျင့်ဖြစ်သည်ဟု ဆိုသည်။ ဝင်ငွေတိုးလာခြင်းကြောင့် သို့မဟုတ် တစ်ခုခုတိုးတက်အောင်မြင် သွားခြင်းကြောင့် လူအများစုသည် တစ်ပါးသူတို့ထက် ပို၍ပျော်ရွှင် တတ်ကြ သော်လည်း ထိုပျော်ရွှင်မှုမှာ ခေတ္တခဏ သာခံတတ်သည်။
ထိုအောင်မြင်မှုများ၏ အကျိုးဆက်သည် သူတို့ကို ခေတ္တသာ ပျော်ရွှင်မှုပေးနိုင်သည့် သဘောဖြစ် သည်။
သာဓက ဆိုရလျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က အေးမြသော ရာသီ ဥတုရှိသည့် နိုင်ငံများတွင် အိမ်များရှိ အပူပေးစနစ်မှာ ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် ဖြစ်ခဲ့သော်လည်း ယနေ့အချိန်တွင်မူ ထိုစနစ်ကို မရှိမဖြစ်လိုအပ်သော အရာ အဖြစ်ရှုမြင်လာကြသည်။ ဆိုလိုသည်မှာ ယခုအခါတွင် ယခင်ကထက်ပစ္စည်းဥစ္စာ ပြည်စုံလာသော်လည်း ထိုအရာတို့ရှိနေ ခြင်းအတွက် ပျော်ရွှင်မှု ထူး၍မဖြစ်နိုင် တော့ပေ။ မိမိစိတ်ကြိုက်ဝယ်ထားသော ကားတစ်စီးရှိနေခြင်းကြောင့် ပျော်ရွှင်နေ နိုင်သော်လည်း မိမိ၏ အိမ်နီးချင်းမှာ မိမိကားထက် ပို၍သစ်သော မော်ဒယ်လ် မျိုးဝယ်စီးနိုင်လာလျှင် မိမိစိတ်ထဲတွင် အသစ်ကို လိုချင်သောစိတ် မိမိ ကား အပေါ်နှစ်လိုသော ထိုကားရှိနေခြင်း ကြောင့် ပျော်ရွှင်ရသော စိတ်များလွင့်ပါး သွားတတ်ပေသည်။
ဒုတိယ အချက်မှာ ပို၍အရေးကြီး သော အချက်ဖြစ်ပြီး ငွေကြေးဓနသည် လူတို့ကို အဘယ်ကြောင့် အလိုအလျောက် ပို၍ မပျော်ရွှင်စေသနည်းဟူသော မေးခွန်း အတွက် ဖြေရှင်းချက်တစ်ခုဖြစ်သည်။ ထိုဖြေရှင်းချက်အရ လူတို့သည်တစ်ပါး သော သူများနှင့် မိမိတို့အခြေအနေကို နှိုင်းယှဉ်ခြင်း၊ ပြိုင်ဆိုင်ခြင်းကို များစွာ ပြုတတ်ခြင်းကြောင့်ဖြစ်သည်ဟုဆို သည်။ ဟားဗတ်တက္ကသိုလ်ရှိ ကျောင်းသား များကို စစ်တမ်းကောက်ယူသည့်အနေ နှင့် မေးခွန်းများမေးကာ ရွေးချယ်မှုများ ပြုလုပ်စေခဲ့သည်။ ရွေးချယ်စေသော အချက် နှစ်ချက်မှာ (၁) အခြားသူများ နှစ်စဉ်ဝင်ငွေဒေါ်လာ နှစ်သောင်းခွဲသာ ရချိန်တွင် မိမိတို့က ဝင်ငွေ ငါးသောင်း ရှိခြင်း (၂) အခြားသူများနှစ်စဉ်ဝင်ငွေ ဒေါ်လာ နှစ်သိန်းရနေချိန်တွင် မိမိတို့က ဝင်ငွေ ဒေါ်လာ တစ်သိန်းရှိခြင်း