အေအိုင်ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေး အမြောက်အများ ဆောင်ရနိုင်သည့် ဥပဒေကြမ်းတစ်ခုကို စပိန်အစိုးရက မတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်လိုက်သည်။ အေအိုင်ဖြင့် ဖန်တီးထားသည့် အတုအယောင် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ထိန်းချုပ်ရန် ရည်ရွယ်ကာ ယင်းဥပဒေကြမ်းကို အဆိုပြုလာခြင်း ဖြစ်သည်။
အေအိုင်ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံ ၊ ဗီဒီယို ၊ အသံနှင့် စာသားများကို အေအိုင်ဖြင့် ဖန်တီးထားကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြပါက မူလဖန်တီးသည့် အေအိုင်ကုမ္ပဏီအနေဖြင့် ဒဏ်ငွေများစွာ ပေးဆောင်ရမည် ဖြစ်သည်။ စပိန်နိုင်ငံ ကွန်ဂရက်လွှတ်တော်မှ အတည်ပြုထောက်ခံမှုရလျှင် အဆိုပါ ဥပဒေအသက်ဝင်လာမည် ဖြစ်သည်။
ယူရို ၇ ဒသမ ၅ သန်းမှ ယူရို ၃၅ သန်း အကြား ၊ သို့မဟုတ် ကုမ္ပဏီတစ်နှစ်တာ ဝင်ငွေ၏ ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ဒဏ်ငွေပေးဆောင်ရန် ယင်းဥပဒေကြမ်းက သတ်မှတ်ထားသည်။ ဝန်ထမ်းများ ရုံးတက်ခြင်းရှိမရှိ လူသားမပါ အေအိုင်သုံးကာ စောင့်ကြည့်စစ်ဆေးသည့် အေအိုင်ကုမ္ပဏီများကို အဆိုပါ ပမာဏအတိုင်း ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ထားသည်။
အသေးစားနှင့် အလတ်စား အေအိုင်ကုမ္ပဏီများအနေဖြင့် ပိုမိုသေးငယ်သည့် ဒဏ်ကြေးပမာဏကို ပေးဆောင်ရနိုင်ကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။
လူတစ်ယောက် သေစေခြင်းကဲ့သို့သော ကြီးမားသည့် မတော်တဆမှုများ ဖြစ်ပေါ်စေခဲ့လျှင် အဆိုပါ အေအိုင်စနစ်ကို စပိန်နိုင်ငံမှ ဖယ်ရှားသွားနိုင်သည်ဟု ယင်းဥပဒေကြမ်းက ခွင့်ပြုပေးထားသည်။
“ဉာဏ်ရည်တုနည်းပညာက ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ပိုတိုးတက်အောင် ကူညီပေးရမှာပါ”ဟု စပိန်နိုင်ငံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အော်စကာလိုပက်ဇ်က ဆိုသည်။
အေအိုင်နည်းပညာကို သတင်းအချက်အလက်အမှားများ ၊ အလိမ်အညာများနှင့် ဂုဏ်သရေပျက်ပြားစေသည့်အရာများကိုဖြန့်ဝေရာတွင် အသုံးပြုနေမည့်အစား ဆေးဘက်ဆိုင်ရာသုတေသန ၊ ရောဂါတားဆီးကာကွယ်ရေးနှင့် စပိန်နိုင်ငံ မြို့ကြီးများတွင် ယာဉ်ကြောသွားလာမှု တိုးတက်ကောင်းမွန်စေရေးတို့အတွက် အေအိုင်ကို အသုံးပြုနိုင်ရန် အဆိုပါ ဥပဒေကြမ်းကို အဓိကဦးတည်ရေးဆွဲထားသည်ဟု လိုပက်ဇ်က ဆိုသည်။
ဥရောပသမဂ္ဂက အသစ်ထုတ်ပြန်ထားသည့် အေအိုင်ဆိုင်ရာနည်းဥပဒေကို လိုက်နာပြီး အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲထားသည်ဟု ၎င်းက ဆိုသည်။
ဥရောပသမဂ္ဂ၏ အေအိုင်ဆိုင်ရာ နည်းပဥပဒေသစ်က အန္တရာယ်များသည်ဟု ယူဆခံရသည့် အေအိုင်စနစ်များအတွက် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသည်။
အသုံးပြုသူများ၏ သဘောထားဆန္ဒမပါဘဲ ၎င်းတို့ သတိမပြုမိနိုင်သည့် ဓာတ်ပုံနှင့် အသံများဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခြယ်လှယ်မှုမျိုးကို အဆိုပါ ဥပဒေသစ်က တားမြစ်ပိတ်ပင်ထားသည်။
ဥပမာအားဖြင့် လောင်းကစားပြဿနာနှင့် ရင်ဆိုင်နေရသည့် အသုံးပြုသူများအား လောင်းကစားဝက်ဆိုဒ်များထဲသို့ ဝင်ကြည့်ရန် သွေးဆောင်တွန်းအားပေးခြင်းမျိုး ဖြစ်သည်။
သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြု၍ ၎င်းတို့၏ လူမျိုး ၊ နိုင်ငံရေးခံယူချက် ၊ ဘာသာရေး သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံ၍ အုပ်စုဖွဲ့ပေးခြင်းမျိုးကို အဆိုပါ ဥပဒေက တားမြစ်သည်။ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြု၍ လူတစ်ယောက်အား ရာဇဝတ်မှု ကျူးလွန်နိုင်ခြေရှိမရှိ ဆုံးဖြတ်ခြင်းမျိုးကိုလည်း တားမြစ်သည်။
စပိန်နိုင်ငံ၊ ကတ်တလန်ဒေသရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများအား ရာဇဝတ်မှု ထပ်မံကျူးလွန်နိုင်ခြေရှိမရှိ စစ်ဆေးရန် အသုံးပြုသည့် ကွန်ပျူတာစနစ်တစ်ခုကို အသုံးပြုလျက်ရှိသည်။
Source: Euro News