BREAKING
April 25, 2025

ကိုရီးယားရောက် ထားဝယ်လူငယ်များ ငလျင်ဘေးသင့်သူများကို လှူဒါန်း

April 25, 2025

တောင်ကိုရီးယားနိုင်ငံရှိ ထားဝယ်လူငယ်အသင်း (DYOK) သည် ဧပြီလတတိယပတ်အတွင်း ရှမ်းပြည်နယ်၊ အင်းလေး ဒေသနှင့် မန္တလေးတိုင်းရှိ ငလျင်ဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

တောင်ကိုရီးယားတွင်ရှိသည့် ထားဝယ်သူ၊ ထားဝယ်သားများနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ပူးပေါင်းလှူဒါန်းပါဝင်မှုဖြင့် ဧပြီလ ၂၃ ရက်တွင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ပင်စုမြောက်ရွာက ငလျင်ဘေးသင့်သူများအတွက် ငွေကျပ် ၄၇ သိန်း ပေးအပ်လှူဒါန်းကြောင်း အဆိုပါအသင်းတာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၄ ရက်တွင် အင်းလေးဒေသရှိ ပေပင်အင်းရွာ၊ ရှေ့၀ရွာ၊ မြောင်း၀ကြီးရွာတို့က ငလျင်ဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၂၃၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“အဓိကကတော့ (အသင်းကို) ထားဝယ်ဒေသနဲ့ အခြားမှာ အခက်အခဲရှိသူတွေကို တတ်နိုင်သလောက်ကူညီဖို့နဲ့ သဘာဝဘေး ကျရောက်တဲ့အခါတွေမှာ ကူညီထောက်ပံ့ပေးနိုင်ဖို့ ဖွဲ့ထားတာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထားဝယ်လူငယ်အသင်း (DYOK) ကို ၂၀၁၄ ခုနှစ် မေလတွင် တောင်ကိုရီးယားနိုင်ငံ၌ စတင်ထူထောင်ခဲ့ပြီး ၂၀၂၅ခုနှစ် မေလ ၄ ရက်တွင် အသင်းတည်ထောင်သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ဖိုချွန်းမြို့ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်းလည်း အဆိုပါအသင်းထံမှ သိရသည်။

အသင်းအနေဖြင့် ယခုနှစ်အစောပိုင်းတွင်လည်း လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၁၂၅ သိန်းနီးပါး လှူဒါန်းခဲ့ပြီး ၂၀၂၄ ခုနှစ်က မြန်မာ့ရေဘေးတွင်လည်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ရေဘေးသင့်ပြည်သူများကို လှူဒါန်းခဲ့သေးကြောင်း အသင်းတာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်သော ငလျင်ကြောင့် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် သေဆုံးသူ ၃၇၅၉ ဦးနှင့် ဒဏ်ရာရရှိသူ ၅၁၀၇ ဦးရှိပြီး ပျောက်ဆုံးသူ ၁၁၄ ဦးရှိကြောင်း စစ်ကောင်စီက ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။