ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ထိုင်းမြန်မာစာသင်ကျောင်းတွင် မေလ ၆ ရက်နေ့အထိ မြန်မာကလေးငယ်များကို ကျောင်းအပ်လက်ခံနေကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူထံမှသိရသည်။
ပုဂ္ဂလိက စာသင်ကျောင်းဖြစ်သည့် တောင်ဝင့်ဖက်ထနာ(Tuongwit Pattana)ကျောင်းတွင် ဧပြီလ ၁၉ ရက်နေ့မှစကာ ကျောင်းအပ်လက်ခံနေခြင်းဖြစ်ကြောင်း ယင်းကျောင်းမှ ဆရာမကြီးဒေါ်စောယုနွယ်က ဆိုသည်။
အဆိုပါကျောင်းတွင် မူကြိုအတန်းမှ ၉ တန်းအထိ မြန်မာကျောင်းသူကျောင်းသားများကို မြန်မာသင်ရိုးအတိုင်း သင်ကြားပေးနေသည်။
ထို့အပြင် ထိုင်းဘာသာကို ထိုင်းလူမျိုးဆရာမက သင်ကြားပေးနေကြောင်း ဆရာမကြီးဒေါ် စောယုနွယ်ကပြောသည်။
ကျောင်းအပ်မည်ဆိုပါက မိဘအုပ်ထိန်းသူတစ်ဦးဦး၏ အထောက်အထားစာရွက်စာတမ်းနှင့် သူဌေးထောက်ခံစာ ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီဟာတွေက ဘာအတွက်လဲဆိုတော့ ဒီထိုင်းနိုင်ငံထဲမှာရောက်လာပြီး အထောက်အထားမဲ့တဲ့ ကလေးတွေအတွက် G နံပါတ် ၁၃ လုံးကိုလျှောက်ပေးဖို့အတွက် အဲဒါကို တောင်းတာ” ဟု ဒေါ်စောယုနွယ်က ပြောသည်။
ကျောင်းအပ်နှံချိန်တွင် ကျောင်းသားတစ်ဦးလျှင် ကျောင်းဝင်ကြေးအဖြစ် ဘတ် ၅၀၀ ကောက်ခံနေပြီး ထိုင်းသင်ရိုးဖတ်စာအုပ်နှင့် မြန်မာသင်ရိုးဖတ်စာအုပ်၊ခဲတံ စသည့် သင်ထောက်ကူပစ္စည်းများ အခမဲ့ပေးနေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က မြန်မာကျောင်းသူ၊ကျောင်းသား ၃၀၀ ဝန်းကျင်ရှိပြီး မြန်မာဆရာ ဆရာမ ၈ ဦး နှင့်ထိုင်းဆရာမများက သင်ကြားပေးခဲ့ကြောင်း၊ လက်ရှိကျောင်းဖွင့်ရာသီတွင် ကျောင်းသားဦးရေ ထပ်တိုးလက်ခံသွားမည်ဖြစ်ကြောင်း ဆရာမကြီးထံမှ သိရသည်။
စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း အများအပြားကို ထိုင်းအာဏာပိုင်ကများက ပိတ်သိမ်းခိုင်းလိုက်ပြီးနောက် မြန်မာကလေးထောင်ပေါင်းများစွာမှာ ပညာသင်ယူခွင့်ဆုံးရှုံးနေသည်။
ဝပ်ဖိုဝိုင်ကျောင်း(မြန်မာကျောင်း)ကမူ ပုဂ္ဂလိကထိုင်းကျောင်းဖြစ်သည့် Tuongwit Pattana ကျောင်းနှင့်လက်တွဲလိုက်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့မှစကာ ကျောင်းပြန်ဖွင့်နိုင်ခြင်းဖြစ်သည်။