မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ခရွဲနှင့် ငှက်ပျောတောကျေးရွာတို့တွင် ဒေသခံအရပ်သားလေးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
သိမ်ဇရပ်မြို့အခြေစိုက် အမှတ် (၃၁၀) အမြောက်တပ်ရင်းက ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ခရွဲကျေးရွာထဲ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ခရွဲရွာသား အသက် ၄၀ကျော်အရွယ် ကိုချက်ကြီးနှင့် ကိုသော်ကတို့ ကျည်စထိမှန် ဒဏ်ရာရပြီး သိမ်ဇရပ်မြို့ရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၄ ရက်တွင်ပင် ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့က ငှက်ပျောတောကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးကျည် ငှက်ပျောတောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွေကျင် ကွင်းဆိပ်ဘက်မှာ တိုက်ပွဲဖြစ်နေလို့ အခုလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး လှမ်းပစ်နေတာ။ ရွာထဲကျတာ ရှိတယ်။ ရွာထဲကျတော့ လူတွေ ထိတယ်။ အခု လူတွေလည်း ရွာမှာ မနေရဲကြတော့ဘူး။ လွတ်တဲ့နေရာကို ပြေးကုန်ကြ တယ်” ဟု ၎င်းက ပြောဆိုသည်။
သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်များကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
ဧပြီလ ၁၉ ရက်က ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကိုရင်တစ်ပါးနှင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒစ်ရာရသည်။