မြိတ်-ထားဝယ် အမြန်ရေယာဉ်စီးနင်းခကို ယနေ့(ဧပြီ ၂၅) မှစ၍ ကျပ်ငါးသောင်း စျေးလျှော့ချလိုက်ပြီး တစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲသာ ပေးရမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
တိုက်ပွဲများကြောင့် မြိတ်-ထားဝယ် လမ်းပိုင်းတွင် ခရီးသွားကားများ ပိတ်မိနေသဖြင့် ရေလမ်းကြောင်းကို အားပြုနေရပြီး အမြန်ရေယာဉ်စီးခမှာ တစ်ဦးလျှင် ကျပ်သုံးသိန်းအထိ ပေးနေရကြောင်း ခရီးသွားများထံမှသိရသည်။
ကားလမ်းပိတ်သည့် ရှစ်ရက်မြောက်နေ့ဖြစ်သော ယနေ့မှစ၍ ကျပ်ငါးသောင်း လျှောချပေးလိုက်သဖြင့် တစ်ဦးလျှင်နှစ်သိန်းခွဲကျပ်သာ ပေးရတော့မည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“ညီမတို့လည်းအဲဒီလိုပဲကြားပါတယ်။ ဒါကြောင့် အားလုံးအဆင်ပြေအောင် နှစ်သိန်းခွဲနဲ့ပဲ ရောင်းပေးနေပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
ယင်းသို့လျှော့ချသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့ ညနေပိုင်းတွင် MOE(Myeik) ခရီးသွားကုမ္ပဏီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပေ။
မြိတ်-ထားဝယ်လမ်းပိုင်းတွင် ဧပြီလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နေစဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေသည်မှာ ရှစ်ရက်မြောက်ရှိလာပြီဖြစ်သည်။
” ကျွန်တော့်ကားမှာတော့ ခရီးသည်မရှိတော့ဘူး။ ဒီနေ့ အမြန်ရေယာဉ်နဲ့ တစ်သုတ်ထည့်ပေးလိုက်ပြီ။ ပထမနေ့တွေတုန်းကတော့ လူကျပ်တယ်အခုက တစ်ဖြည်းဖြည်းပါးလာပြီ”ဟု ယင်းအမျိုးသားကပြောသည်။
ကားလမ်းပိတ်သည့်ရက် ကြာလာသည်နှင့်အမျှ ရေကြောင်းအပြင် လေကြောင်းဖြင့်လည်း ခရီးသွားသူ များလာသည့်အတွက် ဧပြီလ ၂၆ ရက်နေ့အထိ မြိတ်-ထားဝယ် လေယာဉ်လက်မှတ်များ ကုန်နေကြောင်း ခရီးသွားများကပြောသည်။
လက်ရှိတွင် မြိတ်-ထားဝယ် လေယာဉ်လက်မှတ်ခဈေးနှုန်းမှာ AIR KBZ လက်မှတ်မှာတစ်စောင် ၄၈၆၀၀၀ ကျပ်နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း လက်မှတ်မှာ တစ်စောင် ၄၈၃၀၀၀ ကျပ်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံမှသိရသည်။