BREAKING
April 25, 2025

ဆီးရီးယားအစိုးရဌာနနှင့် အဖွဲ့အစည်းတစ်ဒါဇင်ကို ဗြိတိန်အစိုးရ အရေးယူပိတ်ဆို့မှု ရုပ်သိမ်း

April 25, 2025

ဆီးရီးယားအစိုးရဌာနနှင့် အဖွဲ့အစည်း ၁၂ ခုအပေါ် ချမှတ်ထားသည့် ဗြိတိန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကို ဧပြီလ ၂၄ရက်တွင် ဖယ်ရှားလိုက်သည်။

အရေးယူပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများတွင် ဆီးရီးယားကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေထောက်လှမ်းရေးညွှန်ကြားရေးဌာနတို့ပါ ပါဝင်သည်။

HTS သူပုန်အဖွဲ့ ဦးဆောင်သည့် လက်နက်ကိုင်အင်အားစုများက ဆီးရီးယားအာဏာရှင်သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချလိုက်ပြီးနောက် လေးလအကြာတွင် ဗြိတိန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အရေးယူပိတ်ဆို့မှု ဖယ်ရှားခံလိုက်ရသည့် ဆီးရီးယားအစိုးရဌာနများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှု ဘဏ္ဍာငွေများ ထိန်းသိမ်းပိတ်ဆို့ခံရခြင်း ရှိတော့မည် မဟုတ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့သည်။

ယခင်က အရေးယူပိတ်ဆို့ ခံခဲ့ရသည့် ဆီးရီးယားအစိုးရဌာနများနှင့် အဖွဲ့အစည်းများမှာ အာဆတ်အစိုးရကို ထောက်ပံ့ကူညီ ပေးပြီး အရပ်သားပြည်သူများကို ဖိနှိပ်မှုနှင့် ဆက်နွှယ်နေမှုကြောင့် ဖြစ်သည်ဟု ဗြိတိန်အစိုးရက ဆိုသည်။

ယမန်နေ့ ကြာသပတေးနေ့က အရေးယူပိတ်ဆို့မှုများ ဖယ်ရှားလိုက်သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဗြိတိန်အစိုးရဘက်က ရှင်းလင်းဖော်ပြခြင်း မရှိပေ။

ယခုနှစ် မတ်လကလည်း ဆီးရီးယား ဗဟိုဘဏ်နှင့် အခြားအဖွဲ့အစည်း ၂၃ ခု၏ ပိုင်ဆိုင်မှုဘဏ္ဍာငွေများအား ဗြတိန်အစိုးရက ပိတ်ဆို့ထိန်းသိမ်းထားမှုကို ဖယ်ရှားလိုက်သည်။

အမေရိကန်အပါအဝင် နိုင်ငံအချို့ကမူ ဆီးရီးယားအစိုးရသစ်၏ အုပ်ချုပ်ရေးပုံသဏ္ဍာန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ စောင့်ကြည့်ပြီးမှသာ ၎င်းတို့၏ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားမည်ဟု ဆိုသည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပြီးသည်အထိစောင့်မနေဘဲ ဆီးရီးယားအစိုးရသစ်အနေဖြင့် တိုင်းပြည်စီးပွားရေး ပြန်နာလန်ထူရေး စတင်လုပ်ဆောင်သင့်သည်ဟု ပြီးခဲ့သည့်အပတ်တွင် ဆီးရီးယားသို့သွားရောက် လည်ပတ်ခဲ့သည့် ကုလသမဂ္ဂအရာရှိတစ်ဦးက ဆီးရီးယားအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းအရဆိုလျှင် ပြည်တွင်းစစ် စတင်သည့် ၂၀၁၁ ခုနှစ်မတိုင်ခင်က ဆီးရီးယားပုံမှန် စီးပွားရေး အခြေအနေသို့ ပြန်ရောက်ရန် နှစ်ပေါင်း ၅၀ ကျော်လိုသည်ဟု ယခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် UNDP အစီရင်ခံစာက ခန့်မှန်းထားသည်။

ဆီးရီးယားနိုင်ငံသား ၁၀ ဦးလျှင် ၉ ဦးမှာ ဆင်းရဲမွဲတေမှုထဲတွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂ၏ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုသည်။

ဆီးရီးယားနိုင်ငံသား လေးပုံတစ်ပုံမှာ အလုပ်လက်မဲ့ ဖြစ်နေပြီး တိုင်းပြည်ဂျီဒီပီမှာ ပြည်တွင်းစစ် မစတင်မီ ဂျီဒီပီ၏ တစ်ဝက်မျှသာ ကျန်ရှိတော့ကြောင်း အဆိုပါတွေ့ရှိချက်က ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်း၊ ပညာရေးနှင့် လူနေထိုင်မှုအဆင့်အတန်းတို့ကို ထည့်သွင်းတွက်ချက်သည့် ဆီးရီးယား လူသားဖွံ့ဖြိုးမှုအညွှန်းကိန်းမှာ လက်ရှိတွင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်နေကြောင်း အယ်လ်ဂျားဇီးယား သတင်းဌာနက ဖော်ပြထားသည်။

Source: Al Jazeera