အမေ ဖုန်းဆက်တယ်။ အမေဖုန်းမဆက်တာ သုံးလေးရက်လောက်ရှိပြီ။ အမေကပြောတယ်။ အမေ့မယ် ဖုန်းအားမရှိလို့ မခုမှ ဆက်ရတာတဲ့။ အခုတောင်မှ သူ့တူမတစ်ယောက်ရဲ့အိမ်က ဆိုလာမီးမှာ သွားပြီးသွင်းထားလို့ ဖုန်းအား နည်းနည်းရလာလို့ ဆက်လိုက်တာတဲ့။ မီးမလာဘူးလား ကျနော်က ပြန်မေးတော့ မီးမလာတာလည်း တစ်ပတ် ရှိသွားပြီလို့ ဆိုပါတယ်။ အခုဖြင့် တစ်ရွာလုံး ဒုက္ခဖြစ်နေကြတယ်လို့ အမေက ပြောပြန်တယ်။ အိမ်သုံးရေတွေ မရှိကြတော့တာပါပဲ။
အိမ်တွေမှာက ရေလှောင်ကန်လေးတွေ ထားတတ်ကြပါတယ်။ မိသားစုကြီးတဲ့သူက ရေကန်ကြီးကြီး၊ ငယ်တဲ့သူကတော့ သေးသေးပေါ့။ ဒါကလည်း သုံးလေးရက်လောက် ရေမတင်နိုင်တဲ့အခါ ကုန်တော့တာပါပဲ။ သုံးရေ၊ ချိုးရေ၊ သောက်ရေ အစစဟာ မီးလာမှ။
မီးကလည်း တစ်နှစ်ပတ်လုံး အကြောင်းအမျိုးမျိုးနဲ့ ပြတ်နေတာပါပဲ။ လေပြင်းမိပြီး ဓာတ်တိုင်တွေ လဲကျတာ မပြင်နိုင်သေးလို့၊ ဓာတ်အားမလုံလောက်တာကြောင့ ခွဲခြမ်းမျှဝေပေးနေရလို့၊ မိုင်းခွဲခံရလို့၊ ဓာတ်အားပေးစက်တွေ မလည်ပတ်နိုင်ကြလို့။ ဒီကြားထဲ စစ်စတမ်ဘရိတ်က ခဏခဏဒေါင်း။
ခေတ်က နောက်ပြန်ဆုတ်သွားပြီဖြစ်ပေမဲ့ တချို့ဟာတွေက ပြန်ဆုတ်ဖို့ အဆင်သင့်မဖြစ်နေခဲ့ပါဘူး။
အင်တာနက်ကို စွဲစွဲလန်းလန်းဖြစ်နေရာကနေ ရုတ်တရက် ဖြတ်ပစ်လိုက်ရတဲ့အခါ၊ တီဗီဇာတ်လမ်းတွဲတွေ အချိန်မှန်မှန် မကြည့်ရတော့တဲ့အခါ၊ ထမင်းချက်ချိန်တွေ ပုံမှန်မဖြစ်ရတော့တဲ့အခါ စိတ်မှာ တစ်စုံတစ်ရာ ကပြာကယာဖြစ်၊ နာကြမှာပါပဲ။ အခုတစ်ခါ ရေ။
ရွာမှာ လျှပ်စစ်မီးရတာ နှစ်တွေ သိပ်မများသေးဘူး။ ၁၀ နှစ်ကျော်ဝန်းကျင်ပဲ ရှိဦးမယ်။ အခုအထိတောင် တချို့မိသားစုတွေက လျှပ်စစ်မီးသွယ်ဖို့ ငွေကြေးမတတ်နိုင်ကြသေးတာ ရှိသေးတယ်။
လျှပ်စစ်မီးရလာပြီဆိုတဲ့အခါ ရွာရဲ့ နေမှုထိုင်မှုတွေဟာလည်း ပြောင်းလဲလာတာပါပဲ။ ညမှောင်မှောင်ထဲ ရွာရိုးလှည့်လေ့ရှိကြရတဲ့ လူငယ်တွေအဖို့ လမ်းမီးတိုင်အောက်မှာ ဝိုင်းဖွဲ့ထိုင်တဲ့အကျင့်ဖြစ်လာကြတယ်။
