ရောမန္တိက၊ ရိုမန့်တင့် ဆိုတာက ချစ်ခြင်းမေတ္တာတရားနဲ့ ကြင်နာယုယထွေးပွေးတဲ့ ရပ်ဝန်းကလေး ဖြစ်နေခြင်းရယ်လို့ သာ ဖွင့်ဆိုမယ်ဆိုရင် ကိုယ့်အခန်းလေးရဲ့ တခေါ်လောက်မှာရှိတဲ့ ဈေးလမ်းကလေးဟာ ရောမန္တိက ဈေးလမ်းကလေးပဲပေါ့။
သူစိမ်းတွေကြားမှာ နူးညံ့သိမ်မွေ့မှုတွေ၊ ဖော်ရွေမှုတွေ၊ အပြုံးသန့်သန့်တွေ၊ ချစ်ခြင်းမေတ္တာတရားတွေကို ဖောဖောသီသီ အမြဲလိုလို မြင်ချင်ရင် ဈေးလမ်းကလေးထဲချိုးလိုက်ပေါ့။ ပြီးတော့ ဈေးဆိုင်ခန်းလေးတွေထဲက ဈေးသည်တွေ၊ ဈေးဝယ်သူတွေကို ခဏလောက် ငေးလိုက်ကြည့်ပေါ့။ အဲဒီမှာ ရောမန္တိက မြင်ကွင်းတွေ အဖွေးသားပဲ။
ကိုယ်ကဖြင့် အဲသည်လမ်းသွယ်ကလေးကို ရောမန္တိက ဈေးလမ်းလို့သာခေါ်နေတာ သူ့ရဲ့ မူလနာမည်ကိုလည်း တခါမှ မကျက်မိဘူး။ ဖုန်းထဲက မြေပုံထဲမှာ လမ်းနာမည်ထိုးထားလည်း မဖတ်ဖြစ်ဘူးရယ်။ အဲဒီလမ်းကလေးပေါ် လျှောက်နေမိတာဖြင့် နှစ်ပေါက်နေပြီ။
အခုထိလည်း လမ်းနာမည်မသိ။ ကိုယ့်အမှတ်နဲ့ကိုယ်။ ကိုယ့်အထာနဲ့ကိုယ်ပဲ။ ကိုယ့်တက္ကသိုလ်ဝင်းထဲက လမ်းတ လမ်းပေါ်မှာ ဒေါင်းငှက်တကောင်ကို ခဏခဏတွေ့လို့ အဲဒီလမ်းကို ဒေါင်းနင်း လမ်းလို့ ပေးထားတယ်။
ကိုယ်နေတဲ့ ရပ်ကွက်ကိုလည်း အမြင့်တို့ရပ်ကွက်လို့ကိုယ်ဘာသာခေါ်တယ်။ ကိုယ်နေတဲ့ နေရာနားမှာ ပထမတန်းစားလို့ နာမည်တဲ့ အဆောက်အအုံတစ်ခုရှိတယ်။ အဲဒီနားလေးက အနှိပ်ခန်းနာမည်က နိဗ္ဗာန တဲ့။
သူ့နံဘေးက ဆေးဆိုင်ကျတော့ သူရိယစန္ဒာ နေလ ဆေးဆိုင်တဲ့။ ဆေးဆိုင်ရဲ့ လမ်းတဖက် မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ကတော့ ဇောတိက တဲ့။ ပြီးတော့ ဆူနာမီ နာမည်နဲ့ ဆူရှီဆိုင်လည်းရှိသေးတာရယ်။ အပျံစား နာမည် အမြင့်ကြီးတွေရယ်။ လမ်းနာမည်ပေးဖြစ်ပုံကလည်း ဒီလို။
လမ်းထိပ်မှာ အပ်ချုပ်ဆိုင်ကလေးတခုရှိတယ်။ ဆိုင်ဆိုလို့ သားသားနားနားမဟုတ်။ စတိုးဆိုင်လေးရဲ့ တံစက်မြိတ်မှာ အဖီလေးဆွယ်၊ ထီးလေးမိုးပြီး စက်ချုပ်ပေါ့။ အသက်ကြီးနေပြီဖြစ်တဲ့ ပင်စင်စားအရွယ် အဖွားက အပ်ထည်လေးတွေရှိရင် အဝတ်လေးတွေချုပ်လို့။
အပေါက်ဖာ၊ ပြင်ချုပ် လာလုပ်ကြတဲ့ အထည်တွေ များမယ်ထင်တယ်။ တခါခါသူ့မြေကလေးတွေလည်း စက်ခုံနားမှာဆော့လို့။ ပုံမှန်တော့ အဖွားကြီးနားမှာ အမြဲလိုလို အဖိုးတယောက်ရှိတယ်။ သူကတော့ တောက်တိုမယ်ရလေးတွေ ကူလို့၊ ပြီးတော့ စက်ချုပ်နေတဲ့ အဖွားနဲ့ ခပ်ပြုံးပြုံး စကားပြောနေလေ့ရှိတယ်။
