ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ သပြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းကို ဆက်လက်တူးဖော်ရာတွင် မြေထိန်းနံရံပြိုကျပြီး မြေစာပိနေသည့် စက်ရုံအလုပ်သမားကို သေဆုံးလျက် ပြန်တွေ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သပြေချောင်းရွာသား ကိုအောင်မျိုးသူဖြစ်ပြီး အထပ်သား စက်ရုံလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ယနေ့ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အနက် ၂၉ ပေခန့်ရှိသည့် ရေတွင်းမြေထိန်းနံရံပြိုကျကာ အဆိုပါအမျိုးသားကို မြေစာများပိသွားသဖြင့် မြေတူးစက်များဖြင့် တူးဖော်ကာ ရှာဖွေခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။
ယင်းနောက် ငါးနာရီခန့်အကြာ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က မြေအောက်အနက် ၂၀ ပေနှင့် ၇ လက်မတွင် မျက်နှာကို စတင်တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“၂၂ တန် ဘက်ဟိုးနဲ့ ရေတွင်းရဲ့နံရံတစ်ခြမ်းကို ဖြိုချပြီးမှ အလောင်းကိုတွေ့ပါတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။
အဆိုပါအမျိုးသားတွင် ဦးခေါင်းဘယ်ဘက် ချိုင့်ဝင်နေသည့် ဒဏ်ရာတွေ့ရပြီး ရုပ်အလောင်းကို မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အပေါ်သို့ တင်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းကို ဇမ္ဗူသီရိအဖွဲ့၊ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူရတနာအဖွဲ့၊ ရင်ခုန်သံ သွေးလှူရှင်များ အဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။