ကောင်မလေးတွေက ဗီဒီယိုရုံတွေဆီ မလာကြတော့ဘဲ အိမ်တွင်းအောင်းပြီး ဇာတ်ကားတွေ တကားပြီးတကားကြည့်တယ်။ လက်ကိုင်ဖုန်းတွေတော့ အဲဒီတုန်းက မရှိကြသေးဘူး။
ပိုပြီးသိသာလာတဲ့ အပြောင်းအလဲက ရေသုံးရတာ ပိုပြီးလွယ်ကူလာတာပါပဲ။ ဖောဖောသီသီလည်း ဖြစ်လာတယ်။ အိမ်တွေမှာ စက်ရေတွင်းတွေကိုယ်စီနဲ့ ဖြစ်လာကြတယ်။ ဆိုရရင် နေမှုထိုင်မှုတွေကို လျှပ်စစ်မီးအပေါ်မှာ တည်ဆောက်လိုက်ကြတာပါပဲ။ လျှပ်စစ်မီးကို ပုံအပ်ခဲ့ကြတယ်။ ဒါက မှားယွင်းမှုတော့ ဟုတ်မနေပါဘူး။
ငယ်ငယ်က အမေတို့၊ အဘွားတို့ စတဲ့ လူကြီးသူမတွေဆီကနေ ကြားရလေ့ရှိတာက အရင်က ရေတော်တော်ရှားတယ်ဆိုတဲ့အကြောင်းပါပဲ။ ရေချိုးတဲ့အခါ သုံးလေးငါးခွက် ချိုးရဖို့တောင် မလွယ်သလို နေ့တိုင်းလည်း မချိုးနိုင်ကြဘူးလို့ ဆိုပါတယ်။ ကျနော်တို့ သိတတ်စအရွယ်မှာတော့ သူတို့ပြောသလို ရှားနေတာမျိုး မဟုတ်တဲ့အခါ သုံးလေးငါးခွက်ပဲ ချိုးရတဲ့ကိစ္စဟာ အံ့ဩဖွယ်ရာတွေ ဖြစ်နေခဲ့ပါတယ်။
ငယ်ဘဝတစ်လျှောက်လုံးကနေ လူလားတော်တော်မြောက်တဲ့အရွယ်အထိ ရွာရဲ့ ရေသုံးစွဲပုံက တစ်ကြောင်းတည်း၊ တဖြောင့်တည်းပဲ။ ရွာရဲ့ အရှေ့အနောက်တောင်မြောက််အပြင်ဘက်တွေမှာ ရေတွင်းကျယ်ကြီးတွေ ရှိကြတယ်။ ရွာလူတွေအနေနဲ့ နီးရာရေတွင်းကို အသုံးပြုရုံပါပဲ။ တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်အိမ်မှာကိုယ်ပဲ ရေတွင်းတွေ တူးထားကြတာပေါ့။ ဒါလည်း များများစားစားတော့ မရှိဘူး။
မနက်ခင်း၊ ညနေခင်းတွေမှာ မိန်မပျိုတွေ၊ ကလေးတွ ရေခပ်ဆင်းကြတယ်။ ဒါကပဲ သူတို့အတွက် နေ့စဉ်အလုပ်တစ်ခုလိုပါပဲ။ သမီးမိန်းကလေးမရှိရင်တော့ အမေတွေကိုယ်တိုင် ဒါမှမဟုတ် သားတွေက ရေထမ်းကြရတယ်။