သူတို့နှစ်ယောက်ဘယ်လိုပတ်သက်လည်း ကိုယ်မသိပါဘူး။ ဒါပေမဲ့ အမြဲလိုလို သူတို့ နှစ်ယောက်သား အပြုံးတွေကိုယ်စီပန်ပြီး ဖေးမနေကြတာမြင်တော့ ကိုယ်လည်းကြည်နူးရတာပါပဲ။
ပြီးတော့ အပ်ချုပ်ဆိုင်လေးနဲ့ကပ်ရက်က စားသောက်ဆိုင်လေးဆိုရင်လည်း ညီအစ်မတွေရဲ့ အပြုံးလှလှတွေ တသီကြီးရယ်။
နောက်လမ်းထဲမှာ ဟင်းရောင်းတဲ့ ဆိုင်က ခပ်ပြုံးပြုံး အဖိုးနဲ့ အဖွားရဲ့ အချင်းချင်း ဖေးမနေမှုတွေ၊ ညနေစောင်းမှ ဆိုင်လာဖွင့်တတ်တဲ့ လူလတ်ပိုင်း စုံတွဲရဲ့ အပြုံးချိုချို နဲ့ ဖော်ဖော်ရွေရွေ ကျေးဇူးစကားဆိုတာတွေ၊ ဟင်းသီးဟင်းရွက်ဆိုင်တခုက ဈေးသည်အမေကြီးက သူသားကြီးကို ဂရုစိုက်တာတွေ၊ သစ်သီးဆိုင်က ခပ်တောင့်တောင့် အစ်ကိုကြီးဟာ ဈေးခင်းတဲ့အခါ သူ့ဇနီးကို အစစ ကူနေတာတွေဟာ မြင်နေကျမြင်ကွင်းတွေပါပဲ။
အမြဲလိုလိုပဲ သူတို့တွေ အေးအေးလူလူ၊ ခပ်ဖြည်းဖြည်းနဲ့ လုပ်ကြကိုင်ကြ တယောက်နဲ့တယောက် ဖေးဖေးမမပေါ့။ ကိုယ်တွေ အဲဒီလမ်းကလေးနားမှာ နှစ်ပေါက်အောင်နေလာသမျှတခါမှ သူတို့ အချင်းချင်း အော်ငေါက်မြည်တွန်လို့ လေသံကြမ်းကြတာမတွေ့။
လမ်းကလေးက ညနေဆင်းရုံးဆင်းချိန်ဆိုပိုစည်တတ်တယ်။ အနီးအနားက စုံတွဲလေးတွေ ဒွိယံ ဒွိယံ အတူတကွ ရွှေလက်ချင်းချိတ်လို့ ဈေးကလေးကို လာတတ်ကြတယ်။
လိုချင်တာမရလို့ နှုတ်ခမ်းစူ မျက်နှာညှိုးနေတဲ့ ကလေးမလေးကို ကောင်လေးက ချော့နေတာမျိုးလည်း တွေ့ရတတ်တယ်။ ဣတ္ထိယအချင်းချင်း၊ ပုရိသအချင်းချင်းတွဲတဲ့ အတွဲကလေးတွေလည်း ဒီမှာအတွေ့ရများတယ်။ ကလေးတွေ တအုပ်ကြီးနဲ့ ဈေးဝယ်လာတဲ့ စုံတွဲတွေ၊ ဟင်းချက်စရာလာရှာတဲ့ အဖိုးကြီး အဖွားကြီး စုံတွဲတွေလည်းပေါပ။
ဈေးတန်းက စားစရာကို အမြည်းအဖြစ်ဝယ်မယ်။ ပြီးတော့ အနီးအနားက စတိုးဆိုင်မှာ သောက်စရာဝယ်မယ် ဆိုတဲ့ ဘော်ဒါ သူငယ်ချင်းအုပ်စုတွေလည်း အပေါသား။ လမ်းထဲမှာကလည်း အမြည်းနဲ့ ယမကာဆိုင်က သိပ်မဝေးဘူးကိုး။
ထူးထူးခြားခြား ရို တတ်တာကတော့ ဆံသဆရာတို့ စုံတွဲပဲ။ သူတို့မှာ ကလေးတွေလည်းရှိတယ်။ ဆံသဆိုင် ခပ်ကျဉ်းကျဉ်းထဲမှာ သူ့ကလေးတွေနဲ့တင် ပြည့်နေတတ်တယ်။
