BREAKING
April 25, 2025

သရက်ချောင်း ဝင်းဝနှင့် ဝင်းကဖော်ရွာကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

April 25, 2025

သရက်ချောင်းမြို့နယ်အောက်ဘက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်းအနီးဝန်းကျင်နှင့် ဝင်းကဖော် ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၂၅ရက် နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၄ရက် ည ၇နာရီခန့်မှ ၁၁ နာရီခန့်အထိ ဝင်းဝစခန်းတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ကနက်သီရိကျေးရွာအနီး ပင်လယ်ပြင်ရှိ စစ်ကောင်စီ စစ်သင်္ဘောကလည်း ဝင်းဝစခန်းအနီးဝန်းကျင်နှင့် သဲချောင်းသား၊ ဂုံညင်းဆိပ်ရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှု မရှိတော့သော်လည်း စစ်ကောင်စီတပ်က ဝင်းဝနယ်မြေရဲစခန်း အနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းအပြင် နံနက် ၁၁ နာရီ ၃၇ မိနစ်ခန့်တွင်လည်း တောင်ပျောက်တိုက်နယ်အတွင်းက ဝင်းကဖော်နှင့် ကျွဲခြံကျေးရွာထဲကို ဗုံးသုံးလုံး ထပ်မံကြဲချတိုက်ခိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လူထိခိုက်မှု ရှိမရှိတော့ သေချာမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အပြင် စက်သေနတ်ဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မနေ့ညပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲသည် ပြင်းထန်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆူညံနေကြောင်း ဝင်းဝရွာအနီးရှိ ဝဲရစ်ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အခုတိုက်ပွဲလိုမျိုး ကြမ်းတာတစ်ခါမှ မတွေ့ဖူးသေးဘူး။ မနေ့ညက တိုက်ပွဲတော်တော်ကြမ်းတယ်။ စစ်သင်္ဘောကလည်း လက်နက်ကြီးနဲ့ပစ်တာ အလုံး ရေမနိုင်ဘူး။ ဒီမနက် လေယာဉ်နဲ့ဗုံးလာကြဲတော့ အစ်မတို့သားမိသားဖတွေ မြောင်းထဲ ဆင်းဝပ်နေကြရတယ်။ အစ်မတို့လည်း ကြောက်လို့ငိုကြတာ တအားပဲ” ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေတို့ကို စုံစမ်းနေဆဲဖြစ်သည်။

ဝင်းဝနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြှောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ် များက ဧပြီလ ၁၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။

ယင်းနောက်တွင် စစ်ကောင်စီတပ်က အဆိုပါစခန်း အနီးဝန်းကျင်ရှိ ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသားကျေးရွာများအပြင် တိုက်ပွဲဇုန်အတွင်းတွင် မရှိသည့် ရငဲ၊ ချောင်းဝပြင်၊ ဝင်းကဖော် ကျေးရွာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

ဧပြီ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ရငဲရွာက မြေးဘိုးနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရသလို ဧပြီ ၂၃ ရက်က တောင်သုံးရွာထဲ ဗုံးကြဲတိုက်ခိုက်မှုတွင် တောင်သုံးရွာက အသက် ၃၀ ကျော်အရွယ် ကိုအီစာ သေဆုံးခဲ့သည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ်အောက်ဘက်က ထားဝယ်-မြိတ်သွားကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ရေးတင်းမာ နေသည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်-မြိတ်ကားလမ်း ပိတ်ထားပြီး ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသား၊ ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ ရငဲ၊ ကမြိုင်၊ ကျွဲမင်းကုန်း အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။