ရေခပ်လမ်းမှာ လူပျို၊ အပျိုတွေရဲ့ ဇာတ်လမ်းတွေကလည်း နှစ်ပေါင်းများစွာ။ ရပ်ကွက်ထဲက ကျနော့်သူငယ်ချင်းတစ်ယောက်ဆို ရေအမြဲထမ်းရတယ်။ သူ့အလုပ်က ဒါပဲ။ တစ်အိမ်လုံးရဲ့ သုံးစွဲရေအတွက် သူ့တာဝန်။ မွေးထားတဲ့ တိရစ္ဆာန်တွေအတွက်ရောပဲ။ ကျနော်လည်း နှစ်တချို့မှာ ရေထမ်းခဲ့ဖူးတယ်။
ရေချိုးတော့လည်း အဲဒီတွင်းတွေမှာ။ ညနေနေဝင်ချိန်တွေမှာဆို ရေတွင်းမှာ ပျော်စရာကောင်းလောက်အောင်ကို လူတွေစုံညီများပြားနေတတ်တယ်။ ယောက်ျား၊ မိန်းမ အရွယ်စုံ။ ညကကြည့်ခဲ့ရတဲ့ ဗီဒီယိုဇာတ်လမ်းအကြောင်း စားမြုံ့ပြန်သူက ပြန်ကြ။ ကာလသားတွေအဖို့ ဘယ်ကောင်မလေးဟာ ဘယ်အချိန်မှာ ရေချိုးလာလေ့ရှိတယ်ဆိုတာကိုလည်း တေးမှတ်ထားတတ်ကြသေးတယ်။
ရေတွင်းတွေရဲ့ အနက်ကလည်း အချိန်ကာလာအလိုက် ပြောင်းလဲနေတတ်ပြန်သေးတယ်။ နွေရာသီလိုမျိုးမှာ ရေက ခန်းတာမို့ တွင်းက ပိုနက်နေတတ်တယ်။ ရေတစ်ပုံးရဖို့ ပိုပြီးပင်ပန်းတာပေါ့။ မိုးရာသီလိုမျိုးမှာ လက်တစ်ကမ်းလောက်အထိ ရေက ရောက်တတ်တယ်။ တစ်လှမ်းလောက်ပဲ ငင်လိုက်ရင် ရရော။ လူကြီးတွေက မအားလပ်ကြတာမို့ တချို့ကလေးတွေဟာ ကိုယ့်ဘာသာပဲ ရေငင်ပြီး ချိုးကြရတယ်။ ရေပုံးနဲ့ လူနဲ့မမျှလို့ လက်ဖျံကြောတွေ တင်း၊ အံတွေကြိတ်ပြီး ငင်ကြရတာ။ တချို့ကကျ ပုံးအပြည့်မခပ်ဘဲ လျှော့ခပ်ပြီး ငင်ကြရတယ်။
ရေငင်တာနဲ့ပတ်သက်လို့ နှီးရေပုံးလေးတွေကိုလည်း မီလိုက်သေးတယ်။ နှီးနဲ့ ရက်ထားပြီး အတွင်းအပြင် သစ်စေးသုတ်ထားတာ။ နှီးဆိုတော့ ပေါ့တယ်။ ရေထဲကို ချလိုက်ရင် ချက်ချင်းနစ်မသွားဘူး။ မကျွမ်းကျင်သူအဖို့ ပုံးထဲကို ရေဝင်အောင်စောင့်ရတာ လက်ပေါက်ကပ်တယ်။ ရှားပါးတဲ့ခေတ်ကြီးဆိုတော့ သံဖြူပုံးတွေတောင် လူတိုင်းက မဝယ်နိုင်ကြတာ။
ရေငင်ခြင်းကိစ္စနဲ့အတူ ရေပုံးဆယ်ရတဲ့ ဒုက္ခကလည်း တွဲပြီးပါနေတယ်။ ဆင်းရဲကြတော့ ရေပုံးကြိုးတွေက အသစ်မလဲနိုင်၊ ဆွေးမြည့်ရိနေပြီး မကြာခဏပြတ်၊ ပြတ်သွားရင် ပြန်ပြီး ထုံးဆက်။ ငင်နေရင်း ပြတ်တဲ့အခါ ရေပုံးဟာ တွင်းထဲကို ကျသွားရော။ ရေပုံးဆယ်ရတဲ့ အလုပ်ဟာလည်း တော်တော်ကလေး စိတ်ရှည်ရပါတယ်။
