BREAKING
October 19, 2024

ချင်းမိုင်အပန်းဖြေဟိုတယ်တွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးဦး ဖမ်းဆီးခံရ

April 25, 2024

ပုံစာ - ချင်းမိုင်လဝကအဖွဲ့က ဝင်ရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - Chiangmai Immigration

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။

ဟိုတယ်ထဲသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်နေကြသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပန်းဖြေဟိုတယ်တွင် လုပ်ခလစာ တစ်သောင်းကျော်ဖြင့် လွန်ခဲ့သော သုံးလခန့်က စတင်လုပ်ကိုင်နေကြကြောင်း မြန်မာအလုပ်သမားများက ဝန်ခံထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ်လည်း ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။