ရေဖြူမြို့နယ်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းစတင်သည့် ကာလတွင် အီတလျံထိုင်းကုမ္ပဏီက တည်ဆောက်ခဲ့သည့် ဘေလီတံတားကို ပြန်လည်အသုံးပြုရန် စစ်ကောင်စီတပ်က ရှင်းလင်းချိန် မိုင်းပေါက်ကွဲခဲ့ကြောင်း ရေဖြူဒေသခံများထံမှသိရသည်။
ပိတောက်ကုန်းရွာနှင့် ရန်ကင်းရွာကြားရှိ ယင်းတံတားမှာ ပြီးခဲ့သည့်နှစ် ထားဝယ်မြစ်ရေကြီးချိန်တွင် အမှိုက်နှင့် သစ်ဆွေးသစ်စများ တင်ကျန်နေသည့်အတွက် ဧပြီလ ၂၄ ရက်နေ့နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က သွားရောက်ပြီး မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့သွားရောက်ရှင်းလင်းချိန် မီးလောင်မှုကြောင့် တံတား အရှေ့နှင့် အနောက်ဘက်တွင် ထောင်ထားသော မိုင်းများ မီးလောင်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ရေဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တံတားရှေ့ဘက်ခြမ်းမှာ အရင်ကတည်းက စစ်တပ်ကထောင်ထားတဲ့ မိုင်းတွေရှိတယ်။ နောက်ဘက်မှာက PDF တွေထောင်ထားတာတွေရှိတယ်။ မနေ့ကတော့ သူတို အသုံးပြုဖို့ သွားရှင်းတဲ့အချိန်မှာ မိုင်းပေါက်တယ်လို့ သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။
အဆိုပါတံတားမှာ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကာလ အဆင့် ၁ ဖြစ်သည့် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိပထမငါးနှစ်တာစီမံကိန်းကာလအတွင်းတည်ဆောင်ထားသော အရှည်ပေ ၅၀၀၊ အနံ ၁၂ ပေရှိသော သံဘောင်ဘေလီတံတားဖြစ်သည်။
ယင်းတံတားသည် ထားဝယ်ရေနက်ဆိပ်ကမ်းစက်မှုဇုန် နယ်မြေနှင့် ထိုင်းနိုင်ငံကန်ချနဘူရီသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ၁၀၅ မိုင်ရှည်သော အာရှလမ်းမကြီးပေါ်ရှိ ထားဝယ်မြစ်ကူး တံတားတစ်စင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း၌ ဖြစ်သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်က ယင်းတံတားကို အကြိမ်ကြိမ်အသုံးပြု၍ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။