အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှမီးယားဒေသတွင် ခရီးသွား ၂၆ ဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်ရေးတင်းမာမှု မြင့်တက်လာနေပြီး အိန္ဒိယရေတပ်၏ လေယာဉ်တင်သင်္ဘော INS Vikrant ကို အာရေဗျပင်လယ်အတွင်း စေလွှတ်ထားလိုက်ပြီ ဖြစ်သည်။
ပါကစ္စတန်ဘက်ကလည်း အာရေဗျပင်လယ်အတွင်း မစ်ဆိုင်းဒုံးစမ်းသပ်ပစ်ခတ်မှုကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းကြောင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား နောက်ထပ်စစ်ရေးပဋိပက္ခ ပေါ်ပေါက်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။ စမ်းသပ်ပစ်ခတ်မည့် မစ်ဆိုင်းဒုံးအမျိုးအစားကိုမူ ပါကစ္စတန်ဘက်က ထုတ်ပြန်ထားခြင်း မရှိပေ။
အာရေဗျပင်လယ်အတွင်း အိန္ဒိယရေတပ်သင်္ဘောစေလွှတ်မှုမှာ ပါကစ္စတန်၏ မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
ယင်းစမ်းသပ်ပစ်ခတ်မှုထုတ်ပြန်ချက်ကြောင့် ဒေသတွင်းနိုင်ငံများမှ ပင်လယ်ရေကြောင်း သွားလာရေးအာဏာပိုင်များကလည်း သက်ဆိုင်ရာ ရေကြောင်းခရီးစဉ်များအတွက် သတိပေးအကြောင်းကြားစာများ ထုတ်ပြန်ထားသည်။
“လက်ရှိဖြစ်စဉ်တွေအပေါ်မှာ ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ပိုင်နက်ဂုဏ်သိက္ခာနဲ့ အရပ်သားပြည်သူတွေရဲ့ အသက်ပါပဲ” ဟု အိန္ဒိယရေတပ်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို The Guardian Daily သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အင်္ဂါနေ့က စစ်သွေးကြွသေနတ်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရသည်။
ယင်းတိုက်ခိုက်မှုသည် ဆယ်စုနှစ်နှစ်ခုစာအတွင်း အိန္ဒိယတွင် ပေါ်ပေါက်လာသည့် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုမှာ ပါကစ္စတန်အခြေစိုက်စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု အိန္ဒိယအစိုးရက တရားဝင်စွပ်စွဲထားသည်။
ယင်းတိုက်ခိုက်မှုနောက်ဆက်တွဲအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား အိန္ဒုမြစ်ရေ ခွဲဝေရေး စာချုပ်ကို အိန္ဒိယအစိုးရက ရပ်ဆိုင်းလိုက်ပြီး အဓိကနယ်စပ်ဂိတ်ကို ပိတ်ချရန်လည်း အိန္ဒိယအစိုးရက ညွှန်ကြားလိုက်သည်။
နယူးဒေလီမြို့ရှိ ပါကစ္စတန်သံရုံးမှ ပါကစ္စတန်စစ်ဘက်အရာရှိကြီးများကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်ပြီ ဖြစ်သည်။
အိန္ဒိယတွင် ရောက်နေသည့် ပါကစ္စတန်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ဗီဇာများကို ပြန်လည်ရုတ်သိမ်းခြင်းမပြုမီ ဧပြီ ၂၇ ရက်တွင် နိုင်ငံတွင်းမှ ထွက်ခွာရမည်ဟု အိန္ဒိယအစိုးရက ကြာသပတေးနေ့တွင် အမိန့်ထုတ်လိုက်သည်။
ပါကစ္စတန်နိုင်ငံသားများအတွက် အိန္ဒိယအစိုးရမှ ထုတ်ပေးသောကျန်းမားရေး ဗီဇာသည်လည်း ဧပြီလ ၂၉ ရက်နေ့အထိသာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန် ၀န်ကြီးချုပ်ရုံးကလည်း အိန္ဒိယဗီဇာ အများစုကို ရုတ်သိမ်းလိုက်ကာ အိန္ဒိယနယ်စပ် ကုန်းလမ်းနှင့် လေကြောင်းလိုင်းများကိုလည်း ပိတ်လိုက်လိုက်သည်။
အိန္ဒိယ၏ ဆောင်ရွက်ချက်များကို တုံ့ပြန်ရန် ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif ကလည်း ထိပ်တန်း စစ်ဘက်အရာရှိများနှင့် အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့သည်။
“ပါကစ္စတန်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို ခိုင်ခိုင်မာမာ တုံ့ပြန်စီမံသွားမယ်”ဟု အဆိုပါအစည်းအဝေးအပြီးတွင် ပါကစ္စတန်၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနှင့် အခြေအနေ တင်းမာလာသဖြင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ Ishaq Dar က မကြာမီ သွားရောက်မည့် ၎င်း၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ကိုလည်း ရပ်ဆိုင်းလိုက်သည်။
Source: The Daily Guardian, Dhaka Tribune