BREAKING
April 25, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

April 25, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၁၈ ရက်မှ ဧပြီလ ၂၅ ရက်အထိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဧပြီလ ၂၁ ရက်နေ့က ဗာတီကန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပုပ်ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို ဗာတီကန်က စိန့်ပီတာ ဘုရားကျောင်းကို သယ်ယူ၍ ဈာပနာနေ့အထိ ထားရှိထားမှာပါ။

ဝတ်ရုံနီ ဆင်မြန်းပြီး ခေါင်းတလားထဲမှာ ဖွင့်ပြထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကိုလည်း ဗာတီကန်ကနေ ထုတ်ပြန်ထားပါတယ်။

ခေါင်းမှာ ခေါင်းဆောင်းရှည် ဆောင်းပေးထားပြီး လက်မှာ လက်ဝါးကပ်တိုင်ပုံပါတဲ့ စိပ်ပုတီးထည့်ထားပေးပါတယ်။

စျာပနာပွဲကိုတော့ ကမ္ဘာတဝန်းက အစိုးရ အကြီးအကဲတွေ၊ မင်းဆွေမင်းမျိုးတွေအပါအဝင် ကက်သလစ် ဘာသာ၀င်တွေလည်း တက်ကြမှာ ဖြစ်ပါတယ်။

ရုပ်ကလာပ်ကိုတော့ ရောမမြို့ထဲက ဆန်တာ မာရီယာ မဂျော်ရီ ဘုရားကျောင်းကြီးမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

Ref: The Guardian

……………………………………..

အမေရိကန်က ဆော်ဒီကို ဒေါ်လာ ၁၀၀ ဘီလီယံကျော် လက်နက်ရောင်းချရန် စီစဉ်

အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေဗျနိုင်ငံကို ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့အတွက် စီစဉ်နေပါတယ်။

လာမယ့် မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆော်ဒီခရီးစဉ်အတွင်း ကြေညာဖို့ စီစဉ်ထားတာပါ။

ဆော်ဒီအာရေဗျဟာ အမေရိကန်ထုတ်ကုန်တွေ အထူးသဖြင့် အမေရိကန် စစ်လက်နက် ပစ္စည်းတွေကို ဝယ်ယူနေတဲ့နိုင်ငံဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဆော်ဒီအာရေဗျက လက်နက်ဝယ်ယူမှုတွေကြောင့် အနည်းဆုံး အလုပ်အကိုင်ပေါင်း တသန်းလောက်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ဥပဒေအရ နိုင်ငံတကာလက်နက်ဆိုင်ရာ သဘောတူညီချက်တွေကို အတည်မပြုခင် လွှတ်တော်အဖွဲ့ဝင်တွေက ပြန်လည်သုံးသပ်ရဦးမှာ ဖြစ်ပါတယ်။

Ref: REUTERS

……………………………………..

ကတ်ရှ်မီးယားတိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန် တင်းမာမှု မြင့်တက်

ကတ်ရှ်မီးယားဒေသမှာ ဧပြီလ ၂၂ ရက်နေ့က ခရီးသွားဧည့်သည် ၂၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တင်းမာလာနေပါတယ်။

ယင်းတိုက်ခိုက်မှုက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကတ်ရှ်မီးယားမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း လူ သေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်တာပါ။

သေဆုံးသူတွေက အားလပ်ရက် အပျော်ခရီး ထွက်လာကြတဲ့ အရပ်သားတွေ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက အပြည့်အဝ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ဆိုထားတဲ့ ကက်ရှ်မီးယားဒေသဟာ နှစ်နိုင်ငံကနေ တစ်ဝက်စီ ခွဲအုပ်ချုပ်နေတာပါ။

ဒီနေရာက နှစ်နိုင်ငံစလုံးအတွက် အထိအခိုက်မခံတဲ့ သမိုင်းကြောင်းတွေ ရှိကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုတရပ်ကို ကျွန်တော်တို့ မြင်ရဖို့ ရှိနေပြီး ဒါကတော့ ပြည်တွင်း လူထုနဲ့ ပါကစ္စတန်က တာဝန်ရှိသူတွေကိုပါ အိန္ဒိယရဲ့ စိတ်ဓာတ်ကို ပြသရမယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

နှစ်နိုင်ငံစလုံးကတော့ သံတမန်တွေကို နှင်ထုတ်ထားပြီး လေပိုင်နက် ဖြတ်သန်းခွင့်တွေအပြင် နယ်စပ်ဂိတ်တွေလည်း ပိတ်ထားပါတယ်။

Ref: The Guardian

……………………………………..