သံချိတ်တွေ၊ သံကောက်တွေကို ပူးချည်ပြီး တွင်းထဲကို ပစ်ချ။ ရေထဲနစ်နေတဲ့ ရေပုံးကို စိတ်နဲ့ပဲ မှန်းပြီး ချိတ်မိအောင် လုပ်ကြရတာ။ ရေပုံးဟာ ရေရဲ့ လှုပ်ရှားမှုကြောင့် ကျသွားတဲ့နေရာမှာ ရှိချင်မှ ရှိတတ်တာ။
နွေရာသီတွေမှာ တော်တော်များများက အလုပ်မရှိကြဘူး။ မိုးရွာမှ တောင်သူလုပ်ကြရတာဆိုတော့ လုပ်စရာလည်း မရှိကြဘူး။ နွားတွေလည်း အိမ်မှာပဲ အနားရကြတယ်။ စားရတဲ့အစာကတော့ ကောက်ရိုးခြောက်ကို ရေနဲ့ ဖျော်နယ်ထားတဲ့အစာပဲ။ နွားအတွက် ရေရော၊ အိမ်အတွက်ရော ပေါင်းပြီး ရေစည်လှည်းနဲ့ ရေသယ်ယူကြရတယ်။ ရေစည်တိုက်တယ်လို့ ခေါ်တာပဲ။ ရေစည်တိုက်တဲ့ကိစ္စဟာလည်း နွေရာသီမှာ အလုပ်တစ်ခုပါပဲ။
သာရေးနာရေးတွေရှိတဲ့အခါမှာလည်း ရေစည်လှည်းတွေကိုပဲ အားကိုးကြရတယ်။ ဟိုအိမ်ဒီအိမ်တွေကနေ စဉ့်အိုးအကြီးကြီးတွေငှားပြီး သာရေးနာရေးအိမ်ကို သယ်ကြရတာလည်း အမောပါပဲ။
အဲဒီကာလာတွေမယ် ခေတ်က ကျပ်ပေမဲ့ ရှေ့ကိုတော့ မရွေ့ချင်ရွေ့ချင်နဲ့ ရွေ့နေခဲ့သေးပါတယ်။
ဘုံဘိုင်တွင်းလို့ ခေါ်တဲ့ ပိုက်ဆောင့်တွင်းတွေ နောက်ပိုင်းမှာ ပေါ်လာတယ်။ တွင်းတွေက ခြောက်လက်မလောက်ပဲ ကျယ်တယ်။ အနက်ကလည်း ပေသုံးလေးဆယ်ကနေ ရှစ်ဆယ်၊ တစ်ရာ ဝန်းကျင်လောက်ပဲ ရှိကြတယ်။ သံပိုက်အရှည်တွေကို ရေပုံးအဖြစ်လုပ်ပြီး ငင်ကြတာရှိသလို ဘုံဘိုင်ဝယ်တပ်နိုင်တဲ့သူတွေက ဘုံပိုင်ပဲ တပ်သုံးကြတယ်။ ဘုံပိုင်က တွင်းတိမ်တွေပဲ တပ်လို့သုံးလို့ရတာ။ လက်နဲ့ပဲ တဂျောင်းဂျောင်းနှိပ်ရုံပဲဆိုတော့ ငင်တာထက်တော့ ပိုသက်သာတယ်၊ မြန်တယ်။
အဲဒီလိုတွင်းလေးတွေပေါ်လာတဲ့အခါ အများဆိုင်တွင်းတွေမှာ ရေသွားခပ်တာ၊ ချိုးတာတွေ လျော့လာပြီး ရေပေါတဲ့အိမ်တွေက ဆုံရပ်ဖြစ်လာတယ်။ ပုဂ္ဂိလ်ရေး ရင်းနှီးထားဖို့တော့ လိုတာပေါ့။
