BREAKING
April 25, 2025

ထိုင်းတောင်ပိုင်းတွင် ရဲဖက်သုံး လေယာဉ်ငယ်ပျက်ကျ၊ ရဲမှူးကြီးအပါအဝင် ရဲငါးဦးသေဆုံး

April 25, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင်၊ ဟွာဟင်ကမ်းခြေတွင် ရဲဖက်သုံး လေယာဉ်ငယ်တစ်စင်း ပင်လယ်ထဲ ပျက်ကျပြီး ရဲမှူးကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က အဆိုပါ လေယာဉ်ငယ်သည် ချအန်နှင့် ဟွာဟင်ကမ်းခြေကြားကို ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ငယ်သည် လေထီးခုန်လေ့ကျင့်ရေးအတွက် ရာသီဥတုကို စစ်ဆေးရန် လေ့ကျင့်ပျံသန်းစဉ် ပင်လယ်ထဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

လေယာဉ်ပေါ်တွင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးလိုက်ပါလာပြီး လေယာဉ်ပျက်ကျမှုကြောင့် ငါးဦး သေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရကာ စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

အဆိုပါတပ်ဖွဲ့ဝင်သည် ဟွာဟင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဆိုသည်။

လက်ရှိတွင် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး နောက်ထပ် မတော်တဆမှု မရှိစေရေး ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

Ref: The Nation Thailand, Khaosod