စသည့် အချက်များဖြစ်သည်။ ကျောင်းသား အများစုမှာ နံပါတ် (၁) ကိုသာ ရွေးခဲ့ကြ သည်။ ထိုရလဒ်က လူတို့သည် အခြား သူများထက် အသာစီးရသည့် အခြေအနေ မျိုးဟု ယူဆလျှင် ပိုပျော်ရွှင် နိုင်ချေရှိ ကြောင်းပြပြီး လူတစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ်၊ ပြိုင်ဆိုင်ကာ အသာစီးရလို တတ်သည်ဟုလည်း ညွှန်ပြလျက်ရှိ သည်။
အခြားသောလေ့လာတွေ့ရှိမှု များအရ လူအချို့သည် မကြာခဏဆို သလို သူတို့၏ ဝင်ငွေကို တခြားသူများ ၏ ဝင်ငွေနှင့် နှိုင်းယှဉ်ကာ စိုးရိမ်ကြောင့် ကြတတ်ကြသည်ဟုဆိုသည်။ သူတစ်ပါး ၏ ဝင်ငွေနှင့် သွား၍ နှိုင်းယှဉ်တတ်ခြင်း အလေ့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေ အပေါ် ပျော်ရွှင်မှု ပီတိဖြစ်မှုမှာ ခဏသာ ခံသည့် သဘောဖြစ်သည်။ မိမိတို့ အသိမိတ်ဆွေ တစ်ဦး၏ ဝင်ငွေမှာ မိမိတို့ ထက်များနေပါလား ဟူသော အသိက လူအချို့ကို သိမ်ငယ်စေပြီး အချို့အတွက် မုဒိတာမပွားနိုင်ဘဲ မနာလိုဖြစ်ကာ စိတ်မချမ်းမမြေ့ဖြစ်သည့် အခြေအနေ မျိုး ဖြစ်စေသည့်အတွက် ထိုအခြေအနေ မျိုးကို ပါမောက္ခ လေ့ယာ့က ညစ်နွမ်းမှု တစ်မျိုးဟုဆိုခဲ့သည်။
ဆိုးဝါးနေဆဲဖြစ်သော အချက် တစ်ခုမှာမှာ လူအများစုသည် ရုပ်ဒြပ် ဥစ္စာဓန ပိုင်ဆိုင်မှုများအတွက် အချိန် များစွာသုံး၍ အလုပ်ပိုလုပ်ခြင်းက ထိုသူတို့ကို ပို၍ပျော်ရွှင်ခြင်းနှင့် ဝေးလာ စေခြင်းဖြစ်သည်။ အချက်တစ်ခုမှာ အလုပ်တွင် အချိန်များစွာ ကုန်ရခြင်း ကြောင့် မိမိတို့ စိတ်ချမ်းသာရာ လုပ်နိုင် ရန်၊ မိမိတို့ တန်ဖိုးရသောသူများ၊ မိသားစုများနှင့် အချိန်ပေးရန် အားလပ် ချိန်လောက်လောက်ငင မရတော့ခြင်း မျိုးဖြစ်သည်။ သိုရာတွင် လူအများစုမှာ ထိုသို့သော အားလပ်အချိန်များကို ငွေကြေးလောက် တန်ဖိုးမထားတတ် ကြကြောင်း စစ်တမ်းအဖြေအရသိရ သည်။ အထက်တွင်ဖော်ပြခဲ့သော ဟားဗတ်ကျောင်းသားများ၏ ဖြေဆိုမှု များထဲတွင် အားလပ်ချိန်နှင့်ပတ်သက် သော မေးခွန်းများလည်းပါဝင်သည်။ ပထမတစ်ခုမှာ အခြားကျောင်းသားများ အားလပ်ချိန် တစ်ပတ်ယူလျှင် မိမိတို့ အတွက် အားလပ်ချိန် နှစ်ပတ်၊ ဒုတိယ တစ်ခုမှာ အခြားကျောင်းသားများ အားလပ်ချိန် ရှစ်ပတ်ရနေချိန်တွင် မိမိတို့ အတွက် အားလပ်ချိန် လေးပတ်ရခြင်း တို့ဖြစ်သည်။ ထိုစစ်တမ်းတွင် ကျောင်းသား အများစုမှာ ဒုတိယတစ်ခုကိုသာ ရွေးချယ်ခဲ့ ကြသည်။ ထိုရလဒ်ကို ထောက်ရှုကာ လူအများစုသည် ငွေကြေးဥစ္စာကိုသာ သူတပါးထက် ပိုမိုသာလွန်အောင် ရလို သော်လည်း အားလပ်ချိန်နှင့် ပတ်သက် လျှင် ထိုသို့သဘောမသက် ရောက်ကြောင်း သိရပေသည်။ ထိုကြောင့် ပါမောက္ခ လေ့ယာ့က လူအများစုသည် ဥစ္စာငွေ ကြေးများအတွက် အချိန်များစွာ အကုန် ခံကာအလုပ်လုပ်ကြပြီး ယင်းတို့ စိတ် ချမ်းသာမှုအတွက် အားလပ်ချိန်များ အနည်းအကျဉ်းသာ ရှိတော့သည်ဟု ဆိုပါသည်။
သူက ဆက်လက်၍ ဝင်ငွေများများ ရှိသူကို အခွန်တိုးကောက်ခြင်းဖြင့် လူ အချို့ကို အလွန်အကျွံ အလုပ်လုပ်ခြင်းမှ တားနိုင်မည်ဟုဆိုသည်။ ဥပမာ အနေ နှင့် အမေရိကနှင့် ဥရောပကို ယှဉ်ပြ သည်။ အမေရိကတွင် လူအများစုသည် အချိန်ပို အလုပ်ဆင်းခြင်းမှ ဝင်ငွေများစွာ ရသည်ဟုဆိုသည်။ ဥရောပတွင်မူ ထိုသို့ ဝင်ငွေရှာနိုင်သော်လည်း ဝင်ငွေနှင့် ဆိုင်သော အခွန်ပေးရမှုများသဖြင့် လူ အများစုမှာ အလုပ်ပိုလုပ်ရန် ထက် အနားယူချိန် ပိုရှိရန် ရွေးချယ်တတ်ကြ သည်ဟု ဆိုသည်။ ဝင်ငွေအပေါ်စည်း ကြပ်သော အခွန်နှုန်းထားမြင့်ခြင်းက လူအများကို အချိန်ပို အလုပ်လုပ်ရန် ထက် အနားယူရန် တွန်းအားဖြစ်စေသည် ဟုဆိုသည်။ ထို့ကြောင့်လည်း ဥရောပ သည် အမေရိကနှင့်နှိုင်းစာလျှင် အလုပ် လုပ်ချိန်နည်းနေတတ်သည်။
အမေရိကန် သည် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ကဲ့သို့သော ဘောဂဗေဒဆိုင်ရာ စံတစ်ခုတည်းနှင့်တိုင်းလျှင် အခြားနိုင်ငံ များစွာ ထက်သာလွန်သော အနေအထား မျိုးတွင် ရှိနေကောင်းရှိနေနိုင်သည်။ သို့ရာတွင် ထိုစုစုပေါင်းပြည်တွင်းထုတ်ကုန်ဟူသော စံနှုန်း ကိန်းဂဏန်းကား လူတို့၏ စိတ်ပျော်ရွှင်မှုကို မတိုင်းတာ နိုင်ပေ။ အမေရိကသည် ဥရောပထက် ဥစ္စာဓနအားဖြင့် ကြွယ်ဝကောင်းကြွယ်ဝ နိုင်ပေသည်။ သို့ရာတွင် အမေရိကရှိ လူများသည် အခြားရပ်တစ်ပါးမှ ပြည်သူ များထက် ပို၍ ပျော်ရွှင်မှုရှိကြပါသလား ဆိုသည်မှာ ယတိပြတ်ဖြေရန်ခက်သော ပုစ္ဆာတစ်ပုဒ်ဖြစ်ပေသည်။