BREAKING
April 25, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသုံးဦး ကော့သောင်းခရိုင်တွင် ဘက်ပြောင်းခိုလှုံ

April 25, 2025

ပုံစာ - ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာသူများနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော့သောင်းခရိုင် တပ်ရင်း ၁။

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦးသည် ဧပြီလ ဒုတိယအပတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်းက ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

စစ်မှုထမ်းအပတ်စဥ် (၉) သင်တန်းဆင်း ပဲခူးတိုင်းဒေသခံ အသက် ၃၁နှစ်အရွယ် ကိုရဲဝင်းအောင်၊ အသက် ၂၄နှစ်အရွယ် ကိုသူရစိုးနှင့် မန္တလေးဒေသခံ အသက် ၂၈ နှစ်အရွယ် ကိုစည်သူကျော်တို့ ဘုတ်ပြင်းမြို့နယ်ထဲတွင် ဘက်ပြောင်း ခိုလှုံလာခြင်းဖြစ်ကြောင်း အဆိုပါ တပ်ရင်းထံမှ သိရသည်။

ကိုရဲဝင်းအောင်နှင့် ကိုသူရစိုးတို့သည် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်တိုင်းရှိ အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ဂျိုးဖြူ) တွင် စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် ဘုတ်ပြင်းမြို့ ၊ စကခ (၁၃) ဌာနချုပ်သို့ ပို့ဆောင်ခံရကြောင်း ဆိုသည်။

ကိုစည်သူကျော်သည်လည်း အဓမ္မဖမ်းဆီးစစ်သားစုဆောင်းခံရပြီး ရှမ်းပြည်နယ်၊ ဗထူးသင်တန်းကျောင်းတွင် စစ်မှုထမ်း သင်တန်းတက်ရောက်ရကာ တနင်္သာရီအခြေစိုက် ခမရ ၅၅၈ စစ်ကောင်စီတပ်ရင်းထံ ပို့ဆောင်ခံရပြီး ယင်းနောက် ဘုတ်ပြင်းအခြေစိုက် ခလရ ၄၃၂ တပ်ရင်းထံ ထပ်မံပို့ဆောင်ခံရကြောင်း ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကိုရဲဝင်းအောင်နဲ့ ကိုသူရစိုးက (ဧပြီ) ၁၇ရက်မှာ ထွက်ပြေးလာပြီး ၂၀ရက်မှာ ကျွန်တော်တို့ပူပေါင်းစစ်ဆေးရေးဂိတ်မှာ သူတို့အကျိုးအကြောင်းပြောပြပြီး ခိုလှုံလာကြတယ်။ ကိုစည်သူကျော်ကတော့ သူ့ကို စစ်တပ်က လက်နက်ဖြုတ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စောင့်ကြည့်နေတဲ့အချိန် ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး ခိုလှုံလာတာပါ။ သူလည်း ၂ဝ ရက်နေ့မှာပဲ ရောက်လာတာပါ” ဟု ကော့သောင်းခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသူ သုံးဦးစလုံးကို လုံခြုံစွာစောင့်ရှောက်ထားပြီး ၎င်းတို့ သုံးဦးစလုံးတွင် လက်နက်ယူဆောင်လာနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း ကော့သောင်းခရိုင်တပ်ရင်း (၁) ထံ စစ်ကောင်စီဘက်က ဘက်ပြောင်းခိုလှုံလာသူ ခြောက်ဦးရှိပြီဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှသိရသည် ။

ဧပြီလအတွင်း တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်း သင်တန်းဆင်း ခြောက်ဦးအပါအဝင် စစ်ကောင်စီ တပ်သား ရှစ်ဦး ဘက်ပြောင်း ခိုလှုံလာခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက် များအရ သိရသည် ။