အစ္စရေးတွင် တောမီးလောင်

အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းနေပြီး မီးတောက်တွေက လေပြင်းတွေ နေပူတာတွေကြောင့် ဂျေရုဆလင်မြို့ဝန်းကျင်ရှိ တောင်ကုန်းတွေကိုပါ တိုးဝင်လောင်ကျွမ်းခဲ့ပါတယ်။

တောမီးကို အစ္စရေး အရေးပေါ်အဖွဲ့တွေက ငြှိမ်းသတ်ခဲ့ပြီး ရပ်ရွာဒေသခံများကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းရတာပါ။

အစ္စရေး မီးသတ်လေယာဉ်တွေကတော့ မီးလောင်နေတဲ့ သစ်တောဧရိယာတွေပေါ် ရေဖျန်းချပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဓိကလမ်းမကြီးတွေကို ပိတ်ဆို့လိုက်ပြီး ယာဉ်မောင်းတွေကို မော်တော်ယာဉ်တွေ ထားခဲ့ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း နာရီအနည်းငယ် အကြာမှာတော့ အဝေးပြေးလမ်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ရာသီဥတုကြောင့် နေ့လယ်အချိန်မှာ မီးစလောင်တာဖြစ်ပြီး ရာသီဥတု ပူပြင်းပြီး လေပြင်းတွေလည်း တိုက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

တောမီးလောင်မှုမှာ သေဆုံသူ တယောက်မှ မရှိပါဘူး။

မီးလောင်ပြီး နာရီ ၃၀ အကြာမှာတော့ မီးကို ထိန်းချုပ်နိုင်သွားတယ်လို့ မီးသတ်တပ်ဖွဲ့ဘက်က ပြောပါတယ်။

Ref: The Jerusalem Post

……………………………………..

တူရကီတွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ကြီးနဲ့အတူ နောက်ဆက်တွဲ ငလျင်တွေပါ လှုပ်ခတ်ခဲ့ပါတယ်။

ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၄၉ မိနစ်မှာ အဓိကငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်အနက် ၁၀ ကီလိုမီတာအကွာမှာ လှုပ်ခတ်ခဲ့တာပါ။

အဲဒီလှုပ်ခတ်မှုကြောင့် အမြင့်ပိုင်းနေရာတွေကနေ ခုန်ချထွက်ပြေးခဲ့ရာမှာ ဒဏ်ရာရသူ အရေအတွက် ၁၅၀ ယောက်ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအချက်အလက်တွေအရ သေဆုံးသူ မရှိသေးသလို အဆောက်အအုံ ကြီးကြီးမားမား ပျက်စီးတာမျိုးလည်း မရှိပါဘူး။

 နေ့လယ်ပိုင်းအချိန် နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်မှုရှိခဲ့တဲ့အတွက် ပြည်သူတွေက လမ်းပေါ်ထွက်ရင်း အပြင်မှာညအိပ်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်။

Ref: Aljazeera

……………………………………..

တောင်ကိုးရီးယား သမ္မတဟောင်းကို လာဘ်စားမှုဖြင့် တရားစွဲ

တောင်ကိုရီးယားသမ္မတဟောင်း မွန်းဂျေအင်းကို ထိုင်းလေကြောင်းလိုင်းတခုမှာ သူ့သမက်ဟောင်းကို အလုပ်ခန့်အပ်မှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူမှုအတွက် အစိုးရရှေ့နေတွေက စွဲချက်တင်လိုက်ပါတယ်။

ဂျုံးဂျူခရိုင် အစိုးရရှေ့နေရုံးက ဧပြီလ ၂၄ ရက်နေ့မှာ တရားစွဲလိုက်တာပါ။

သမ္မတဟောင်း မွန်းကို လာဘ်ပေးလာဘ်ယူမှု၊ လွှတ်တော်အမတ်ဟောင်း လီဆန်ဂျစ်ကို လာဘ်ပေးလာဘ်ယူမှု၊ ယုံကြည်မှု ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ပြောပါတယ်။

သမ္မတဟောင်း မွန်းရဲ့သမက် ရရှိတဲ့ လစာငွေဟာ သဘာဝမကျဘဲ သမ္မတဟောင်းကို လာဘ်ထိုးငွေဖြစ်တယ်လို့ တရားစွဲဆိုမှုမှာ စွပ်စွဲထားပါတယ်။

Ref: BBC

……………………………………..

ထိုင်းတွင် Food Panda ဝန်ဆောင်မှု ရပ်နားမည်

အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ Foodpanda ဟာ ထိုင်းနိုင်ငံက ဝန်ဆောင်မှုကို မေလ ၂၃ ရက်နေ့ကစတင်ပြီး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်က မိခင်ကုမ္ပဏီ Delivery Hero ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာပါ။

အရင်ကလည်း ဒိန်းမတ်၊ ဂါနာ၊ စလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားတွေက ဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါသေးတယ်။

ကုမ္ပဏီက အာရှ-ပစိဖိတ်ဒေသရဲ့အခြားဒေသတွေမှာ အားထုတ်မှုတွေကို ဆက်လက်အာရုံစိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကုမ္ပဏီဘက်ကတော့ သုံးစွဲသူတွေနဲ့ စားသောက်ဆိုင်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Ref: Bangkok Post

……………………………………..