BREAKING
January 22, 2025

ထိုင်းတွင် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ

April 25, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၆ ဦးတို့ကို မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ဖမ်းမိသူများအနက် ဖျားနာနေသူ တစ်ဦးပါဝင်ပြီး ကိုဗစ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးပြီးနောက် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန်သည်။

ကျန် ၅၅ ဦးကိုမူ ဥပဒေကြောင်းအရ အရေးယူရန် သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာ ပဲခူးတိုင်း၊ မ‌ကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် မြိတ်ခရိုင်တို့က ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ထိုင်းသို့လာရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ (မြန်မာငွေ ကျပ် ၁၂သိန်းကျော်မှ ၁၅သိန်းကျော်အထိ) ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ထိုင်းသို့ တရားမဝင်သွားရောက်မှုများ မြင့်တက်နေဆဲ ဖြစ်သည်။