သူငယ်ချင်းအိမ်ကို အလည်သွားတဲ့အခါ “ရေသွားချိုးနေတယ်” လို့ အိမ်သားတစ်ယောက်က ပြန်ပြောတဲ့အခါ “ဘယ်သူ့တွင်းလဲ၊ ဘယ်တွင်းလဲ”လို့ ပြန်မေးရလေ့ရှိတယ်။ ရေတွင်းတွေမှာ ကိုယ်ပိုင်နာမည်တွေရော၊ ကိုယ့်ဘာသာကြိုက်သလိုပေးထားတာတွေရော ရှိနေတတ်ကြတာ။
နောက်တော့ လျှပ်စစ်မီးဟာ ကိုယ်ထူကိုယ်နည်းနဲ့ပဲ ရွာကို ရောက်လာခဲ့တယ်။ ရေတွင်းတွေကို ပိုပြီးနက်အောင် တူးလာကြတယ်။ စက်ရေတွင်းလို့ ခေါ်ရဲ့။ ရေလည်း ပိုပေါလာတယ်။ ရွာပြင်က တွင်းကြီးတွေဆီကို လူတွေ မရောက်ကြတော့ဘူး။ သုံးဖို့လည်း မလိုအပ်တော့ဘူး။ ဘုံပိုင်တွေကိုလည်း ဖြုတ်လိုက်ကြပြီ။
ခလုတ်တစ်နှိပ်လိုက်ရုံနဲ့ ရေဟာ ကန်ထဲကို ကျလာတော့တာပါပဲ။
ခေတ်ကြီးဟာ ရှေ့ကိုမသွားဘဲ နောက်ပြန်ဆုတ်သွားတဲ့အခါ တချို့ဟာတွေမှာက ပြန်ဆုတ်ဖို့ အဆင်သင့်မဖြစ်နေသေးဘူး။
ရေတွင်းဆိုတာက မကြာခဏလည်း ဖော်ပေးဖို့လိုတာ။ အသုံးမလိုကြတော့တဲ့အခါ ဖော်ဖို့လည်း မေ့ခဲ့ကြတယ်။ ဒီတော့လည်း ရေမထွက်တော့ဘူး။ စက်တွင်းတွေဆိုတာက လက်နဲ့ ငင်လို့လည်း မရဘူး။ ရေထမ်းတံပိုးတွေကို ချိုးပစ်ခဲ့ကြပြီးပြီ။ ဖြုတ်သိမ်းလိုက်တဲ့ ဘုံပိုင်တွေဟာလည်း သံချေးတွေတက်လို့။ နှီးရေပုံးကလေးတွေ၊ သံရေပုံးကတွေကတော့ ပိုပြီးစောစောမျိုးသုဉ်းသွားခဲ့ကြပြီ။
ရေခပ်ဆင်းတဲ့ မိန်းမပျိုလေးတွေ ပျောက်သွားတယ်။ ရေချိုးထွက်တဲ့ ကာလသားတွေ မရှိတော့ဘူး။ ရေခပ်လမ်းက ဇာတ်လမ်းတွေလည်း အငွေ့ပျံသွားကြပြီ။ ရေစည်လှည်းတွေလည်း ကွယ်သွားပြီ။ စဉ့်အိုးငှားတဲ့အလုပ်တွေလည်း လုပ်ဖို့ မလိုတော့ဘူး။ ရေပုံးဆယ်တယ်ဆိုတဲ့ ဝေါဟာရကလည်း သေဆုံးသွားခဲ့ပြီ။
မီးဟာ ဘယ်အချိန်ပြန်လာမယ်မှန်း အမေလည်း မသိဘူး။ ကျနော်လည်း မသိပါဘူး။ ခေတ်ကရော ဘယ်အထိ ဆုတ်သွားဦးမလဲဆိုတာလည်း မပြောနိုင်ပြန်ပါဘူး။
မြို့ကြီးတွေမှာသာ ဒီလိုဖြစ်ရင် ပြဿနာတွေက ပိုကြီးဦးမယ်။
ငြိမ့်လွင့်