ဒါပေသိ ဆံသဆရာလေးဟာ ကလေးတွေ မရှိတုန်း သူ့ဇနီးသည်နဲ့ နှစ်ယောက်သား အကြည်ဆိုက်နေတတ်တယ်။ တရက်တော့ ဆံသဆရာလေးဟာ စားပွဲ ပိစိကလေးတလုံးကို ဆိုင်အပြင်မျက်နှာစာမှချ၊ ပန်းအိုးကလေးတလုံးတင်၊ ပန်းအိုးထဲမှာလည်း လှတပတ ပန်းလေးနဲ့ အရွက်တွေဝေလို့၊ သူနဲ့ သူ့ဇနီးနှစ်ယောက်တည်း စားပွဲရဲ့ တဖက်တချက်မှာ ခုံလေးတွေကိုယ်စီနဲ့ထိုင် ပြီး မျက်လုံးချင်းဆုံ အပြုံးတွေဝေလို့။
ဘာတွေများ နှစ်ကိုယ်ကြားတီးတိုး စကားဆိုနေလည်းမသိ။ ဥဒဟို သွားလာနေတဲ့ လမ်းပေါ်ကလူတွေ၊ ယာဉ်တွေ၊ အသံဗလံတွေကို တောင်သူတို့ သတိမထားမိပုံပဲ။ တညကျတော့လည်း လမ်းထဲက ဈေးဆိုင်တချို့ ဈေးသိမ်းနေချိန် ဆံသဆရာဟာ သူ့ဇနီးနဲ့အတူ ဆိုင်ရှေ့က ပန်းအိုးတွေရေလောင်းလို့ တဖက်ဆိုင်က ဖွင့်ထားတဲ့ တေးသွားအတိုင်း သူ့ကိုယ်ကိုလှုပ်ပြီး ကနေတာလည်း တွေ့ရပြန်တယ်။ သူတို့က အဲသလိုရယ်။
အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တဲ့ အစ်ကိုကြီးဆိုရင်လည်း သူ့သားကို အားတိုင်း ဘိုလိုသင်နေတတ်တယ်။ သူ့ဆိုင်မှာ သွားစားရင် ကိုယ်တွေကို ဘိုလိုမှုတ်မယ်၊ စားစရာတွေ အကြောင်း စိတ်လက်ရှည်ရှည်နဲ့ ရှင်းပြမယ်။ အဲလို။ သူ့သားလေးကိုလည်း ဘိုလိုကျွမ်းစေချင်ပုံရတယ်။ သူ့ဆိုင်နားမှာလည်း ဘိုလိုလည်လည်ပတ်ပတ်ပြောတတ်တဲ့ သစ်သီးဆိုင်ပိုင်ရှင် အစ်မတယာက်ရှိပြန်ရော။
သူကျတော့ ဆိုင်ထိုင်တဲ့ အမေနဲ့ နှစ်ယောက်သား အချိန်ကုန်တာများတယ်။ အနောက်တိုင်းသားတွေ လာဝယ်ရင် သူပဲ ဒိုင်ခံ ရောင်းတာ တွေ့ရတယ်။ တခါတလေ သူ့ဆိုင်မှာ သွားဝယ်ရင် စေတနာနဲ့ အပိုထည့်ပေးတယ်။ ဒါက အတော်ချဉ်တာနော် ဆိုပြီးလည်း မရောင်းခင် သတိပေးတတ်သေးတယ်။
ဒီလိုပါပဲ။ လမ်းကလေးထဲမှာ အေးအေးလူလူဈေးသည်တွေ၊ ဈေးဝယ်တွေချည်း။ အသက်ကြီးကြီး ဈေးသည် တယောက်ဆိုရင် အချိန်ရတိုင်း ငြိမ့်ညောင်းသာယာ တေးသံသာများ ဖွင့်လို့ ဆိုင်ထိုင်ရင်း အိပ်ပျော်နေတတ်သေးတယ်။ တစ်ခါတလေတော့လည်း ဒီဖက်ဆိုင်မှာ ဆိုင်ရှင်မရှိလို့ ဟိုဖက်ဆိုင်က ဆိုင်ရှင်က ဒီဖက်ကူးလာပြီး လာရောင်းပေး ချင်တွယ်ပေးတာမျိုးလည်း အမြဲဖြစ်နေကျ။ ဘာမှတော့လည်း ထူးဆန်းတာတော့မဟုတ်ပါဘူး။ ဒီလိုပါပဲ အချင်းချင်းကူကြတာပါပဲ။
စားသောက်ဆိုင်ရှင်က ဟင်းရွက်သစ်သီး ဆိုင်မှာ လိုတာဝယ်လိုက်၊ ဟင်းရွက်ဆိုင်က ဆိုင်ရှင်ကလည်း စားသောက်ဆိုင်မှာ ဟင်းဝယ်စားလိုက်နဲ့ နိစ္စဓူဝ လိုပဲ။ ညဖက် ဈေးသိမ်းရင် အဲဒီနားက ဆိုင်ရှင်အချို့ စုပြီး တနေရာမှာ ဘီယာလေးနဲ့ အမြည်းလေးချလို့ တခွက်တဖလားဝိုင်း စုပြီး သောက်တတ်ကြတာလည်း ဓလေ့ကလေးတခုပဲရယ်။
ခပ်ကြာကြာနေခဲ့ဖူးတဲ့ ရန်ကုန်မှာ ဒီလိုဈေးမြင်ကွင်းမျိုးကို မြင်ခဲ့ဖူးတာပါပဲ။ ဒါပေသိ ဒီကနဲ့မတူလေးတွေကတော့ ကိုယ်တွေဆီမှာတော့ ရောမန္တိက ဖြစ်ခြင်းက ခပ်ကျဲကျဲပေါ့။ အာဂန္တုက ရောမန္တိကဖြစ်ခြင်းက မျိုးပေါ့။ ဈေးထဲမှာဆို ဈေးသည်အချင်းချင်း နပန်းသတ်ခြင်းတွေကလည်း ပွဲစည်တတ်သပေါ့။ အပြိုင်အဆိုင် ရောင်းကြ၊ စောင်းမြောင်းပြောဆိုကြ၊ စကားစစ်ထိုးကြနဲ့ အကျယ်အကျယ်ပေါ့။
အလေးမမှန်တဲ့ပြဿနာ၊ ပစ္စည်းအရည်အသွေး၊ ဈေးအတက်အကျ ပြောကြဆိုကြရင်းကလည်း ဆဲကြဆိုကြ ထိုးကြ ကြိတ်ကြတာလည်း မဆန်းဆိုသကိုး။ ကိုယ်တွေဆီက အဲသလိုမျိုး။ ဈေးဝယ်တွေကလည်း ဈေးထဲမယ် ဈေးဆစ်ရ၊ အရည်အသွေးမီတာကို သေချာရွေးရ၊ ခါးပိုက်ခံရမှာကိုကြောက်ရ၊ မျက်နှာထားတင်းနေတဲ့ ဈေးသည်ကို ကြည့်ကျက် ပြောရဆိုရနဲ့ တမျိုးတဘာသာပေါ့။ ကိုယ်တို့လူတွေ မပျော်နိုင် မကြည်သာနိုင် မရွှင်ပြနိုင် ဖြစ်ကြရပါတယ်။ အခုကာလ ဆို ပိုဆိုးနေပေမပေါ့။
ကိုယ်တို့နိုင်ငံ နေပြန်ကောင်းသွားရင်၊ လူတွေဟာ အေးအေးလူလူနဲ့ သိပ်မပူပင်ရတဲ့ရပ်ဝန်းမျိုးဖြစ်လာရင်၊ ကိုယ်စိတ် ငြိမ်းချမ်း လုံခြုံတဲ့ နိုင်ငံမျိုးဖြစ်လာရင် ရောမန္တိက ရပ်ဝန်းလေးတွေ ပိုတိုးလာမလားပဲ။ လူတွေကြားမှာ ရောမန္တိက ရပ်ဝန်းလေးတွေ များတဲ့အခါ ပိုငြိမ်းချမ်းလာမယ်ထင်ရဲ့။ နူးညံ့သိမ်မွေ့လာကြမယ်လို့ ယုံကြည်ရဲ့။ ကိုယ်တွေဆီက လူတွေလည်း ပင်ကိုယ်က အကြမ်းပတမ်းမဟုတ်ပါဘူး။
အခြေအနေတွေ မပေးလို့သာ သူတို့ရဲ့ စိတ်ထားသဘာဝဟာ ဒဏ်ရာဗလပွဖြစ်လာပြီး ကြမ်းတမ်းလာတယ်လို့ထင်တာပဲ။ လူသားတွေ၊ လူ့အသိုက်အဝန်းတွေ ရောမန္တိကဖြစ်ခြင်း နူးညံ့ညင်သာချစ်ခြင်းမေတ္တာပြည့်ဝ နေခြင်းဟာ ဘာနဲ့ဆိုင်သလဲ။
ဒဏ်ရာအနာတရနဲ့လူတွေဟာ အရာရာကို ရန်သူအမှတ်နဲ့ ကြောက်လန့်တကြားတုံ့ပြန်နေမိခြင်းသဘောမျိုး ကြောင့် လူအချို့ဟာ ခက်ထန်ကြမ်းတမ်းလာကြတာလား။ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်းနဲ့ ခက်ထန်နိုင်မှ၊ မျက်နှာလွှဲခဲပစ်လုပ်နိုင်မှပဲ ရှင်သန်နိုင်မယ့် အခြေအနေကိုကြုံနေကြရလို့လား။ မေးခွန်းတွေ အထပ်ထပ်နဲ့ရယ်။
မေဖြူလွှာ